မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာပြောဆိုခွင့် အခြေအနေ အထူးစိုးရိမ်စရာကောင်းကြောင်း Pen America ပြော

2022.07.23
မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာပြောဆိုခွင့် အခြေအနေ အထူးစိုးရိမ်စရာကောင်းကြောင်း Pen America ပြော အမေရိကန် ကလောင်ရှင်များအသင်း Pen America ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆိုင်ရာ ညွှန်ကြားရေးမှူး Karin Deutsch Karlekar ကိုတွေ့ရစဉ်
Photo: Karin Deutsch Karlekar's Facebook

စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် မြန်မာနိုင်ငံမှာ လွတ်လပ်စွာပြောဆိုခွင့် အခြေအနေဟာ သိသိသာသာ ကျဆင်းလာခဲ့ပြီး လက်ရှိမှာ ပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်အခြေအနေတွေဟာ အတော့်ကို ဆိုးဆိုးဝါးဝါးဖြစ်လာနေတယ်လို့ အမေရိကန် ကလောင်ရှင်များအသင်း Pen America ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆိုင်ရာ ညွှန်ကြားရေးမှူး Karin Deutsch Karlekar က ပြောပါတယ်။

“စာရေးဆရာတွေ သတင်းသမားတွေ နိုင်ငံရေးလှုပ်ရှားသူတွေ လူ့အခွင့်အရေး လှုပ်ရှား သူတွေကို ဆက်တိုက် ဖမ်းဆီးနေတာတွေ တွေ့ရတယ် အာဏာသိမ်း ပြီးပြီးချင်းပဲ လူအများအပြား ဖမ်းဆီးခံခဲ့ရပြီး စံချိန်တင် ပြစ်ဒဏ်တွေချမှတ်ခံနေရတယ် ပိုပြီး စိုးရိမ်စရာကောင်းတာက သေဒဏ်အပြစ်ပေးဖို့ ပိုတိုးလုပ်လာတာတွေပဲ။ စာရေးဆရာတွေ အနုပညာရှင်တွေ အထူးသဖြင့် မကြာခင်ကဘဲ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို ကွပ်မျက်ဖို့ အတည်ပြုတာတွေကို အထူးပဲ စိုးရိမ်မိပါတယ်။ ပြည်သူ ရာထောင်ပေါင်းများစွာ ဖမ်းဆီးခံနေရ သလို နိုင်ငံအနှံ့က ပြည်သူ တစ်ဦးချင်းစီ အနေနဲ့လည်း လွတ်လပ်စွာပြောဆိုခွင့်တွေ ခြိမ်းခြောက်ခံနေရတယ် ပြည်သူတွေအနေနဲ့ လူ့အခွင့်အရေး အခြေအနေတွေ နိုင်ငံရေးအခြေအနေတွေ ပြောခွင့်မရလောက်အောင် အတော်ဆိုးနေတာ တွေ့ရတယ်”

အနုပညာရှင်တွေရဲ့ ပါဝင်မှုတွေက စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေတိုင်းမှာ သက်ရောက်မှုရှိတယ်၊ သူတို့ဟာ လူထုအပေါ် သြဇာလွမ်းမိုးမှုကြီးသူတွေ လူထုရဲ့ ချစ်ခင်လေးစားမှုကို ရရှိသူတွေဖြစ်တာကြောင့် စစ်အာဏာရှင်က သူတို့ကို ပစ်မှတ်ထား ဖမ်းဆီးတာဖြစ်တယ်၊ ပြီးခဲ့တဲ့နှစ် အာဏာသိမ်းတဲ့ညမှာပဲ စာပေ အနုပညာရှင် ၄-၅ ဦးလောက် ဖမ်းဆီးခံခဲ့ရတာကို တွေ့ရတယ်လို့ Ms Karlekar က ပြောပါတယ်။

“မြန်မာပြည်ရဲ့ နိုင်ငံရေးသမိုင်းကြောင်းကို ကြည့်မယ်ဆိုရင် ကာလကြာရှည်ထဲက အနုပညာရှင်တွေ စာရေး ဆရာတွေနဲ့ ဖန်တီးမှုအသိုင်းအဝိုင်းဟာ လွတ်လပ်စွာ ပြောဆိုခွင့်၊ ဒီမိုကရေစီရေးနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးတွေမှာ အဓိက ပါဝင်ခဲ့ ကြတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် စစ်အာဏာသိမ်းမှုမှာလည်း အာဏာရှင် ဆန့်ကျင်ရေးမှာ အနုပညာရှင်တွေရဲ့ ပါဝင်မှုက အတော်လေး ထိရောက်ခဲ့ပါတယ်။ ဒါကြောင့် စစ်အာဏာရှင်က ဖြိုခွဲတာ၊ အာဏာသိမ်းတဲ့နေ့မှာပဲ စာရေးဆရာတွေ အနုပညာရှင်တွေ အဖမ်းခံခဲ့ရပါတယ်။ အခု တစ်နှစ် ခွဲနီးပါးရှိလာတဲ့ အထိ ဖမ်းဆီးမှုတွေက ဆက်တိုက်ရှိနေတုန်းပဲ”

လက်ရှိမှာ စစ်ခေါင်းဆောင်တွေက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုတာတွေကို ဖိနှိပ်တာတင် မက ပုံနှိပ်ထုတ်ဝေရေးတွေမှာလည်း ပိတ်ပင်မှုတွေ ရှိလာတာကြောင့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေအပေါ် အထူး စိုးရိမ်မိတယ်လည်း Ms. Karin Karlekar က ပြောပါတယ်။

“Pen Amercia အနေနဲ့ ကမ္ဘာတစ်လွှားက စာရေးဆရာတွေ အနုပညာရှင်တွေရဲ့ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်တွေ ခြိမ်းခြောက်ခံနေရမှုကို အဓိကထား ဆောင်ရွက်တဲ့ အဖွဲ့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ မြန်မာဟာ ကမ္ဘာမှာ တတိယ အဆိုးရွားဆုံး စာရေးဆရာတွေ အနုပညာရှင်တွေကို ဖမ်းဆီးအကျဉ်းချတဲ့ နိုင်ငံ အဆင့်ထိ သိသိသာသာ ထိုးတက်သွားခဲ့တယ် ဒါ့အပြင် အင်တာနက် ပိတ်ပင်မှုတွေ ဆက်သွယ်ရေးဖြတ်တောက်မှုတွေနဲ့ ပုံနှိပ်ထုတ်ဝေရေးတွေကိုပါ ပိတ်ပင်လာတာကို တွေ့ရတယ် ဒါတွေဟာ မြန်မာပြည်သူတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်တွေ ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်ခံနေရတာတွေကို ကျမတို့ အတော့်ကို စိုးရိမ်ပါတယ်။ ကျမတို့အနေနဲ့ စာရေးဆရာ မောင်သာချို ဒါရိုက်တာမင်းထင်ကိုကိုကြီး ကိုဂျင်မီ ကိုဖြိုးဇေယျာသော် အပါအဝင် ဖမ်းဆီးခံနေရသူ အားလုံးကို လွှတ်ပေးဖို့ တောင်းဆို ချင်ပါတယ်။ ဖမ်းဆီးခံနေရတဲ့ စာရေးဆရာတွေ အနုပညာရှင်တွေ အမြန်ဆုံး လွတ်မြောက်ရေးနဲ့ သူတို့ဘေးကင်းလုံခြုံရေးအတွက် တောင်းဆိုလိုပါတယ်။”

အာဏာသိမ်းစစ်ကောင်စီက ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော် တို့ကို ကွပ်မျက်ဖို့ စီစဉ်နေတာဟာ မြန်မာပြည်တွင်း မငြိမ်သက်မှုတွေ ပဋိပက္ခတွေကို ပိုပြီးဆိုးဝါး လာစေနိုင်တာကြောင့် ဒီကွပ်မျက်မယ့် အစီအစဉ်ကို ရပ်ဆိုင်းဖို့ Pen America က တောင်းဆိုကြောင်းလည်း ပြောပါတယ်။

“သူတို့ကို မကွပ်မျက်ဖို့ နိုင်ငံတကာအစိုးရတွေ အနုပညာရှင်တွေ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုတောတွေ ရှိတယ်။ ဒီ့ထက် လူတွေများများ ထပ်ပြောကြမယ်ဆိုရင် သူတို့တွေ ကွပ်မျက်ခံရမှုကနေ ကင်းလွတ်နိုင်မယ်လို့ မြင်တယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒီလို ကွပ်မျက်မယ့် ကိစ္စမျိုးမလုပ်ဖို့ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဖော် ပြောဆိုဖို့အရေးကြီးပါတယ်။ ဆန္ဒပြဖို့လိုတယ် မြန်မာဟာ ကွပ်မျက်တဲ့ အစီအစဉ်ကို လွန်ခဲ့တဲ့ နှစ် ၃၀ လောက်တည်းက ရပ်ဆိုင်းထားတာ၊ ဒီလိုလုပ်ခြင်း အားဖြင့် အခြေအနေတွေကို ပိုဆိုးလာစေမယ်လို့မြင်တယ်၊ နိုင်ငံတကာ အစိုးရတွေ ပါလီမန်အမတ်တွေ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေ အားလုံးအတူ ပူးပေါင်းပြီး ဒီ ကွပ်မျက်မယ့်အစီအစဉ်ကို ရပ်ဆိုင်းဖို့ ထုတ်ဖော်ပြောဆိုဖို့ တိုက်တွန်းလိုပါတယ်။ ဒါ့အပြင် မီဒီယာတွေ ပိုပြီးအာရုံစိုက်မှုနဲ့ နိုင်ငံတကာရဲ့ လှုပ်ရှားမှုတွေ ပူးပေါင်းလုပ်မယ်ဆိုရင် သူတို့အတွက် လုံခြုံမှု ရနိုင်ပါမယ်။"

မြန်မာပြည်မှာ ပဋိပက္ခတွေချုပ်ငြိမ်းပြီးတိုင်းပြည် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက် နိုင်ရေးအတွက် ဘာတွေ အထူးလိုအပ်နေပါလဲ။ နိုင်ငံတကာအနေနဲ့ မြန်မာ့အရေးကို ဘယ်လို ကူညီဆောင်ရွက်သင့်ပါလဲလို့ Ms. Karin Karlekar ရဲ့ အမြင်ကို မေးကြည့်ပါတယ်။

“ မြန်မာနိုင်ငံက ပဋိပက္ခတွေအတွက် နိုင်ငံတကာက ကျယ်ကျယ်လောင်လောင် ထုတ်ဖော်ပြောဆိုဖို့ လိုသလို တချိန်တည်းမှာလည်း သံတမန်ရေးအရ နောက်ကွယ်က ဆောင်ရွက်ဖို့တွေလည်း အရေးကြီးပါတယ်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတချို့ အာဆီယံနိုင်ငံတွေ အနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင် နဲ့ ဆွေးနွေးဖို့ လိုပါတယ်။ စစ်ခေါင်းဆောင်တွေ အနေနဲ့ မြန်မာပြည်ကို အုပ်ချုပ်လို့ မရဘူးဆိုတာ ထင်ထင်ရှားရှားမြင်နေရတယ် မြန်မာပြည်သေူတွက သူတို့ကို လက်မခံဘူး မြန်မာပြည်အရေး ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေးအတွက် အားလုံးပူးပေါင်းဖို့လိုတယ် မြန်မာပြည် အမြန်ငြိမ်းချမ်းဖို့အတွက် နိုင်ငံတကာအစိုးရတွေ အနေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အရေးကြီးပါတယ်”

မြန်မာနိုင်ငံရဲ့ လက်ရှိ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အခြေအနေအပေါ် အမေရိကန် ကလောင်ရှင်များ အသင်း Pen America ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆိုင်ရာ ညွှန်ကြားရေးမှူး Karin Deutsch Karlekar ရဲ့ သုံးသပ်ချက်တွေကို ကြားခဲ့ရတာပါ။

မြန်မာနိုင်ငံမှာ စာရေးဆရာ၊ တတ်သိပညာရှင်နဲ့ ပညာတတ်တွေကို ဖမ်းဆီးအကျဥ်းချ ထားတာ စုစုပေါင်း ၂၆ ယောက်ရှိနေပြီး ဒါဟာ ကမ္ဘာမှာ တတိယဖမ်းဆီးမှု အများဆုံး ဖြစ်တယ်လို့ PEN America အဖွဲ့က ဧပြီ ၁၄ ရက် နေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်မှာ ဖမ်းဆီးမှု အများဆုံးလို့လည်း ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။