စစ်အာဏာသိမ်း သုံးနှစ်ပြည့် လူထုလှုပ်ရှားမှုမှာပါဝင်ဖို့ သပိတ်အင်အားစုတွေ နှိုးဆော်

RFA Burmese
2024.01.31

မနက်ဖြန် ဖေဖော်ဝါရီ ၁ ရက်နေ့ဟာ စစ်တပ်အာဏာသိမ်းတာ သုံးနှစ် ပြည့်တဲ့နေ့ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ နွေဦးတော်လှန်ရေး သုံးနှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ တော်လှန်ရေးအင်အားစုတွေက ကြေညာချက်ထုတ်ပြန်လိုက်ပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး အသံတိတ်သပိတ် Silence Strike နဲ့ အဖြူရောင်လှုပ်ရှားမှု White Campaign တွေကို တစ်နိုင်ငံလုံးအနှံ့ ဖော်ဆောင်ဖို့နဲ့ ပြည်သူတွေအနေနဲ့ ဒီလူထုလှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို လေယာဉ်ဆီရောင်းချတာတွေ ရပ်တန့်ဖို့နဲ့ စစ်ကောင်စီရဲ့ အထိုးကျွေးခံ ဘဝရောက်နေတဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုလှုံပြီး ပြည်သူနဲ့ ပူးပေါင်းကြဖို့ တော်လှန်ရေးအင်အားစုတွေက ဖိတ်ခေါ်လိုက်ပါတယ်။ လူထုလှုပ်ရှားမှု ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဒေါက်တာ တေဇာစန်းကို RFA သတင်းထောက် မထက်ထက် အိန္ဒြာအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ ပြည်သူ့နွေဦးတော်လှန်ရေး သုံးနှစ်ပြည့် လူထုတိုက်ပွဲခေါ်သံဆိုပြီး စာထုတ်ပြန်တာ တွေ့ရပါတယ်။ ဆိုတော့ ဒီတော်လှန်ရေး သုံးနှစ်ပြည့်မှာ ဆရာတို့ သပိတ်အင်အားစုတွေအနေနဲ့ ဘယ်လိုလှုပ်ရှားမှုတွေလုပ်ဖို့ ရည်ရွယ်ထားလဲရှင့်။ သုံးနှစ်ပြည့်ရဲ့ ရည်ရွယ်ချက် သိချင်ပါတယ်။

ဖြေ ။ ။ မနက်ဖြန် ဖေဖော်ဝါရီ ၁ ရက်နေ့ဆို ပြည်သူ့တော်လှန်ရေးကြီး သုံးနှစ် ပြည့်ပြီ။ သုံးနှစ်တာ တော်လှန်ခရီးကြမ်းကို ပြန်ကြည့်မယ်ဆိုရင် ပြည်သူရဲ့ တော်လှန်ရေးတာဝန်ထမ်းရွက်မှုသည် တော်လှန်ရေးရဲ့ သော့ချက်လို့ ပြောနိုင်ပါတယ်။ သုံးနှစ်ပြည့်တဲ့အချိန်မှာလည်း တော်လှန်တာဝန်တွေကို အစွမ်းကုန် ဆက်လက်ပြီးတော့ ထမ်းရွက်ကြဖို့ပဲဖြစ်တယ်။ ငါတို့က တော်လှန်ရေးကို ထောက်ခံပါတယ်ကွာဆိုတာထက် ပိုတဲ့ လက်တွေ့ ပူးပေါင်းပါဝင်မှုတွေနဲ့ အလုပ်နဲ့ သက်သေပြဖို့ပါ။ ဒီအတွက် လူထုလှုပ်ရှားမှုကြီး တစ်ခုကို တိုက်တွန်း နှိုးဆော်ထားတာ ဖြစ်ပါတယ်။

မေး ။ ။ အဲဒီနေ့မှာ အသံတိတ်သပိတ် Silence Strike နဲ့ အဖြူရောင်လှုပ်ရှားမှု White Campaign တို့ လုပ်ကြဖို့ တိုက်တွန်းတာလည်း တွေ့ရတယ်။ ဒါတွေကို ဘယ်လိုပုံစံ ဖော်ဆောင်သွားမှာပါလဲ။ ဒီသပိတ်တွေအကြောင်း အကျဥ်းရုံးရှင်းပြပေးပါ။

ဖြေ ။ ။ ဒီတော်လှန်ရေးကြီးကို ဆင်နွှဲကြတဲ့အခါမှာ တစ်ဖက်က စစ်ရေးတိုက်ပွဲ လက်နက်ကိုင်တိုက်ပွဲနဲ့အတူ လူထုတိုက်ပွဲ လူထုလှုပ်ရှားမှုတွေကို ဟန်ချက်ညီ မဟာဗျူဟာမြောက် ဖော်ဆောင်နေကြတာဖြစ်ပါတယ်။ ခု သုံးနှစ်ပြည့်လူထုတိုက်ပွဲအနေနဲ့ နံပါတ်တစ်ကတော့ အားလုံးသိပြီးသားဖြစ်တဲ့ ပြည်သူအားလုံး အပါဝင်နိုင်ဆုံး တိုက်ပွဲနည်းနာကြီးတစ်ခုဖြစ်တဲ့ အပြင်မထွက် အသံတိတ်သပိတ်လှုပ်ရှားမှုကြီးကို ဖော်ဆောင်ကြဖို့ ဖြစ်ပါတယ်။ အသံတိတ်သပိတ်ဟေ့ဆိုရင် တစ်ကမ္ဘာလုံးကတောင် မြန်မာပြည်သူလူထုရဲ့ တော်လှန်စိတ်တွေ စုစည်းညီညွတ်မှုတွေ ဇွဲသတ္တိတွေကို အံ့သြယူရတဲ့ တိုက်ပွဲနည်းနာလည်း ဖြစ်ပါတယ်။ကျေးလက်မှာပဲနေနေ မြို့ပြမှာပဲ နေနေ ပါဝင်နိုင်တဲ့ တိုက်ပွဲနည်းနာလည်း ဖြစ်ပါတယ်။ ရန်သူစစ်အုပ်စုကလည်း ဒူတုန်အောင်ကြောက်တဲ့ တိုက်ပွဲကြီးပေါ့ဗျာ။ ဒါကြောင့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မနက် ၁၀နာရီကနေ ညနေ ၄ နာရီအထိ အပြင်မထွက် အသံတိတ်သပိတ်ကြီးကို ဖော်ဆောင်ကြဖို့ဖြစ်ပါတယ်။ ဒုတိယတစ်ခုကလည်း အင်မတန် အရေးကြီးပါတယ်။ အဖြူရောင်လှုပ်ရှားမှုပါ။ အဓိကတောင်းဆိုတဲ့ သတင်းစကားပါးတဲ့ အချက်သုံးချက်ရှိပါတယ်။ နံပါတ်တစ်ကတော့ အခု စစ်ကောင်စီက မြေပြင်မှာ အရှုံးကြီးရှုံးတဲ့အခါမှာ အားသာချက်ဖြစ်တဲ့ လေကြောင်းကနေပြီး အရပ်သားပြည်သူတွေကို သတ်ဖြတ် ဗုံးကြဲနေတယ်။ ဒီအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီကို လေယာဥ်လောင်စာဆီ ရောင်းချပေးနေတာတွေ ရပ်ကြဖို့ အဖြူရောင်လှုပ်ရှားမှုနဲ့ တောင်းဆိုကြဖို့ပါ။ ဒုတိယတစ်ခုက ခုချိန်မှာ စစ်အုပ်စုက နိုင်ငံခြားငွေ အသဲအသန် လိုအပ်နေတယ်။ ဘဏ္ဍာရေး စစ်မျက်နှာ တိုက်ပွဲပေါ့ဗျာ။ခုပြည်ပကိုရောက်နေတဲ့ မြန်မာနိုင်ငံသားတွေဆီက အတင်းအဓမ္မ သွေးစွန်အခွန်တွေ ကောက်နေတာ တွေ့ရမှာပါ။ ဒီသွေးစွန်အခွန်တွေ မပေးဆောင်ကြဖို့ ကိုယ့်ပြည်သူအချင်းချင်း ကြားထဲမှာ ပြည်သူမှ ပြည်သူသို့ တိုက်တွန်း နှိုးဆော်ကြတာဖြစ်တယ်။ နောက်ဆုံး တတိယ အချက်အနေနဲ့ အဖြူရောင် လှုပ်ရှားမှုကြီးကနေ ရည်ရွယ်တာကတော့ စစ်အုပ်စုရဲ့ ထိုးကျွေးခံနေရ စတေးခံ ဘဝရောက်နေရတဲ့ မြေပြင်က တပ်မှူးတပ်သားတွေ ရှိပါတယ်။ တပ်မှူးတပ်သားတွေအနေနဲ့ အမြန်ဆုံးသာ ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ အဖြူရောင် လှုပ်ရှားမှုကြီးနဲ့ အတူတောင်းဆို သတင်းစကားပါးလိုက်တာ ဖြစ်တယ်။ ဒီရည်ရွယ်ချက်သုံးခုနဲ့ လှုပ်ရှားမှုကြီးကို ဖေဖော်ဝါရီ ၁ ရက်နေ့ တစ်ရက်တည်းမဟုတ်ဘဲ အပတ်စဥ် တနင်္လာနေ့တိုင်းဖော်ဆောင်ကြမှာ ဖြစ်တယ်။ ပြည်တွင်း ပြည်ပ ပူပေါင်းပြီး တိုက်ပွဲဝင်ကြမှာ ဖြစ်ပါတယ်။

မေး ။ ။ ပြည်သူတွေအနေနဲ့ ဒီအစီအစဉ်တွေမှာ ပါဝင်နိုင်ဖို့ဆိုရင် လက်ရှိ တိုင်းပြည်အခြေအနေအရ အခက်အခဲတွေ ရှိနိုင်မလား။

ဖြေ ။ ။ ဒါပေါ့ဗျာ။ တော်လှန်ရေး တစ်ရပ်မှာတော့ အခက်အခဲတွေ စိန်ခေါ်ချက်တွေရှိတာပေါ့။ အထူးသဖြင့် အကြမ်းဖက်စစ်တပ်သည် လူစိတ်မရှိ အင်မတန် ရက်စက်တယ်။ သူ့ကို ဆန့်ကျင်တော်လှန်သူမှန်သမျှကို သူစိုးမိုးနိုင်တဲ့ နေရာမှာတော့ အပြင်းထန်ဆုံး ရက်စက်ပြီး တော်လှန်ရေးကို ဖြိုခွင်းနေတာ အကြောက်တရား ဖိနှိပ်မှုနဲ့ လုပ်နေတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ သို့သော် အင်မတန် ဂုဏ်ယူစရာ တန်ဖိုးထားစရာ ကောင်းတာက ပြည်သူတွေပဲဗျ။ ဒီအကြောက်တရားတွေအောက်မှာ လုံးဝ သွေးအေးမသွားဘူး။ ဒီစစ်ဗျူရိုကရေစီဆိုးအောက်မှာ လုံးဝ အသားကျမသွားဘူး။ ဒါကြောင့် ပြည်သူကိုယုံလို့ ဒီတော်လှန်ရေးကို ဆင်နွှဲနေတာဖြစ်တယ်။ အပြည့်အဝယုံကြည်ပါတယ်။ ဒီအသံတိတ်သပိတ်ရော၊ အဖြူရောင်လှုပ်ရှားမှုရောမှာ ပြည်သူက ပညာသားပါပါနဲ့ အသိသတိနဲ့ ယှဥ်ပြီးတော့ပါကြမှာဗျ။ ပါဖို့လည်းကြိုးစားနေကြတယ်။ တစ်ဖက်မှာလည်း စစ်အုပ်စုက အဲဒီနေ့ရက်တွေမှာ မြို့တွေရွာတွေမှာ လူစည်အောင်လို့ မဖြစ်မနေ အပြင်ထွက်ရမယ်တို့၊ သူ့ကို ထောက်ခံတဲ့ သူတွေနဲ့ ပြည်သူကို အမိန့်ပေးတာတွေလုပ်နေတာပေါ့။ ဒါတွေက ဒင်းတို့ လုပ်ရိုးလုပ်စဥ်တွေပဲ။ သူတို့ မသိတာက တော်လှန်ပြည်သူတွေရဲ့စိတ်က ဖိလေ ကြွလေပဲ။ သူတို့ အကြောက်တရားနဲ့ အုပ်ချုပ်ဖို့ ကြိုးစားလေလေ ပြည်သူတွေရဲ့ စိတ်က ပိုပြီးနိုးကြားတက်ကြွလေလေဖြစ်တယ်။

မေး ။ ။ အခု သုံးနှစ်ပြည့်လာပြီဖြစ်တဲ့ နွေဦးတော်လှန်ရေး အရွေ့၊ လက်ရှိအခြေအနေအပေါ် ဆရာ့အနေနဲ့ ဘယ်လိုသုံးသပ်ချင်လဲ။

ဖြေ ။ ။ ဒီတော်လှန်ရေးကြီးစကာစ လွန်ခဲ့တဲ့ သုံးနှစ်အချိန်တုန်းက နိုင်ငံတကာက ထောက်ပြသူတချို့က ပြောခဲ့ကြတယ်။ စစ်တပ်သည် အင်မတန်မှ အင်အား တောင့်တင်းခိုင်မာတယ်။ ဒီလို စစ်အာဏာရှင်ကို တော်လှန်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုပြီးပြောကြ မြင်ကြတာရှိပါတယ်။ သို့သော် အခု သုံးနှစ်ပြည့်တဲ့အချိန်မှာ အဲဒီလိုပြောခဲ့တဲ့သူတွေတောင် အမြင်သဘောထားတွေပြောင်းကုန်ပြီ။ ဒီသုံးနှစ်ဖြတ်သန်းမှုကို ဘာကောက်ချက်ချလို့ရလဲဆိုတော့ ဒီအာဏာရှင်တွေက အနိုင်ယူဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ အချိန်သုံးနှစ်က သက်သေ ပြခဲ့ပြီးဖြစ်တယ်။ ရှေ့ဆက်သွားကြမယ့် သုံးနှစ်အလွန်ကာလမှာလည်း နိုင်ကိုနိုင်ရမယ်ဆိုတာ ထပ်လောင်း သက်သေပြရမယ့် အချိန်ပေါ့ဗျာ။ ကျွန်တော်တို့ရဲ့ ကြွေးကြော်သံကိုက အဆုံးသတ်အောင်ပွဲဆီကို လူထုရဲ့ လှိုင်းတွေနဲ့အတူ တပ်စုံဖွင့် ရွက်ကုန်လွှင့်ရမယ့် အချိန်ဖြစ်တယ်လို့ ရှုမြင်ပါတယ်။

RFA ။ ။ ဟုတ်ကဲ့ အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ဒေါက်တာ တေဇာစန်း ။ ။ ဟုတ်ကဲ့ ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ် ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။