၂၀၁၅ ရွေးကောက်ပွဲအတွက် ကျားခေါင်းပါတီ ပြင်ဆင်နေမှု ဦးစိုင်းလိတ်နဲ့ မေးမြန်းချက်
2014.12.11
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်း) ပါတီက ရှမ်းပြည်နယ်အတွင်းက မြို့နယ်အကုန်လုံးနဲ့ ကချင်၊ စစ်ကိုင်း၊ မန္တလေး ၊ ကယားပြည်နယ်တွေထဲက မဲဆန္ဒနယ် မြေတွေမှာပါ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ကျားခေါင်းပါတီက ပြောပါတယ်။
လက်ရှိ ရှမ်းပြည်နယ်အပါအဝင် ရှမ်းတိုင်းရင်းသားတွေ နေထိုင်ကြတဲ့ ဒေသတွေဆီစည်းရုံးရေးဆင်းနေတဲ့ ကျား ခေါင်းပါတီ တွဲဖက်အတွင်းရေးမှုး ဦးစိုင်းလိတ်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်း ထားပါတယ်။
ကိုကျော်သူ။ ။ဆရာ ဦးစိုင်းလိတ်ခင်ဗျား ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်း)ပါတီက လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက်ကို ပြင်ဆင်နေမှု နောက်ဆုံးအခြေအနေလေး ဘယ်လိုလဲဆိုတာ သိပါရစေဆရာ။
ဦးစိုင်းလိတ်။ ။ဒီရက်ပိုင်းအတွင်း ကျနော်တို့ စည်းရုံးရေးလူထုတွေ့ဆုံပွဲလေး ဆင်းလာရင်းနဲ့ လွှတ်တော် ဘက်မှာဖြစ်ပျက်နေတဲ့ အခြေအနေအကုန်လုံးကို စုခြုံသုံးသပ်ပြီးတော့ နောက်ဆုံးအခြေအနေနဲ့ပြောရရင်တော့ ရှမ်းပြည်နယ်တစ်ခုလုံးမှာရှိတဲ့ မဲဆန္ဒနယ်အကုန်လုံးကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ကျနော်တို့ ကြိုတင်ပြင် ဆင်နေပါပြီခင်ဗျ၊ ရှမ်းပြည်တင်မကပဲနဲ့ ဆိုင်းဘုတ်မတင်ရသေးတဲ့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကယားပြည်နယ် အစရှိတဲ့ ဒေသတွေမှာလည်း ရုံးခွဲတွေထပ်ဖွင့်သွားဖို့ ကျနော်တို့ ကြိုးစားနေပါတယ်၊ ရုံးဖွင့်ပြီးတာ နဲ့ ရွေးကောက်ပွဲလည်း အဆင်ပြေပြေဖြစ်လာတယ်ဆိုရင်တော့ အဲ့ဒီဒေသတွေပါ ဝင်ရောက်ယှဉ်ပြိုင် သွားနိုင်အောင် ကျနော်တို့ ကြိုးစားနေပါတယ်ခင်ဗျ။
ကိုကျော်သူ။ ။လောလောဆယ်ပေါ့လေ ဆရာတို့ပါတီဝင်အင်အား လက်ရှိမှာ ဘယ်လောက်များ ရှိနေပါပြီလဲခင်ဗျ။
ဦးစိုင်းလိတ်။ ။ဌါနချုပ်နဂိုရှိရင်စွဲ ဘယ်လောက်ရှိလဲတော့ မသိဘူးပေါ့နော်၊ လောလောဆယ် ကျနော်တို့ ခရီးထွက်လာတဲ့ ၁ဝ ရက် ၁၂ ရက်အတွင်းမှာတော့ ပါတီဝင်အင်အား ၂၈ဝဝ ကျော် ပြန်လည်ပြီးတော့ အသစ် လက်ခံရရှိပါတယ်။
ကိုကျော်သူ။ ။ပါတီဝင်အင်အား ဒီလိုမျိုးဝင်လာတဲ့ဥစ္စာက တခြားဘယ်ပါတီဘက်ကနေ ဘယ်လိုပြောင်းရွေ့လာတာလဲ အဲ့ဒါလေးလည်း တချက်လောက်ပြောပြပေးပါလား ဆရာ။
ဦးစိုင်းလိတ်။ ။ပထမ အများဆုံးကတော့ SNDP ကျားဖြူပါတီက ဝင်လာတာများတယ်၊ နောက် တန့်ယန်းဆိုလို့ရှိရင် ပြည်ခိုင်ဖြိုးကလည်း ဝင်လာတာရှိပါတယ်၊ နောက် နောင်ချိုနားတဝိုက်ကတော့ တ.စ.ည ပါတီကလည်း ဝင်လာရှိပါတယ်ခင်ဗျ။
ကိုကျော်သူ။ ။ရွေးကောက်ပွဲအတွက်ကို လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်များ လျာထားပြီးပါပြီလဲ ဆရာ။
ဦးစိုင်းလိတ်။ ။လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ထက်ကို ကျနော်က မဲဆန္ဒမြို့နယ်အလိုက် တွက်ကြည့်ပြီးရင်တော့ အနည်းဆုံးရှမ်းပြည်မှာ ၄ဝ ကျော် ဝင်ဖို့ကတော့ အဆင်အသင့်လုပ်ထားပြီး ဖြစ်ပါ တယ်ခင်ဗျ။
ကိုကျော်သူ။ ။လွှတ်တော်ကိုယ်စားလှယ်လောင်း အနေနဲ့ပေါ့ဆိုလို့ရှိရင် လျာထားတာမျိုးဆိုလို့ရှိရင် ဘယ်လောက်တောင်များရှိမလဲ ဆရာ။
ဦးစိုင်းလိတ်။ ။အနည်းဆုံး ၁၂ဝ ကျော်လောက်ရှိပါတယ်ခင်ဗျ။
ကိုကျော်သူ။ ။လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းသက်မှတ်ရာမှာဆိုရင်လည်း ရွေးကောက် ပွဲကော်မရှင်က သက်မှတ်တဲ့ပုံစံအတိုင်းပဲလား၊ ဒါမှမဟုတ် ဆရာတို့ပါတီရဲ့မူဝါဒအရဆိုလို့ရှိရင်ရော ဘယ်လို အရည်အချင်းမျိုးတွေနဲ့ ပြည့်မီတဲ့သူကို သက်မှတ်ထားလဲဆရာ အဲ့ဒါလေးလည်း ရှင်းပြပေးပါလား ဆရာ။
ဦးစိုင်းလိတ်။ ။အရည်အချင်းသက်မှတ်ချက် နေရာကတော့ ပြည်သူလူထုရဲ့ ရွေးချယ်တင်မြောက်မှုကို ကျနော် အဓိကထားပါတယ်၊ ကျနော် ပါတီမူဝါဒစည်းကမ်းကို လိုက်နာနိုင်တဲ့သူ ဖြစ်ရမယ်၊ ကျနော် ပါတီနိုင်ငံရေး လမ်းစဉ်ကို ယုံကြည်တဲ့သူဖြစ်ရမှာပေါ့၊ အဲ့နေရာမှာ အတန်းပညာ အရည်အချင်းထက်ကို အမျိုးသားရေးအတွက်၊ တိုင်းပြည်အတွက် ဘယ်လောက်ဆောင်ရွက်နိုင်တဲ့ အင်အားရှိမလဲ၊ ဘယ်လောက်အထိ စေတနာရှိမလဲဆိုတဲ့ အချက်ကို ကျနော်အဓိကထားပြီး ရွေးချယ်ပါတယ်ခင်ဗျ၊ ရွေးချယ်တဲ့နေရာမှာလည်းပဲ အောက်ခြေအဖွဲ့အစည်း ကနေ သူ့ဘာသာ ကျေးရွာကနေ ကျေးရွာအုပ်စု၊ တိုက်နယ် ပြီးတော့ မြို့နယ် အဲ့လိုအဆင့်ဆင့် မြို့နယ်က တင်မြောက်လာတဲ့အတိုင်းပဲ ကျနော်တို့က အသိအမှတ်ပြုပါတယ်၊ ကျနော်တို့ ဗဟိုကနေပြီးတော့ ဘယ်သူဘယ် ဝါတော့လုပ်ပါ၊ ဘယ်သူ့ကိုတော့ မရွေးချယ်ဘူး ဒီလိုပုံစံမျိုးလုံးဝမရှိပါဘူး။
ကိုကျော်သူ။ ။လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက်ကို ဆရာတို့ ကျားခေါင်းပါတီအနေနဲ့ပေါ့လေ ဘယ်လောက်ထိများ မျှော်လင့်ထားပါလဲ ဆရာ။
ဦးစိုင်းလိတ်။ ။ကျနော်တို့ကတော့ ပြည်သူလူထုရဲ့ လက်ရှိထောက်ခံအားပေးမှုအရဆိုရင် ကျနော်တို့ ရာနှုန်းပြည့်မဟုတ်တောင်မှ အများစုကိုအနိုင်ရရှိမယ်၊ လုံးဝယုံကြည်ထားတာကတော့ ကျနော်တို့ လုံးဝမရှှုံးနိုင် ဘူးပေါ့နော်၊ ဒီလောက်ထိပဲ ကျနော်တို့ မျှော်မှန်းပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ရွေးကောက်ပွဲလည်း ဝေးသေး တယ်၊ ပြီးတော့ လူထုတွေ့ဆုံပွဲကလည်း ရှမ်းပြည်တောင်ပိုင်းလောက်ပဲ ပြီးသေးတယ်ဆိုတော့ အလုံးစုံတော့ ကျနော်တို့ ခန့်မှန်းလို့မရသေးပါဘူး၊ ဒါပေမဲ့ အကောင်းဆုံးဖြစ်အောင်တော့ ကျနော်တို့ ကြိုတင်ပြင်ဆင်နေပါတယ် ဗျ၊ ကျနော်တို့ ရှမ်းတွေကြီးပဲနေတဲ့နေရာဆိုရင် အနည်းဆုံး ၈ မြို့နယ်ရှိတယ်၊ ဒီရှမ်းပြည်ပြင်ပပေါ့နော်၊ အဲ့ဒီနေ ရာတွေမှာ ဆိုင်ဘုတ်တင်နိုင်အောင် ကြိုးစားနေပါတယ်၊ ကယားပြည်နယ်ပါမယ်၊ ကချင်ပြည်နယ်ပါမယ်၊ မန္တလေးတိုင်းပါမယ်၊ စစ်ကိုင်းတိုင်းပါမယ်ခင်ဗျ။
ကိုကျော်သူ။ ။ပြည်သူ့လွှတ်တော်အတွက်ကို လျာထားတာမျိုး နောက်အမျိုးသား လွှတ်တော်အတွက် လျာထားတာမျိုး နောက်ပြည်နယ်တိုင်းဒေကြီးအတွက် ဒီလွှတ်တော်ကိုယ်စားလှယ်လောင်း တွေပေါ့လေ ဘယ်လိုများလျာထားသလဲ ဆရာ။
ဦးစိုင်းလိတ်။ ။အဲ့ဒါတော့ ကျနော်တို့ အတိအကျခွဲခြားထားတာ မရှိသေးဘူး၊ သက်မှတ်ထားတာ မရှိသေး ဘူး၊ လောလောဆယ်အနနဲ့ လွှတ်တော်ကိုစားလှယ်အဖြစ် ရွေးချယ်ခံနိုင်တဲ့ ပုဂ္ဂိုလ်များကို စုဆောင်းထားပါဆိုတဲ့ အဆင့်လောက်ပဲ ညွှန်ကြားထားပါသေးတယ်၊ အမျိုးသားအတွက် ပြည်သူ့လွှတ်တော်အတွက် ပြည်နယ်လွှတ်တော် အတွက် အဲ့လိုခွဲခြားပြီးတော့မှ ကျနော်တို့စိစစ်ခြင်း မပြုရသေးဘူးခင်ဗျ။
ကိုကျော်သူ။ ။ဆရာတို့ရဲ့ ပါတီရဲ့အဓိကမူဝါဒပေါ့လေ ဘာတွေကိုကိုင်စွဲပြီးတော့ ဒီလွှတ်တော်ထဲကို ဝင်ရောက်လာမလဲဆိုတာလေးလည်း သိပါရစေ ဆရာ။
ဦးစိုင်းလိတ်။ ။(၁) အချက် ကျနော်တို့ ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းမယ်၊ (၂) အချက်ကတော့ ကျနော်တို့ ဖွဲ့စည်းပံ အခြေခံဥပဒေ ပြန်လည်ပြင်ဆင်နိုင်အောင် အတက်နိုင်ဆုံးကြိုးပမ်းမယ်၊ (၃) အချက်ကတော့ တန်းတူညီညွတ်ရေးနဲ့ ကိုယ်ပိုင်ပြဌါန်ခွင့်ရှိတဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်အောင် ကျနော်တို့ ဥပဒေဘောင်အတွင်းကနေ၊ လွှတ်တော်တွင်းကနေ ကြိုးပမ်းဖို့ပြင်ဆင်ထားပါတယ်၊ အဲ့ဒီရည်ရွယ်ချက်အတိုင်းပဲ ကျနော်တို့ စည်းရုံးရေးဆင်းပါတယ်။
ကိုကျော်သူ။ ။ဆရာ ဦးစိုင်းလိတ် ခင်ဗျ၊ အခုလိုဖြေကြားပေးတဲ့အတွက် RFA က ကျေးဇူးအများကြီး တင်ပါတယ် ဆရာ။