ကော့ကရိတ်တိုက်ပွဲမှာ စစ်ကောင်စီတပ်တွေပစ်ခတ်မှုကြောင့် အရပ်သားတွေသေဆုံးဟု KNLA ပြောကြား

2022.10.23
ကော့ကရိတ်တိုက်ပွဲမှာ စစ်ကောင်စီတပ်တွေပစ်ခတ်မှုကြောင့် အရပ်သားတွေသေဆုံးဟု KNLA ပြောကြား KNLA တပ်မဟာ ၆ နယ်မြေ တပ်ရင်း ၂၇ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး စောရန်နိုင်အား တွေ့ရစဉ်။
Photo: Citizen Journalist

အောက်တိုဘာ ၂၁ ရက်နေ့မှာ KNLA နဲ့ PDF တပ်ဖွဲ့တွေက ကရင်ပြည်နယ် ကော့ကရိတ် မြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဟာ မြို့သိမ်းတိုက်ပွဲမဟုတ်ဘဲ တခြားရည်မှန်းချက် တစ်ခုနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အောင်မြင်စွာ ရုပ်သိမ်းခဲ့တာလို့ ဒီတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ KNLA တပ်မဟာ ၆ နယ်မြေ တပ်ရင်း ၂၇ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး စောရန်နိုင်က RFA ကို ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် မိမိတို့အနေနဲ့ အရပ်သားလူနေမှု အနည်းဆုံးနေရာတွေကို ရွေးချယ်တိုက်ခိုက်ခဲ့ တာဖြစ်ပြီး တိုက်ပွဲကာလအတွင်း အရပ်သားပြည်သူတွေ သေဆုံးတာဟာ စစ်ကောင်စီ တပ်တွေရဲ့ ပစ်ခတ်မှုကြောင့်ဖြစ်ကြောင်း၊ ဖေ့စ်ဘွတ်ခ်မှာ တိုက်ပွဲသတင်းတွေကို အလျင်စလိုတင်ပြမှုတွေကြောင့် စစ်ဆင်ရေးမှာ နစ်နာထိခိုက်မှုရှိကြောင်း၊ PDF တွေရဲ့ တိုက်ခိုက်စွမ်းရည်တိုးတက်နေချိန်မှာ စစ်ကောင်စီ တပ်ဖွဲ့တွေရဲ့ စွမ်းရည်ကတော့ အလွန်ကျဆင်းနေပြီး လက်နက်ချသူတွေများတဲ့အတွက် KNLA အနေနဲ့ သူတို့ကို လက်ခံဖို့ပင် အခက်အခဲတွေ့နေကြောင်း စသဖြင့်လည်း သူက ပြောကြားခဲ့ပါတယ်။ KNLA တပ်မဟာ ၆ နယ်မြေ တပ်ရင်း ၂၇ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စောရန်နိုင်ကို RFA က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ဗိုလ်မှူးကြီး စောရန်နိုင်ခင်ဗျ၊ ကော့ကရိတ်တိုက်ပွဲကို ဘယ်လိုရည်မှန်းချက်နဲ့ ဆင်နွဲခဲ့တာလဲ
ရှင်းပြပေးပါခင်ဗျ။

ဖြေ။ ။ ကော့ကရိတ်တိုက်ပွဲကတော့ ကျနော်တို့ ဆောင်ရွက်ရတဲ့ အနေအထားက နွေဦး တော်လှန်ရေး ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ကော့ကရိတ်တောင်ပိုင်းဒေသထဲကို စစ်ကောင်စီ တပ်တွေကနေပြီးတော့ ဝင်ရောက်တပ်စွဲထားတာ လပေါင်းအတော်ကြာနေပြီဖြစ်တယ်၊ အဲလို လပေါင်းအတော်ကြာတပ်စွဲတဲ့အပေါ်မှာ ကျနော်တို့ ဒေသခံ ပြည်သူလူထုတွေက နေအိမ်ကိုစွန့်ခွာပြီးတော့မှ တခြားဒေသတွေကိုလိုက်ပြီး နေထိုင်ရတာရှိတယ်၊ အဲဒီ အပေါ်မှာ ကျနော်တို့ တပ်မဟာ ၆ ဒူးပလယာခရိုင်ကနေပြီးတော့ ထုတ်ပြန်ကြေညာချက် တစ်စောင်ကို ထုတ်ခဲ့ပါတယ်၊ ဒီတောင်ပိုင်းထဲမှာ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်တွေကို ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ တောင်းဆိုခဲ့မှုကို လိုက်ပါဆောင်ရွက်ခြင်း မရှိတဲ့အပြင် တပ်ကို တိုးချဲ့တာအပြင် အခုချိန်ထိ ကော့ကရိတ်ကို တိုက်ပွဲမစခင်ကာလ အထိက သူတို့ တပ်စွဲထားတယ်။ ကော့ကရိတ်ကတော့ ပြောရမယ်ဆိုရင် ကျနော်တို့ မြို့သိမ်းတိုက်ပွဲ ပုံစံတော့ ဆောင်ရွက်ခဲ့တာတော့ မဟုတ်ပါဘူး။ ၁၇၊ ၁၈၊ ၁၉ ပတ်ဝန်းကျင် မှာ ကျနော်တို့ အာရှလမ်းမကြီးပေါ်မှာ ယာဉ်သွားလာမှုကို ခဏ နှစ်ရက်ပေါ့နော် ၁၈၊ ၁၉ ထိ ခေတ္တပိတ်ထားပြီးတော့ ၁၉ မှာ ပြန်လည်သွားလာဖို့အတွက် ခွင့်ပြုပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ခွင့်ပြုပေမယ့် စစ်ကောင်စီဘက်ကပြန်လည် ပိတ်ဆို့ပြီးတော့မှ ကျနော်တို့ လမ်းကြောင်းပိတ်ဆို့ထားတဲ့ အဖွဲ့တွေကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်တဲ့အပေါ်မှာ ကျနော်တို့က တစ်ဘက်ကို စစ်မျက်နှာဖိနေတဲ့အပေါ်မှာ နောက်စစ်မျက်နှာတစ်ခုကို ဝင်ပြီးတော့ တိုက်ခိုက်တဲ့ပုံစံအရ ကျနော်တို့ တစ်ဘက်ကို ဖိတဲ့အပေါ်မှာ တစ်ဘက်အားလျော့သွားအောင် ဆောင်ရွက်တဲ့ သဘောမျိုးနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မေး။ ။ ကော့ကရိတ်တိုက်ပွဲရဲ့ အခုနောက်ဆုံး အခြေအနေက ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ အဲဒီလို ဝင်ရောက်တိုက်ခိုက်လိုက်တဲ့အတွက် ကျနော်တို့ ရည်မှန်းချက်ဖြစ်တဲ့ ကော့ကရိတ်တောင်ပိုင်းမှာ တပ်စွဲထားတဲ့ တပ်တွေအားလုံးက သူတို့ရဲ့ လုံခြုံရေးကို စိုးရိမ်ပြီး ပြန်လည်ဆုတ်ခွာသွားရတာဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ မူလရည်မှန်းချက်ကို ရောက်ရှိတဲ့ အနေအထားဖြစ်တဲ့အပေါ်မှာ ကျနော်တို့ တပ်တွေအားလုံး မနေ့ကတည်းက မြို့ထဲကနေ ပြန်ဆုတ်ခွာပြီးတော့ လုံခြုံစိတ်ချရတဲ့ နေရာတွေကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

မေး။ ။ ဒီတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုက ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ရန်သူဘက်က ထိခိုက်ကျဆုံးမှု အတိအကျ စာရင်းကိုတော့ ကျနော်တို့ မရရှိဘူး။ ဒါပေမဲ့ ပထမဦးဆုံး ကော့ကရိတ်ကို ဝင်ရောက်တဲ့အချိန်မှာ နှစ်ဘက် ကော့ကရိတ်ရဲ့ တောင်ဘက်ခြမ်းနဲ့ မြောက်ဘက်ခြမ်းကနေ ဝင်ရောက်တိုက်ခိုက်တာဖြစ်တဲ့ အတွက်ကြောင့် မြောက်ဘက်ခြမ်းကို ဝင်ရောက်တိုက်ခိုက်တာနဲ့ တပြိုင်နက်တည်းမှာ တာဝါတိုင်ကုန်းမှာရှိတဲ့ ရန်သူရဲ့ တာဝါတိုင် လုံခြုံရေးကို ကျနော်တို့ ချေမှုန်းနိုင်ခဲ့ပြီးတော့ ရန်သူဆီက လက်နက် သုံးလက် ကျနော်တို့ သိမ်းဆည်းရမိခဲ့တယ်။ တိုက်ပွဲဖြစ်ရာ နေရာအားလုံးရဲ့ ရန်သူထိခိုက်မှုကိုတော့ စုံစမ်းဆဲပဲဖြစ်ပါတယ်။ ကျနော်တို့ဘက်က တစ်ဦးကျဆုံးပါတယ် သုံးဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပါတယ်ဗျ။

မေး။ ။ အရပ်သားပြည်သူတချို့ သေကြေထိခိုက်မှုက ဘယ်အဖွဲ့အစည်းရဲ့ ပစ်ခတ်မှုကြောင့်လဲခင်ဗျ။

ဖြေ။ ။ အရပ်သား သေဆုံးမှုကတော့ ရန်သူကနေ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ် မှုကြောင့် လက်နက်ကြီးထိပြီး ကျဆုံးတာဖြစ်ပါတယ်။

မေး။ ။ KNLA တပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့်ရော မဖြစ်နိုင်ဘူးလားခင်ဗျ။

ဖြေ။ ။ မဟုတ်ပါဘူး ဘာဖြစ်လို့လဲဆိုလို့ရှိရင် ကျနော်တို့က ကော့ကရိတ်ကို ဝင်ရောက် တိုက်ခိုက်တဲ့နေရာမှာ မြောက်ဘက်ကဝင်ရောက်လာတဲ့ အဖွဲ့ဟာ အရပ်သား အနည်းဆုံး နေရာဖြစ်တဲ့ တာဝါတိုင်ကုန်းမှာ အရပ်သားနေတာ မရှိပါဘူး။ တာဝါတိုင်ကုန်းရဲ့ အနောက်ဘက်ကို ကြည့်မယ်ဆိုရင် ရဲစခန်းနဲ့ ဌာနဆိုင်ရာ အိမ်ယာတွေပဲရှိပါတယ်။ မြောက်ဘက်ကို ပြန်ကြည့်မယ်ဆိုရင် စုပေါင်းရုံးကြီးပဲရှိပါတယ်။ အခုလက်နက်ကြီး ထိခိုက်တဲ့ နေရာက ခင်တင်းဘူ ရွာဆိုတာက ဟိုးရဲစခန်းကို ကျော်ပြီးတော့ တော်တော်အလှမ်းဝေးတဲ့ နေရာကိုရောက်ပါတယ်။ ကျနော်တို့ ရွေးချယ်ထားတဲ့ စစ်မျက်နှာက လူအနည်းဆုံးနေရာဖြစ်ပါတယ်ခင်ဗျ။

မေး။ ။ စစ်ဆင်ရေးသတင်းတွေကို ဖေ့စ်ဘွတ်ခ်မှာ တင်ပြပြောဆိုကြတာကြောင့် ထိခိုက်နစ်နာမှု ရှိတယ်ဆိုတာ ဟုတ်ပါသလား။

ဖြေ။ ။ ဟုတ်ပါတယ်ဗျ။ အဲဒါကိုလည်း ကျနော်တို့ ညွှန်ကြားချက်တွေ အထပ်ထပ်ပေးပြီး တော့မှ စစ်ဆင်ရေး ဆောင်ရွက်နေတဲ့အချိန်မှာ ဒီတိုက်ပွဲ သတင်းတွေကို အချိန်နဲ့ တပြေးညီဆိုပြီး ဦးပြီးတော့ တင်ပြစရာလည်း မလိုသလို ပြည်သူလူထုကို မမှန်သတင်း မပေးဖို့ ညွှန်ကြားချက်တွေ ရှိပါတယ်။ ဒါပေမဲ့ အဖွဲ့တွေကလည်း များတဲ့အခါကျတော့ တချို့ကလေးတွေက ပေါ်ပြူလာဖြစ်ပေါ်ချင်မှုလည်း ပါတယ်၊ စိတ်ခံစားမှုလည်း ပါပြီးတော့မှ လူထုကို အားဖြစ်စေချင်တဲ့ ဆန္ဒတွေနဲ့လည်း လုပ်ဆောင်နေတဲ့အပေါ်မှာ တစ်ခါတလေ မြေပြင်ဆောင်ရွက်မှုတွေမှာတော့ fb တင်ပြမှုတွေက ထိခိုက်မှုရှိပါတယ်။ကျနော်တို့လည်း အတတ်နိုင်ဆုံး ညွှန်ကြားချက်တွေထုတ်ပြီး တားဆီးနေတာတွေ ရှိတယ်၊ ဒါပေမဲ့ ရဲဘော်တွေကလည်းများတော့ တစ်နေရာမဟုတ် တစ်နေရာ ဖြစ်နေမှုတွေကတော့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ ဒါတွေကိုလည်း ကျနော်တို့ တောက်လျှောက်ညွှန်ကြားနေ ပါတယ်။

မေး။ ။ PDF တွေရဲ့ လက်ရှိအရည်အချင်းကိုရော ဗိုလ်မှူးကြီး ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ PDF ကလေးတွေကတော့ သူတို့မှာ စိတ်ခံစားမှု ပြင်းထန်တယ်၊ တိုက်ရဲခိုက်ရဲတဲ့ သတ္တိတွေရှိတယ် ဒါပေမဲ့ လုံလောက်တဲ့ စစ်ရေးအတွေ့အကြုံတွေ၊ သင်တန်းတွေ စနစ် တကျ သေချာလေ့ကျင့်သင်တန်းမရှိတဲ့အပေါ်မှာတော့ ဝိုင်းပြီးထိန်းပေးရတဲ့ အနေ အထားတော့ ရှိပါတယ်။ ဒါပေမဲ့ ပြောရမယ်ဆိုရင်တော့ တချို့တွေလည်း တော်တော်လည်း အတွေ့အကြုံတွေရှိလာပြီလို့ ပြောလို့ရပါတယ်။ များသောအားဖြင့်တော့ ဆောင်ရွက်နေတဲ့ အခါမှာ လုပ်နိုင်ကိုင်နိုင်တဲ့ အနေအထားတွေ ရှိပါတယ်။ အရည်အချင်းတွေတက်လာပြီလို့ သုံးသပ်လို့ရပါတယ်ခင်ဗျ။

မေး။ ။ ကရင်ပြည်နယ်အတွင်း KNLA နဲ့ တခြားတော်လှန်ရေးအဖွဲ့တွေရဲ့ လက်ရှိပူးပေါင်းမှု ကရော ဘယ်လိုရှိသလဲခင်ဗျ။

ဖြေ။ ။ မြေပြင်မှာကတော့ ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းမယ်ဆိုတဲ့ သံဓိဌာန်နဲ့ ဆောင်ရွက်နေတဲ့အပေါ်မှာ ကျနော်တို့ ရန်သူကိုတိုက်တဲ့ အဖွဲ့တွေအချင်းချင်း အောက်ခြေမှာတော့ ပူးပေါင်းဆောင်ရွက်မှုတွေက အားလုံးကောင်းပါတယ်ခင်ဗျ။

မေး။ ။ စကစ တပ်တွေရဲ့ တိုက်ခိုက်စွမ်းရည်ကို ဘယ်လိုမြင်သလဲ။

ဖြေ။ ။ ကျနော့်အတွေ့အကြုံအရဆိုရင် ကျနော်တို့လည်း တောက်လျှောက်ဖြတ်သန်းခဲ့ရတဲ့ အပေါ်မှာ ကျနော်တို့ အရင်ကတိုက်ခဲ့ရတဲ့ စစ်ကောင်စီတပ်တွေနဲ့ လက်ရှိတပ်တွေကတော့ ဆီနဲ့ ရေလို ကွာနေပြီလို့ ကျနော်ပြောမယ်။ စိတ်ဓာတ်အားဖြင့်လည်း မရှိတော့ဘူး၊ သူတို့မှာ တိုက်ရည်ခိုက်ရည်ကဆိုလည်း ရှေ့ကိုသွားဖို့ထက် နောက်ကိုဆုတ်ဖို့နဲ့ ပြေးဖို့လောက်ပဲ စဉ်းစားနေတဲ့ အနေအထားမျိုး မြင်တွေ့နေရတာဖြစ်တယ်။ လက်ရှိ အခြေအနေပါ။ ကျနော်တို့ဆီမှာ တောက်လျှောက်ရှေ့တန်းကနေ ထွက်ပြေးလာတဲ့ ရဲဘော်တွေ အများကြီးပဲ ကျနော်တို့ လက်ခံထိန်းသိမ်းဖို့တောင် ကျနော်တို့မှာ အခက်အခဲတွေ ရင်ဆိုင်နေရတာ အများကြီးရှိတယ်။ သူတို့တွေရဲ့ ပြောပြချက်အရ သူတို့တွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာဟာလည်း လုံးဝယိုယွင်းပျက်စီးနေပြီဖြစ်တာကိုတော့ မြင်နေရပါတယ်။

မေး။ ။ တော်လှန်ရေးရဲ့ လက်ရှိအနေအထားကို ဗိုလ်မှူးကြီး ဘယ်လိုသုံးသပ်သလဲ ခင်ဗျ။

ဖြေ။ ။ လက်ရှိတော်လှန်ရေးရဲ့ အနေအထားကို ကျနော် သုံးသပ်ရမယ်ဆိုရင် ကျနော်တို့ ဒီပွဲ နိုင်ကိုနိုင်မယ်လို့ ကျနော် ယုံကြည်တယ်၊ ဒါပေမဲ့ တစ်ခုရှိတာကတော့ ပါဝင်ပတ်သက် နေကြရတဲ့ အဖွဲ့အစည်းတွေ အားလုံးက ခေါင်းဆောင်တွေ အားလုံးက ညှိညှိနှိုင်းနှိုင်း ကောင်းကောင်းမွန်မွန် ပံ့ပို့းပြီးတော့မှ ညီညီညွတ်ညွတ် ဆောင်ရွက်မယ်ဆိုရင် ဒီပွဲက မနိုင်စရာမရှိဘူးလို့ ကျနော် မြင်ပါတယ် ခင်ဗျ။

မေး။ ။ ပြည်သူတွေကို ဘာများပြောလိုပါသေးလဲ ခင်ဗျ။

ဖြေ။ ။ ကျနော့် အနေနဲ့ ပြောချင်တာကတော့ ကျနော်တို့ ပြည်သူတွေ စိတ်ဓာတ်မကျပါနဲ့ ကျနော်တို့ နိုင်မှာဖြစ်တယ်၊ တကယ်လည်းရုန်းပြီး လှုပ်ရှားပေးနေတဲ့ ပြည်သူတွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်၊ ဒီကြားထဲမှာ တချို့ စစ်ကောင်စီကို နိုင်မှနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ စစ်ကောင်စီက နိုင်သွားခဲ့ရင် ငါတို့အခြေအနေ ဆိုးသွားမလားဆိုတဲ့ စိုးရိမ်မှုတွေနဲ့ ခြံစည်းရိုး ခွထိုင်နေတဲ့ အလုပ်တွေကို မလုပ်တော့ဘဲ ပြတ်ပြတ်သားသား ဝိုင်းဝန်းပြီးကူညီပေးဖို့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံချင်တယ်၊ အဲဒီလို ရပ်တည်လိုက်မယ် ဆိုလို့ရှိရင် ကျနော်တို့ မျှော်မှန်းထားတဲ့ အောင်ပွဲက ဒီ့ထက် ပိုမြန်သွားမယ်လို့ ကျနော် ပြောချင်ပါတယ်။ ဒါကြောင့် ပြည်သူလူထုကို မဝေဝါးပါနဲ့ သူ့ရဲ့ ဒီခြိမ်းခြောက်မှုတွေဖြစ်တဲ့ ဒီလေယာဉ်တွေ၊ လက်နက်ကြီးတွေက ကျနော်တို့ကို ထိရောက်စွာချေမှုန်းနိုင်တဲ့ အနေအထားမရှိဘူး၊ ဒါကြောင့်မို့ နိုင်ကို နိုင်မှာဖြစ်တယ်။ သူဒီယန္တရားတွေနဲ့ပဲ လိုက်ပြီး ခြိမ်းခြောက်ပြီးတော့မှ လူထုတွေက လေယာဉ်ပျံတွေ ကြောက်ရွံ့ပြီးတော့မှ သူတို့ နိုင်မလားဆိုတဲ့ စိုးရိမ်မှုတွေရှိမယ်ဆိုရင် သူတို့ မနိုင်ဘူးဆိုတာကို ကျနော် ဒီကနေ မက်ဆေ့ပေးချင်ပါတယ်ခင်ဗျ။ ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။