ကုလားတန်မြစ်ဘေးက ဈေးဆိုင်ခန်း တစ်ရာကျော်ကို ဖယ်ရှားခိုင်းနေတဲ့အကြောင်း မေးမြန်းချက်


2014.12.13

ရခိုင်ပြည်နယ် ကျောက်တော်မြို့ ကုလားတန်မြစ်ဘေးက ဈေးဆိုင်ခန်း တစ်ရာကျော်ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဒီဇင်ဘာလ ၇ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားခိုင်းနေတယ်လို့ ဆိုင်ခန်းပိုင်ရှင်တွေက ပြောပါတယ်။

ဆိုင်ခန်းပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဒေါ်လှမေကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားပါတယ်။

ဆိုင်ခန်းပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဒေါ်လှမေနဲ့ မေးမြန်းချက်အပြည့်အစုံ

ကိုကျော်သူ။   ။ ဒေါ်လှမေ ကျောက်တော်ဘက်မှာ ကုလားတန်မြစ်ဘေးမှာရှိတဲ့ ဆိုင်ခန်းတွေ ဖျက်သိမ်းခံရတယ်လို့ သိရလို့ပါ၊ အခြေအနေ ဘယ်လိုများရှိပါလဲဗျ၊

ဒေါ်လှမေ။   ။ ဟုတ်ကဲ့ပါရှင့်၊ အဲ့ဒီ ကုလားတန်မြစ်ဘေးမှာ ဆိုင်ခန်း ၁၂၀ ကျော်ရှိပါတယ်၊ အဲ့ဒီ ၁၂၀ ကျော်ဆိုင်ခန်းကို သူတို့က ဖြိုပေးပါ၊ မဖြိုပေးရင် တရားစွဲမယ်ဆိုပြီးတော့ စည်ပင်က ဦးစီးက စာထုတ်ပါတယ်ရှင်၊ အဲ့ချိန်မှာ ကျမတို့ပြည်သူတွေကပြောပြပါတယ်၊ ကျမတို့တွေက ဒီဈေးဆိုင်လေးရောင်းပြီး သားသမီးတွေ၊ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးကို ဒီနေရာကပဲ လုပ်ကိုင်စားသောက်နေတာဖြစ်ပါတယ်၊ ကျမတို့ကို ဒီဆိုင်ကိုပိတ်ခိုင်းမယ်ဆိုရင် ကျမတို့ မိသားစုရဲ့စားဝတ်နေရေး ဘဝတွေက အင်မတန်မှဆိုးရွားသွားမှာဖြစ်ပါတယ်၊ ဒုက္ခအကြီးအကျယ်ရောက်သွားနိုင်ပါတယ်၊ ဒုက္ခသည်ဘဝရောက်သွားမှာ အင်မတန်စိုးရိမ်ကြပါတယ်၊ ကျမတို့ကို ကူညီပါ၊ ကျမတို့လိုဆင်းရဲတဲ့လူကို အစိုးရအနေနဲ့ စောင့်ရှောက်ပေးဖို့ တောင်းဆိုချင်ပါတယ်။

ကိုကျော်သူ။   ။ ဒေါ်လှမေခင်ဗျား၊ စည်ပင်ကနေပြီးတော့ ဆိုင်ခန်းတွေဖယ်ရှားခိုင်းဖို့ စာထုတ်တယ်ဆိုတာ ဘယ်နေ့ကစပြီးစာထုတ်တာလဲ ခင်ဗျား၊ ပြီးတော့လဲ ဒီဆိုင်ခန်းတွေကို ဘယ်နေ့နောက်ဆုံးဖျက်သိမ်းပေးရမယ်လို့ ပါလဲဗျ၊

ဒေါ်လှမေ။   ။ ဟုတ်ကဲ့ပါရှင့်၊ ဒီဇင်ဘာလ ၇ ရက်နေ့နောက်ဆုံးဖျက်သိမ်းရမယ်လို့ ပါပါတယ်၊ အဲ့ဒါသူတို့ပြောတာက ဝန်ကြီးချုပ်ရဲ့လမ်းညွှန်မှုလို့ပြောပါတယ်၊ စာထဲမှာ အဲ့လိုပါပါတယ်ရှင့်၊

ကိုကျော်သူ။   ။ ဆိုင်ခန်းပေါင်း ၁၂၀ ကျော်ကိုဖျက်ခိုင်းတယ်ဆိုတော့ သူတို့က ဘယ်လိုအကြောင်းပြချက်မျိုးနဲ့ ဖျက်ခိုင်းတာလဲဗျ၊

ဒေါ်လှမေ။   ။ ဘာမှတော့ အကြောင်းပြချက်မရှိပါဘူး၊ ဆိပ်ကမ်းသာလှပရေးလို့ပြောပါတယ်၊ စီမံချက်တော့ တစ်ခုမှ မတွေ့ပါဘူး၊ သူတို့ကတော့ ဆိပ်ကမ်းသာလှပအောင်လုပ်မယ်၊ ဘယ်တော့လုပ်မယ်ဆိုတာတော့ မပြောပါဘူးရှင့်။

ကိုကျော်သူ။   ။ ဒီကုလားတန်မြစ်ဘေးမှာရှိတဲ့ ဆိုင်ခန်းတွေက ဘယ်တုန်းထဲက တည်ထားတာလဲဗျ

ဒေါ်လှမေ။   ။ ကျမသိတာတော့ ကျမ အသက် ၅၆ နှစ်ရှိပါပြီရှင့်၊ ဈေးရောင်းစားတဲ့ လူထဲမှာ အနှစ် ၃၀ ရောင်းစားတဲ့လူလဲရှိပါတယ်၊ အနှစ် ၂၀ ရောင်းစားတဲ့လူလဲရှိပါတယ်ရှင့်၊ ကျမဆိုရင် အဲ့ဒီ ဈေးထဲမှာနေတာ အနှစ် ၃၀ ရှိပါပြီ၊ တပ်မတော်က အုပ်ချုပ်တဲ့ခေတ်ပေါ့နော်၊ အဲ့ချိန်မှာ တပ်မတော်က ဗျူဟာမှူးရယ်၊ မြို့နယ်မယကရယ်၊ မြို့နယ်စည်ပင်ဥက္ကဌရယ် အကုန်လုံးဌာနဆိုင်ရာတွေ ချပေးထားတဲ့ နေရာဖြစ်ပါတယ်ရှင့်

ကိုကျော်သူ။   ။ ဒါဆိုရင် ဒီဆိုင်ခန်းတွေက အခွန်တွေဘာတွေများ ပေးချေထားပြီးသားလားဗျ

ဒေါ်လှမေ။   ။ ရှိပါတယ်ရှင့်၊ ကျမတို့ စည်ပင်ခွန်ကို နှစ်စဉ်ရှင်းရပါတယ်ရှင့်၊ ၁ နှစ်ကို ၁သောင်းနဲ့ ၂ သောင်းသွင်းရပါတယ်ရှင့်

ကိုကျော်သူ။   ။ တစ်ကယ်လို့ ဒီဆိုင်တွေကို ဖယ်ရှားပေးရမယ်ဆိုရင် ရှေ့ဆက်ပြီးတော့များ ဘယ်လိုလုပ်မယ်လို့ ဒေါ်လှမေတို့ စီစဉ်ထားလဲဗျ

ဒေါ်လှမေ။   ။ ကျမတို့က ဒီဆိုင်ခန်းကို တစ်နေ့မှာ ပစ်စလစ်ခတ်ဖြိုလိုက်မယ်ဆိုရင် ကျမတို့ပြည်သူတွေ တအားနစ်နာတဲ့ အတွက်ကြောင့် နိုင်ငံတော်အစိုးရကို တောင်းဆိုသွားမှာဖြစ်ပါတယ်ရှင့်၊ ကျမတို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ဒါကို ကျမတို့ဆွေးနွေးဖြစ်ပါတယ်ရှင့်၊ အဲ့ချိန်မှာ အရပ်ဘက်အဖွဲ့အစည်းတွေကလဲ ကာယကံရှင်ပြည်သူတွေအနေနဲ့လဲ ကျမတို့အစိုးရဆီ တရားဝင်စာတင်ပါမယ်ရှင့်၊ အသနားခံစာတင်ပါမယ်၊ တကယ်လို့သာ ဆိပ်ကမ်းသာယာလှပအောင် လုပ်ချင်တယ်ဆိုရင် ကျမတို့ကို အဆောက်အဦးတွေအစိုးရက ဆောက်ပေးပြီးတော့ အရစ်ကျပေးချေတဲ့ စနစ်နဲ့ရောင်းပေးဖို့၊ အဲ့လိုမျိုး အစီအစဉ်တကျလုပ်ပေးဖို့ တောင်းဆိုသွားမှာပါ၊ ရခိုင်ပြည်နယ် အမျိုးသမီးကွန်ယက်ရယ်၊ ရခိုင်လူမှုအသင်းတွေ အကုန်လုံးပါဝင်မယ်ရှင့်၊ တခြားတခြားအဖွဲ့တွေက အဖွဲ့အစည်း ၁၀ ခုလောက်ရှိပါတယ်ရှင့်၊ အခု ကျမတို့လောလောဆယ်ကတော့ ၁၆ ရက်နေ့ကျရင် အရင်ဆုံး ဆိုင်ခန်းပိုင်ရှင်နဲ့ အမျိုးသမီးကွန်ယက်အဖွဲ့နဲ့ပေါ့နော် ပူးပေါင်းပါမယ်ရှင့်၊ ပြီးတော့မှ နောက်တစ်သုတ်ကတော့ လူမှုကွန်ယက်တွေနဲ့ အကုန်လုံးကျမတို့ သဘောထားထုတ်ပြန်ချက်နဲ့ ဝန်ကြီးဆီတင်ပြသွားမှာပါရှင့်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကို ၂ ကြိမ်တင်ပြီးပါပြီ၊ ဒီဆိုင်ခန်းကိစ္စနဲ့ ပတ်သက်ပြီးတော့ အသနားခံစာ၊ နောက်တော့ ကျမတို့ဝန်ကြီးချုပ်ကို ကျမတို့ လိပ်မူပါမယ်ရှင့်၊ မိတ္တူတွေကို သမ္မတဆီပို့ပါမယ်၊ ပြန်လည်နေရာချထားပေးတဲ့ ဝန်ကြီးဌာနပေး ပါမယ်၊ ကျမတို့ ဖြစ်စဉ်ကတော့ ၃ ပတ်လောက်ရှိနေပါပြီ၊ သူတို့ဖယ်ခိုင်းတာ၊ အခုမှ ကျမတို့ကျောက်တော်စည်ပင်သာယာ ဦးစီးက ဒီဇင်ဘာ ၇ ရက်နေ့မဖြိုရင် ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်၊ တအားကြောက်တဲ့သူကတော့ ၉ ဆိုင်လောက်ဖျက်လိုက်ပါတယ်ရှင့်

ကိုကျော်သူ။   ။ ဒေါ်လှမေခင်ဗျား အခုလိုဖြေကြားပေးတာ ကျေးဇူးအများကြီးတင်ပါတယ်၊

ဒေါ်လှမေ။   ။ ကျေးဇူးအများကြီးတင်ပါတယ်၊ လိုအပ်တာရှိရင်လဲ ကူညီပေးပါဦး။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။