ကြိမ်နီပြင်စခန်း မွတ်စလင် ဒုက္ခသည်စခန်း မီးလောင်မူဖြစ် ပွားတဲ့အကြောင်း မေးမြန်းချက်


2015.01.24

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်က မွတ်စလင် ဒုက္ခသည်စခန်းတစ်ခုဖြစ်တဲ့ ကြိမ်နီပြင်စခန်းမှာ စုပေါင်းထမင်းချက်ရုံ ကတဆင့် မီးလောင်မူဖြစ်ပွားခဲ့ပြီး အိမ်ထောင်စုပေါင်း ၁ဝဝ ကျော်နေထိုင်တဲ့ တဲတန်းလျား ဆယ်လုံး ပျက်စီးခဲ့ပါတယ်။

အဲ့ဒီလို မီးလောင်မူဖြစ်ပွားပြီး အိုးအိမ်မဲ့ဖြစ်နေတဲ့ လူဦးရေ ၄၅ဝ ခန့်ကို ရခိုင်ပြည်နယ် အစိုးရက စားနပ်ရိက္ခာနဲ့ ယာယီနေထိုင်ဖို့ မိုးကာတဲတွေ ဆောက်လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းမြိုင်ကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်း ထားပါတယ်။

ကိုသီဟထွန်း။            ။ဟုတ်ကဲ့ခင်ဗျ မနေ့ကညနေပိုင်းက ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် မွတ်စလင်ဒုက္ခသည် စခန်းမှာ မီးလောင်မှုဖြစ်ခဲ့ရတယ်လို့ သိခဲ့ရပါတယ်ခင်ဗျာ၊ အခြေအနေကို ပြောပြပေးပါခင်ဗျာ။

ဦးဝင်းမြိုင်။                ။အင်း မွတ်စလင်တွေများနေတယ်ဆိုတော့ ကယ်ဆယ်ရေးစခန်းပေါ့လေ၊ ပေါက်တောမြို့နယ် က ကြိမ်နီပြင်ကယ်ဆယ်ရေးစခန်းမှာ သူတို့အဲ့ဒီ ၂၃ ရက်နေ့ကပေါ့ မနေ့ကပေါ့ ၃ နာရီခွဲအချိန်လောက်ကနေပြီးတော့ သူတို့စုပေါင်းမီၤးဖိုရှိတယ် လုပ်ထားပေးတာ၊ ဆိုတော့ စုပေါင်းမီးဖိုဆိုပေမယ့် ပေ ၂ဝ လောက်တော့ရှိတာပေါ့။

ကိုသီဟထွန်း။            ။၃ နာရီခွဲဆိုတော့ မနေ့ညနေပိုင်းကလား ခင်ဗျ။

ဦးဝင်းမြိုင်။                ။မနေ့ညနေပိုင်း ၃ နာရီခွဲလောက်က စလောင်တာ၊ အဲ့ဒီသူတို့စုပေါင်းထမင်းချက်တဲ့ မီးဖိုတစ်လုံကနေစပြီးလောင်တာ၊ ဆိုတော့ ၁၅ ပေ ၁ဝ ပေရှိတဲ့ မီးဖိုတွေလုပ်ထားပေးတာလေ၊ အဲ့ဒီကနေပြီး စပြီးလောင်တာ ပေ ၄ဝ ပေ ၃ဝ ၊ ၄၅ ပေ ၃ဝ ပေ ရှိတဲ့ တဲ ၁ဝ လုံးပါသွားတယ်၊ နောက်ထပ်တဲတန်းလျား ၃ဝ ပေ ၂ဝ ပေလည်း ၁ဝ လုံးပေါ့။

ကိုသီဟထွန်း။            ။အားလုံးပေါင်း ဘယ်နှစ်လုံးများပါသွားလဲ၊ အိမ်ခြေက။

ဦးဝင်းမြိုင်။                ။အနည်းဆုံးအားလုံးကတော့ အိမ်ယာစစ်တမ်းအရပေါ့၊ တန်းလျား ၁ဝ လုံးပေါ့၊

ကိုသီဟထွန်း။            ။ဟုတ်ကဲ့ လူထိခိုက်မှုများရှိပါလား ခင်ဗျာ။

ဦးဝင်းမြိုင်။                ။လူထိခိုက်မှုတော့ မရှိပါဘူး။

ကိုသီဟထွန်း။            ။ဟုတ်ကဲ့ ဒါညနေပိုင်းသိတဲ့အချိန်မှာ ဘယ်လောက်ကြာ မီးလောင်သွားပြီးတော့ ဘယ်အချိန်မှာ ပြန်ငြိမ်းသတ်နိုင်လဲ ခင်ဗျ။

ဦးဝင်းမြိုင်။                ။၃ နာရီခွဲကလောင်တာပေါ့၊ ၁ နာရီလောက်ပဲလောင်ပါတယ်၊ ၁ နာရီကျော်ကျော်လောက်ပေါ့၊ ၁၆ နာရီခွဲမှာတော့ မီးငြိမ်းသွားတယ်။

ကိုသီဟထွန်း။            ။ဟုတ်ကဲ့ ဒါဆိုရင် အရမ်းအကြီးအကျယ်တော့ ဖြစ်မသွားဘူးပေါ့နော်။

ဦးဝင်းမြိုင်။                ။အကြီးအကျယ်တော့ မဖြစ်ပါဘူးသူက၊ သူတို့ကတော့ အဲ့ဒီမှာတော့ သွပ်မိုးတွေကိုး၊ သွပ်မိုးထရံကာဆိုတာလည်း နေနည်းနည်းပြင်းတဲ့အချိန်တော့လည်း ပါသွားတဲ့သဘောရှိပါတယ်။

ကိုသီဟထွန်း။            ။ဟုတ်ကဲ့ အဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ ရခိုင်ပြည်နယ်အစိုးရက ဘယ်လိုလုပ်ဆောင်မှုတွေ ရှိပါသလဲခင်ဗျာ။

ဦးဝင်းမြိုင်။                ။အင်း မီးလောင်တာသိတာနဲ့ အဲ့ဒီက ဒီပေါက်တောမြို့နယ်က မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ သူတို့တာဝန်ရှိတဲ့လူတွေက ချက်ချင်းသူတို့သွားကြတယ်၊ သူတို့ချက်ချင်းသွားပြီးတော့ လိုအပ်တဲ့ဟာတွေ ဆောင် ရွက်ပေးတယ်၊ ဒီနေ့မနက်မှာတော့ နယ်လုံဝန်ကြီးနဲ့ စကားပြန်အဖွဲ့တွေသွားပြီးတော့ လိုအပ်တဲ့ပစ္စည်းတွေ ထုတ်ပေး တာပေါ့၊ အဲ့ဒီမှာရှိတဲ့ မီးဘေးသင့်တဲ့ ၁ဝ၆ ဦးအိမ်ထောင်စုပေါ့၊ သူတို့သွားပြီး ဒီနေ့ဘာတွေပေးခဲ့လဲဆိုတော့ ဆန်ရယ်၊ စားသုံးဆီရယ်၊ ကုလားပဲရယ် အဲ့ဒါတွေပေးခဲ့တယ်။

ကိုသီဟထွန်း။            ။ဟုတ်ကဲ့ခင်ဗျ သူတို့ဘက်က ဘာတွေတခြားလိုအပ်ချက်တွေများ ရှိနေသေးလဲ ခင်ဗျ။

ဦးဝင်းမြိုင်။                ။ကျန်တာတော့ အဝတ်အထည်တွေလည်း ပေးဖို့တစ်ခါတည်းပါသွားတယ်လေ၊ လက်သမားပစ္စည်းတွေရောပေါ့၊ ဒီမှာ သူတို့နဲ့ပတ်သက်တဲ့ အိမ်ထောင်စုပစ္စည်း ၉ မျိုး၊ ဆိုတော့အဲ့ဒီမှာရှိတဲ့ အိမ်ထောင်စုပေါင်း ၁ဝဝ ကျော်အတွက်ကိုလည်း တစ်ခါတည်းပေးခဲ့တယ်။

ကိုသီဟထွန်း။            ။မီးလောင်တာ အဓိကဘယ်အကြောင်းရင်းကြောင့်လဲခင်ဗျ။

ဦးဝင်းမြိုင်။                ။အဓိကကတော့ မီးကြွင်းမီးကျန်ပေါ့၊ မီးမရိုသေတဲ့သဘောပဲ ဖြစ်ပါတယ်၊ ပေါက်တောမှာလည်း ဒါနဲ့ဆိုရင်ဒီဘက်ကစခန်းမှာလည်း ၁ ခါဖြစ်ပြီးပြီ၊ သူတို့ထမင်းချက်ရင်းနဲ့ကို စလောင်တာတွေဖြစ်တာ။

ကိုသီဟထွန်း။            ။အခုလိုမျိုး နွေဦးပေါက်ရာသီမှာ မီးလောင်မဖြစ်အောင်လို့ ဆရာတို့ဘက်က လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါလဲ ခင်ဗျ။

ဦးဝင်းမြိုင်။                ။မီးမလောင်အောင်တော့ အဓိကတော့ သူတို့မီးရိုသေဖို့လိုတာပေါ့၊ ဒီမှာချက်မယ်ဆို ရင်တော့ ရေတို့ဘာတို့တော့ ဘေးနားမှာအဆင့်သင့်ရှိရမယ်၊ နောက်တော့သူတို့ကလည်း ရှင်းရှင်းပြောရရင် လူကြီးတွေ ချက်တာမဟုတ်ပဲနဲ့ ကလေးတွေချက်တာများတယ်၊ ဘယ်သူပဲချက်ချက်ပေါ့ မီးသွေးကိုတော့ ဂရုစိုက်ရင်တော့ မီးလောင် မှုကဖြစ်နိုင်စရာ အကြောင်းမရှိမရှိဘူး၊ အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ ဘယ်နေရာဖြစ်ဖြစ်လောင်မှာပဲ မီးကတော့။

ကိုသီဟထွန်း။            ။ဟုတ်ကဲ့ခင်ဗျ အဲ့ဒီမှာ ဒုက္ခသည်ဦးရေ ဘယ်လောက်လောက်များရှိလဲခင်ဗျာ။

ဦးဝင်းမြိုင်။                ။အတိအကျတော့မရှိဘူး ဒါပေမယ့်အခုလောင်တဲ့ လူဦးရေကတော့ အိမ်ထောင်စုက ၁ဝ၆ အိမ်ပေါ့၊ လူဦးရေကတော့ ၄၅ဝ လောက်တော့ရှိမယ်၊ အဲ့ဒီအိမ်ထောင် ၁ဝ၆ အိမ်ထောင်စုအတွက် လောလောဆယ် မိုးကာထည်တွေနဲ့ နေရာချထားပေးခဲ့တယ်၊ အဆောက်အဦးတွေကိုလည်း ရခိုင်ပြည်နယ်အစိုးရအနေ နဲ့ ပြန်ဆောက်ပေးဖို့ ဒါသူတို့ညှိပြီးတော့ ဒီနေ့နယ်လုံဝန်ကြီးနဲ့ စကားပြန်အဖွဲ့ကသွားပြီးတော့ လိုအပ်တာတွေ အကုန်ဆောင်ရွက်ပေးခဲ့တယ်လေ။

ကိုသီဟထွန်း။            ။သူတို့ယာယီတဲတွေထိုးပြီးတော့ နေရမယ့်အနေအထားပေါ့နော် ဆရာ။

ဦးဝင်းမြိုင်။                ။ဟုတ်ကဲ့ လောလောဆယ်တော့ သူတို့ကို ရွက်ဖျင်တဲတွေနဲ့ထိုးပေးဖို့ လုပ်ထားခဲ့တယ်၊ ပြီးတော့လို့ရှိရင်တော့ ဒီအဆောက်အဦးကို ပြန်ဆောက်ပေးမှာပေါ့။

ကိုသီဟထွန်း။            ။ဟုတ်ကဲ့ တခြားဘယ်အဖွဲ့အစည်းတွေ ဝင်ကူညီပေးတာရှိလည်းခင်ဗျ၊ အရပ်ဖက်တွေက။

ဦးဝင်းမြိုင်။                ။လောလောဆယ်တော့ ကျနော်တို့ ပြည်နယ်အစိုးရနဲ့ စကားပြန်အဖွဲ့ပဲရှိပါသေးတယ်။

ကိုသီဟထွန်း။            ။ဆရာ ဦးဝင်းမြိုင်ကို RFA ကကျေးဇူးတင်ပါတယ်ခင်ဗျာ။

ဦးဝင်းမြိုင်။                ။ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။