သားဖြစ်သူ ပေးဆပ်မှုအတွက် ဂုဏ်ယူကြောင်း ကိုဖြိုးဇေယျာသော်၏ မိခင်ပြော

2022.07.25
သားဖြစ်သူ ပေးဆပ်မှုအတွက် ဂုဏ်ယူကြောင်း ကိုဖြိုးဇေယျာသော်၏ မိခင်ပြော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးဖြိုးဇေယျာသော်အား တွေ့ရစဉ်
Photo: RFA

အာဏာသိမ်းစစ်ကောင်စီရဲ့ သေဒဏ်ကွပ်မျက်မှုကို ခံခဲ့ရတဲ့ ကိုဖြိုးဇေယျာသော်ရဲ့ မိခင် ဒေါက်တာဒေါ်ခင်ဝင်းမေက သူ့သားဟာ နိုင်ငံအတွက် အလုပ်လုပ်ရင်း အသက်ပေးခဲ့သူဖြစ်လို့ ဂုဏ်ယူသလို ဖြစ်နိုင်ရင် သူ့သားရဲ့ အရိုးပြာကို လိုချင်ကြောင်း ပြောပါတယ်။ ကိုဖြိုးဇေယျာသော်ရဲ့ မိခင်ကို RFA က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ဒီမနက် အန်တီ့ရဲ့သား ကိုဖြိုးဇေယျာသော် ကိစ္စနဲ့ ပတ်သက်လို့ အင်းစိန်ထောင်ကို သွားပြီးတော့ မေးခဲ့တယ်လို့ ကြားလို့ပါ။ အဲဒီမှာ ဘယ်လိုများ သိခဲ့ရလဲခင်ဗျ။

ဖြေ။ ။ "အန်တီက သွားတာက မနက်ကျမှပဲ သတင်းတွေတက်လာတော့ တကယ် ဟုတ် လား၊ မဟုတ်လား အသေအချာသိချင်လို့။ နောက်ပြီး အန်တီက တကယ်တော့ နဂိုက တည်းက ဒီနေ့မှာ သူတို့အတွက် အပ်ငွေလေး သွားထည့်ဖို့လည်း အစီအစဉ်ရှိတယ် အင်းစိန်ကိုလေ။ ဘာဖြစ်လို့လဲဆိုတော့ သောကြာနေ့က သူနဲ့တွေ့ပြီး နောက်ပိုင်းမှာ အပ်ငွေလေးထည့်ဖို့က အချိန်မရှိတော့ ဒီရုံးချိန် တနင်္လာနေ့မှာ သွားထည့်ဖို့လည်း အစီအစဉ်ရှိပြီးတော့ အဲဒီမှာ တကယ် ဟုတ် မဟုတ် သေချာသိချင်လို့ သွားခဲ့တာ။ ပထမတော့ သူတို့က ကျမတို့ ဘူးဝမှာပဲ သတင်းတွေထွက်တယ် ဟုတ်သလားလို့ မေးတော့။ ဟုတ်တယ် သတင်းစာထဲပါတဲ့အတိုင်းပဲတဲ့ အဲဒီလိုပြောတယ်။ အဲဒီတော့ ကျမပြောတာက သတင်းစာထဲပါတဲ့အတိုင်း တကယ်သေချာခဲ့လို့ရှိရင် ကျမတို့အနေနဲ့ သတင်းစာထဲမှာ သေသေချာချာ ရေးမထားဘူး။ အဲဒီတော့ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ် ရက်၊ ဘယ်မှာ ဒီလိုမျိုး စီရင်ချလိုက်တယ်ဆိုတာ ကျမ အတိအကျသိချင်ပါတယ်လို့။ ကျမတို့ဟာ အတိအကျသိရမှ၊ ကျမတို့က ဘာသာမဲ့တွေမဟုတ်ဘူး။ အဲဒီတော့ ဗုဒ္ဓ ဘာသာ ထုံးတမ်းစဉ်လာအရ သက်ပျောက်ဆွမ်းကပ်တယ်၊ ရက်လည်တယ် လုပ်ချင် ပါတယ်လို့ အဲဒီတော့ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်တုန်းက လုပ်လိုက်ပါတယ်ဆိုတာ သိချင်ပါတယ်လို့ ပြောတော့ အစတုန်းက သူတို့က သတင်းစာထဲပါတဲ့အတိုင်းဆိုပြီး အတွေ့မခံဘူး။ နောက်မှ အန်တီတို့က တာဝန်ရှိတဲ့သူကို တွေ့ခွင့်ပေးပါ။ သေသေ ချာချာလည်း ဟုတ် မဟုတ် သိချင်တယ်ဆိုမှ အန်တီတို့ကို တာဝန်ရှိသူနဲ့ ပေးတွေ့ ပါတယ်"

မေး။ ။ အဲဒီ တာဝန်ရှိသူနဲ့ တွေ့တဲ့အခါကျတော့ သူတို့က ဘာများ အန်တီတို့ကို ရှင်းပြလဲ။

ဖြေ။ ။ "အဲဒီအခါကျတော့ အန်တီကနေပြီး ဒီလိုမျိုး ကိုဇေယျာသော်တို့ကို စီရင်ချက် ချတယ်ဆိုတာ ဟုတ်သလားဆိုတော့ ဟုတ်ပါတယ်တဲ့။ အဲဒီလိုဆိုရင် တကယ်တော့ အန်တီတို့ကို သောကြာနေ့က မိသားစုပေးတွေ့ခဲ့တယ်လို့။ ပေးတွေ့ခဲ့တုန်းက အန်တီက အရမ်းဝမ်းသာသွားတာပဲ။ ဒါလမ်းပွင့်သွားပြီပေါ့နော်။ ပထမအကြိမ် ပေးတွေ့တာပဲ။ နွေးနွေးထွေးထွေးလည်း ကြိုတယ်။ ညနေ ၆ နာရီခွဲလောက် တွေ့ရတယ်ပေါ့နော်။ ကိုယ့်သားကိုလည်း မြင်ရတဲ့အခါမှာ ကြည်ကြည်လင်လင်လေးနဲ့ ရွှင်ရွှင်ပြုံးပြုံးလေးနဲ့ ကျန်းကျန်းမာမာလေး တွေ့ရလို့ ဝမ်းသာတယ်လို့။ အဲဒီနေ့တုန်းကတော့ မသိလိုက်ရဘူး လို့။ အန်တီတို့ ဒီလိုစီရင်ချက် ချမယ်ဆိုတာ။ ပြီးတော့ ဒီအင်းစိန်အကျဉ်းထောင်က အာဏာပိုင်တွေကနေ အန်တီ့ကို လုပ်ဆောင်ချက်ကို သူတို့ ဖတ်ပြပါတယ်လို့။ ဟုတ် တယ် မဟုတ်လား ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့ အကျဉ်းထောင်ထဲ ရောက်တဲ့အခါမှာ စကစ ကို သူတို့က စာတင်တယ်။ အဲဒီ နှစ်ကြိမ်တင်တယ်။ အဲဒီနှစ်ကြိမ်စလုံး ပလပ်ခံ ရတဲ့အတွက် ဒီတစ်ခါတော့ အကျဉ်းထောင် လုပ်ထုံးလုပ်နည်းနဲ့ ဆောင်ရွက်သွားမယ် လို့ပြောတော့၊ အန်တီက ပြောလိုက်ပါတယ်။ ဆောင်ရွက်မယ်လို့ ပြောတာက ကြိုးမိန့် ပေးမှာလား ကျမ သိချင်တယ်လို့။ အဲဒီလိုတော့ ပြောလို့မရပါဘူးတဲ့။ အကျဉ်းထောင်ရဲ့ စည်းကမ်းနဲ့အညီ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်အခါဆိုတာတော့ ပြောပါ့မယ်တဲ့ အဲဒီ လိုပြောတယ်။ အဲဒီတော့ အဲ့နေ့ကတည်းကသာ အန်တီသိခဲ့ရရင် ဒါနောက်ဆုံးတွေ့ခြင်း ပဲလို့ပဲ အန်တီလည်း သတ်မှတ်မယ်။ သားကလည်း အဲဒီအချိန်တုန်းက နောက်ဆုံးပေး တွေ့တယ်လို့ သူ မထင်ဘူးလို့။ အန်တီ့ကို နောက်ထောင်ဝင်စာမှာ လိုအပ်တဲ့ပစ္စည်း တွေကို အန်တီ့ကို မှာတာလို့ သိတယ်မဟုတ်လား"

မေး။ ။ အဲဒီတော့ သေဒဏ်စီရင်လိုက်ပြီဆိုတာကို သူတို့က အတည်ပြုလိုက်တဲ့ သဘော လား အန်တီ။

ဖြေ။ ။ "အတည်ပြုလိုက်တဲ့ သဘောပေါ့။ အတည်ပြုတယ်ဆိုရင် အန်တီက ပြောပါ တယ်။ အတည်ပြုရင် ဘယ်နေ့က လုပ်လိုက်ပါတယ်။ ဘယ်အချိန်၊ ဘယ်အခါလဲ။ အန်တီတို့ကျတော့ သက်ပျောက်ဆွမ်းတွေ၊ သရဏဂုံ တင်တာတွေ၊ ရက်လည်တွေ လုပ်ရတယ်ဆိုတော့ စနေ၊ တနင်္ဂနွေ နှစ်ရက်ထဲက တစ်ရက်ရက်ကို မှန်းလုပ်လိုက်ပါတဲ့ အဲဒီလိုပြောတယ်။ အန်တီက ဆိုလိုချင်တာက ဘယ်နေ့ကလုပ်လိုက်တယ်။ စနေဆို စနေ၊ တနင်္ဂနွေဆို တနင်္ဂနွေ၊ ဘယ်အချိန် ဘယ်နှနာရီမှာ ကျနော်တို့ လုပ်လိုက်တယ် အဲဒီလိုပြောရမှာလေ။ အဲဒီလိုမပြောဘဲ မှန်းလုပ်ပါဆိုတော့ အန်တီက အဲဒါဆိုလို့ရှိရင် အန်တီ သူ့ရဲ့ Dead Body ရော ရလားဆိုတော့ မရပါဘူးတဲ့။ လုပ်ထုံးလုပ်နည်း မရှိ ဘူးတဲ့။ အဲဒီလိုဆိုရင် အန်တီ အရိုးပြာလေးရော ရနိုင်လားလို့ ဖြစ်နိုင်ရင် အန်တီ ဂူ လေးသွင်းချင်တယ်လို့ အဲဒီလိုပြောလိုက်တယ်။ အဲဒါလည်း မရပါဘူးတဲ့"

“သားကို မြင်ရတဲ့အခါမှာ ကြည်ကြည်လင်လင် ရွှင်ရွှင်ပြုံးပြုံးနဲ့ ကျန်းကျန်းမာမာလေး တွေ့ရလို့ ဝမ်းသာတယ်။ အဲဒီနေ့တုန်းကတော့ ဒီလိုစီရင်ချက်ချမယ်ဆိုတာ မသိလိုက်ရဘူး”

မေး။ ။ သားတစ်ယောက် အခုလိုမျိုး ဆုံးရှုံးသွားတယ်ဆိုတဲ့အပေါ်မှာ မိခင်တစ်ယောက် အနေနဲ့ အန်တီ ဘာများပြောချင်ပါသလဲခင်ဗျ။

ဖြေ။ ။ "အန်တီ့သားက နိုင်ငံအတွက် လူဆိုးသူခိုးလည်း မဟုတ်ပါဘူးလို့။ နိုင်ငံအတွက် လုပ်ရင်း အသက်ပေးခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်လို့။ အန်တီ သူ့အတွက်တော့ ဂုဏ်ယူ ပါတယ်လို့။ အသက်ပေးသွားတဲ့ အတွက်ကြောင့် ဒီသားလေးကို ဂုဏ်ယူပြီးတော့ ဖြစ် နိုင်မယ်ဆို အရိုးပြာလေးတွေ၊ ဘာလေးတွေ ရမယ်ဆိုရင် အန်တီသူ့အတွက် ဂူလေးလုပ် ပြီးတော့မှ ကမ္ပည်းထိုးချင်ပါတယ်လို့"

မေး။ ။ အဲဒီတော့ အန်တီ ဒီလို ကွပ်မျက်လိုက်ပြီဆိုတာနဲ့ ပတ်သက်ပြီးတော့ လက်ဆုပ် လက်ကိုင် သက်သေပြနိုင်တဲ့ ဓာတ်ပုံအထောက်အထားတို့၊ အလောင်းပြန်ပေးတာတို့ မရှိသေးဘူးဆိုတဲ့ အခါကျတော့ အန်တီတို့အနေနဲ့ရော တာဝန်ရှိတဲ့သူတွေကို ဘာများ တောင်းဆိုချင်ပါသလဲခင်ဗျ။

ဖြေ။ ။ "အန်တီကတော့ ဘာကိုမှ မတောင်းဆိုတော့ပါဘူး။ ကိုယ့်ရဲ့ ဘဝပေးကုသိုလ်ပဲ။ ငါ့သားလည်း ဒီနေ့၊ ဒီအချိန်အခါ ဖြစ်သင့်လို့ ဖြစ်သွားတယ်။ အမေတို့ အသက်ကလည်း ၇၆ ပြည့်တော့မယ်လေ။ ကိုယ့်ဘဝကူးကောင်းဖို့ကိုပဲ လုပ်ရတော့မှာ ဟုတ်တယ် မဟုတ်လား။ အမေတော့ ဘာမှ ဆက်မလုပ်တော့ပါဘူး။ အားလုံးကို မေတ္တာပို့ပါတယ်။ တတ်နိုင်လို့ရှိရင် အားလုံး မြန်မာနိုင်ငံသား၊ ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး ကျန်းမာချမ်း သာကြပါစေ၊ အသက်ဘေးကင်းဝေးကြပါစေလို့ သားလေးကိုယ်စား ဆုတောင်းပါတယ်"

အခုလို ဖြေပေးတဲ့အတွက် ကျနော်တို့ RFA ကနေ ကျေးဇူး အထူးတင်ပါတယ်ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။