တပ်မတော်ရဲ့ ရာဇဝတ်ကျူးလွန်မှုတွေကို မြန်မာအစိုးရ တာဝန်ရှောင်လွှဲလို့ မရနိုင်ကြောင်း HRW ပြော


2018.08.11

မြန်မာ့တပ်မတာ်ကကျူးလွန်တဲ့ရာဇဝတ်မှုတွေကို အစိုးရကတာဝန်ရှိတဲ့အခြေအနေကနေ ရှောင်လွှဲနိုင်မှာ မဟုတ်ဘူးလို့ HRW လူ့အခွင့်ရေးစောင့်ကြည့်အဖွဲ့က ပြောလိုက်ပါတယ်။ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ အာရှဆိုင်ရာ ဒု-ညွန်ကြားရေးမှူး Phil Robertson ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
-------------------------------------------------------------------------------------------------------
မေး - ICC ရဲ့တရားစီရင်ရေးမလိုအပ်ဘူးလို့ မြန်မာအစိုးရကပယ်ချလိုက်တာကို HRW အဖွဲ့အနေနဲ့ ဘယ်လိုသုံးသပ်ပြောဆိုချင်ပါလဲလို့ Mr. Phil Robertson ကိုစမေးတော့သူက

ဖြေ - နယ်စပ်ဖြတ်ပြီးထွက်ပြေးသွားတဲ့သူတွေနဲ့ ပတ်သက်လို့ ဒါဟာ မောင်းထုတ်လိုက်တာ မဟုတ်ဘူးလို့ သူတို့ထင်နေပုံရတယ်။ အခုက အဲဒီလိုထွက်ပြေးသွားတာနဲ့ပတ်သက်လို့ ICC အနေနဲ့ဘယ်လို တရားမျှတအောင်လုပ်ပေးနိုင်မလဲဆိုတာ သိအောင်စုံစမ်းဖို့ တောင်းဆိုနေတာသာ ဖြစ်တယ်။ တကယ်တော့ ရိုဟင်ဂျာတွေကို အတင်းအဓမ္မမောင်းထုတ်လိုက်တဲ့လုပ်ရပ်အပြင် တပ်မတော်အနေနဲ့ Crime against Humanity ဆိုတဲ့ လူသားဖြစ်မှုကိုဆန့်ကျင်တဲ့ရာဇဝတ်မှု ချိုးဖောက်ထားတာထင်ရှားပါတယ်။ ဒါကို အရေးနိုင်ဖို့ဆိုတာလဲ နိုင်ငံတကာရာဇဝတ်ခုံရုံးအနေနဲ့ ဖြည့်ဆည်းစရာတွေရှိနေပါတယ်။ ဒီအခြေအနေမှာ မြန်မာအစိုးရက ကစားနေတယ်လို့ထင်ပါတယ်။ ဒီလိုလုပ်တာဟာ မြန်မာအစိုးရက စုံစမ်းစစ်ဆေးရေးအတွက် စိတ်အားထက်သန်မှုမရှိဘူးလို့လည်း ဆိုနိုင်ပါတယ်။ သူတို့အနေနဲ့ ICC ကိုတင်မယ့် နိုင်ငံတကာဖိအားကို ဘယ်လိုကျော်လွှားနိုင်မလဲ ဆိုတာပဲလုပ်နေတာပါ။ သူတို့ဘယ်လိုပဲ ကြိုးစား ကြိုးစား၊ တပ်မတော်က ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေအတွက် ရှောင်လွှဲလို့ရမှာ မဟုတ်ပါဘူးလို့ ပြောသွားတာပါ။

မေး - ပြီးခဲ့တဲ့ရက်ပိုင်းမှာ မြန်မာအစိုးရက ရခိုင်အရေးစုံစမ်းရေးကော်မရှင်တရပ်ကို ထပ်ပြီးဖွဲ့ထားတာရှိပါတယ်။ အဲဒီကော်မရှင်သစ်အပေါ်မှာရော HRW အနေနဲ့ ဘယ်လိုမြင်လဲခင်ဗျ။

ဖြေ - အဲဒီကော်မရှင်သစ်ကတော့ ယုံကြည်ရလောက်တဲ့ အခြေအနေမရှိပါဘူးဗျာ။ ဘာလို့လဲဆိုရင် ကော်မရှင်ဥက္ကဌ မနိုလိုဆိုတဲ့ပုဂ္ဂိုလ်က လူ့အခွင့်အရေးနဲ့ပတ်သက်လို့ နိုင်ငံရေးကစားနေတဲ့သမိုင်းတွေရှိပါတယ်။ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ ပတ်သက်လို့ သူဟာ ဒေသတွင်းမှာရှိတဲ့အခြေအနေကို အမြဲကာကွယ်ပြောဆိုတတ်တဲ့သူဖြစ်ပါ တယ်။ ရခိုင်ကိစ္စမှာလဲ လူ့အခွင့်အရေးချိုးဖေါက်တာမရှိဘူးလို့ပြောနေတဲ့သူပါ။ အဲတော့ ပြောရရင် မြန်မာအစိုးရ အနေနဲ့ ကြောင်ကလိုက်လို့ ထွက်ပြေးနေရတဲ့ ကြွက်လို၊ လက်ရှိရင်ဆိုင်နေရတဲ့ နိုင်ငံတကာဖိအားတွေကနေ လွတ်အောင် ပတ်ပြေးနေတာလို့ပဲမြင်ပါတယ်။ ဘာလို့ဆိုရင် ကျနော်တို့မှာ ကိုယ်ပိုင်စုံစမ်းရေးကော်မရှင်တွေရှိတယ်၊ ကိုယ်တိုင်လုပ်နေပါတယ်။ ဒါကြောင့်နိုင်ငံတကာမလိုဘူးလို့ပြောနေတာပဲ။ တကယ်တော့ မြန်မာအစိုးရအနေနဲ့ အစောကြီးကတည်းက နိုင်ငံတကာနဲ့လက်တွဲပြီး ဒီပြဿနာကိုဖြေရှင်းသင့်ပါတယ်။ အဲလိုလုပ်ခဲ့မယ်ဆိုရင် သူတို့အနေနဲ့ အခုထက်ပိုကောင်းတဲ့အခြေအနေကို ရောက်နေမှာဖြစ်သလို၊ ဘယ်သူတွေက ဒီလုပ်ရပ်ဆိုးတွေ အမိန့်ပေးကျူးလွန်ခဲ့လဲဆိုတာသိခဲ့မှာပါ။

မေး - မကြာသေးတဲ့လပိုင်းတွေကလည်း ကချင်အမျိုးသမီးအဖွဲ့တွေရော၊ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ရော၊ ခင်ဗျားတို့ HRW အဖွဲ့နဲ့ AI အဖွဲ့တို့ကပါ မြန်မာနိုင်ငံက ရာဇဝတ်မှု ကျူးလွန်ထားတဲ့အရာရှိတွေ ကို အရေးယူဖို့ ICC ကို တောင်းဆိုထားပါတယ်။ အခုတော့ အဲဒီပယ်ချခံရတယ်။ ဒီတော့ လူ့အခွင့်အရေးချိုးဖောက် တဲ့သူတွေကို အရေးယူနိုင်မယ့် နောက်ထပ်နည်းလမ်းတွေ ခင်ဗျားတို့မှာရှိနေသေးလား။

ဖြေ - ဟုတ်ပါတယ်။ တကယ်တော့ မြန်မာဟာ ရောမသဘောတူချက်ဆိုတဲ့ နိုင်ငံတကာရာဇဝတ် ခုံရုံးဆိုင်ရာ စာချုပ်မှာ လက်မှတ်ထိုးပါဝင်ထားတာမရှိပါဘူး။ ဒါကြောင့် သူတို့အနေနဲ့အချိန်မရွေး အရေးယူနိုင်တယ်လို့လည်း ကျနော်တို့ပြောရခက်ပါတယ်။ ဒီရာဇဝတ်မှုတွေအတွက် မြန်မာအနေနဲ့ လုံးဝတာဝန်ယူသင့်တယ်၊ ဒီကိစ္စကို ICC လွှဲသင့်တယ်လို့ ဥရောပသမဂ္ဂကိုလည်း ကျနော်တို့ တိုက်တွန်း နေတာပါပဲ။ ဒါကြောင့် ဆီးရီးယားကိစ္စမှာ လုပ်ခဲ့တဲ့အလားတူစုံစမ်းရေးကော်မရှင်မျိုး၊ Independent international Fact-finding commission- FFM ဆိုတဲ့ လွတ်လပ်တဲ့နိုင်ငံတကာအဖွဲ့ရဲ့ အချက် အလက်စုံစမ်းရေးကော်မရှင်ကနေထွက်လာမယ့် ရလာဒ်ကိုကြည့်ပြီးမှ ကုလသမဂ္ဂလူ့အခွင့် အရေးကောင်စီကိုတင်ပြပြီး၊ အဲဒီကနေ အများစုရဲ့ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်ရမှာပါ။ အဲဒီကျမှ တပ်မတော်နဲ့ နယ်ခြားစောင့်တပ်ထဲက ကျူးလွန်ထားတဲ့သူတွေကို အရေးယူဖို့ဆိုတာဖြစ်လာနိုင်မှာပါ။

မေး - အခုဆိုရင် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်မင်းကြီးနေရာအတွက် ချက်သမ္မတဟောင်း မစ်ရှဲလ်ဘားချလက်ကို ရွေးထားပါပြီ၊ အဲဒီအမျိုးသမီးအနေနဲ့ရော မြန်မာ့လူ့အခွင့်အရေး ကောင်း အောင်ပံ့ပိုးနိုင်မယ်လို့ ခင်ဗျားတို့အနေနဲ့ထင်လား။

ဖြေ - ဟုတ်ကဲ့။ သူကတော့ ကောင်စီရဲ့လက်ရှိမူဝါဒအတိုင်း ဆက်သွားမယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ကော်မရှင်မင်းကြီးအနေနဲ့လည်း မတူတဲ့ချဉ်းကပ်မှုတွေနဲ့ ဆောင်ရွက်လာမယ် ထင်ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ အရင်ကလူတွေထက်ပိုပြီး အားတက် သရောဆောင်ရွက်လိမ့်မယ်ထင်ပါတယ်။

မေး - နောက်ဆုံးသိချင်တာတခုကဒီလိုပါ။ ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ မြန်မာအစိုးရလည်း ခေါင်းခြောက်နေတယ် ဆိုတာကြားရပါတယ်။ ခင်ဗျားတို့အနေနဲ့ရော ဒီပြသနာပြေလည်ရေးအတွက် ဘယ်လိုအကြံပေးချင်လဲ။

ဖြေ - မြန်မာအစိုးရက လူ့အခွင့်အရေး တိုးတက်ကောင်းမွန်ဖို့နဲ့ ရခိုင်ပြည်နယ်က ပြဿနာကိုပြေ လည်အောင် ဖြေရှင်းချင်နေတယ်ဆိုတာ အတော်သိသာထင်ရှားပါတယ်။ ဒါကြောင့်သူတို့မှာ လုပ်နိုင်တာတွေအများကြီးရှိပါတယ်။ ပထမအနေနဲ့ နိုင်ငံတကာက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနေတဲ့အဖွဲ့တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားနေတဲ့အဖွဲ့တွေကို အဲဒီဒေသမှာ ဝင်ထွက်သွားလာခွင့်ပြုနိုင်တဲ့ကိစ္စပါ။ ဒုတိယက ဒီပြဿနာမှာ အဓိက ကျနေတဲ့ နိုင်ငံသားဖြစ်ခွင့်ဥပဒေကို ပြုပြင်ပြောင်းလဲနိုင်တဲ့ကိစ္စပါ။ ပြီးတော့ အဲဒီဒေသမှာ ရာဇဝတ်မှုကျူးလွန်လိုက် တဲ့ အမိန့်ပေးစေခိုင်းတဲ့အရာရှိတွေကို အရေးယူတာမျိုး တာဝန်ယူနိုင်တဲ့ကိစ္စပါ။ အဲဒီအပြင် ရခိုင်တိုင်းရင်းသားတွေ ထဲက ရိုဟင်ဂျာတွေကို ဝင်တိုက်ပေးတဲ့ အစွန်းရောက်အယူအဆရှိတဲ့သူတွေကို အရေးယူဖို့ပါ။ အဲဒီအပြင် ရိုဟင်ဂျာတွေနဲ့ရခိုင်တွေကြား သင့်မြတ်အောင် အစိုးရအနေနဲ့ ဆောင်ရွက်ပေးဖို့ပါပဲ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။