ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံ ပြင် ဆင်ရေး ဦးအေးသာအောင် ကို မေးမြန်းချက်
2014.11.23
ပြည်တွင်းစစ်ရပ်စဲရေးနဲ့ငြိမ်းချမ်းရေးကြိုးပမ်းမှုမှာ တကယ့်ပြသနာဖြစ်တဲ့ တိုင်းရင်းသားတွေ တန်းတူရေးနဲ့ဖက်ဒရယ်ပြည်ထောင်စုကိစ္စကို မဆွေးနွေးတဲ့အပြင် တစ်ဖွဲနဲ့ဆွေးနွေးပြီးတစ်ဖွဲ့ကို တိုက်နေတာဟာ ငြိမ်းချမ်းရေးရမယ့်နည်းမဟုတ်ဘူးလို့ ရခိုင်တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးအေးသာအောင်ကပြောပါတယ်။
ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အဓိကပြင်ဆင်ဖို့လိုတဲ့ ဥပဒေတွေကို တပ်မတော် ကိုယ်စားလှယ်တွေက မပြင်လိုဘူးဆိုတဲ့အတွက် လွှတ်တော်ထဲကနေ ပြင်ဆင်နိုင်မယ့် အခြေအနေမတွေ့ရတော့လို့ လွှတ်တော်ပြင်ပကနေ နည်းလမ်းမျိုးစုံနဲ့ကြိုးပမ်းသင့်ပြီလို့ ဦးအေးသာအောင်က ပြောပါတယ်။
ဦးအေးသာအောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
ဦးအေးသာအောင်နဲ့ မေးမြန်းချက် အပြည့်အစုံ
ကိုနေရိန်ကျော်။ ။ဟုတ်ကဲ့ အန်ကယ်လ် ဦးအေးသာအောင်ရေ အခုတလောမှာပေါ့နော်၊ မြန်မာနိုင်ငံထဲမှာ တော်တော်လေးလှှုပ်လှှုပ်ခတ်ခတ် အခြေအနေလေးတွေ ကျနော်တို့ ကြားနေရလို့ပါ၊ အထူးသဖြင့်တော့ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိစ္စပေါ့နော်၊ အခုဆိုရင် KIO ဌာနချုပ်နားမှာ စစ်တပ်ဘက်ကနေပြီးတော့ အမြောက်နဲ့ပစ်လိုက်လို့ တိုင်းရင်းသားတွေ ကျဆုံးသွားတယ်ဆိုတဲ့ ကိစ္စတွေလည်းဖြစ်ဆိုတော့ နောက်တစ်ခါ ဒီစေ့စပ်ဆွေးနွေးရေးကိစ္စတွေကလည်း ရပ်နေတဲ့သဘောတွေ ကျနော်တို့ တွေ့ရတယ်လေ၊ အဲ့ဒီတော့ ဒီအပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်စဉ်တွေကို ဒီအခြေအနေကိုပေါ့နော် ဘယ်အထိရောက်နေပြီလို့ အန်ကယ်လ်အနေနဲ့ သုံးသပ်ပြောဆိုနိုင်မလဲ ခင်ဗျ။
ဦးအေးသာအောင်။ ။ဟုတ်ကဲ့ ကျနော်တို့အနေနဲ့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်လို့ အတော်လေးစိုးရိမ်ပါတယ်၊ NCCT နဲ့ UPWC တို့ပြီးခဲ့တဲ့ ဆွေးနွေးပွဲမှာ လက်ခံမှှုမရှိတဲ့အပြင် နောက်ပြန်ဆုတ်သွားတဲ့ အနေအထားတွေတောင် တွေ့ရတယ်၊ ဘာကြောင့်လဲဆိုတော့ ယခင်က သဘောတူပြီးတဲ့အကြောင်းအရာ ကိစ္စကိုတောင်ပြန်ပြီးတော့ ဆွေးနွေးတယ်၊ သဘောမတူတဲ့ အခြေအနေတွေကို ပြန်ရောက်တယ်၊ အပစ်အခတ်ရပ်စဲဖို့အတွက် ဆွေးနွေးနေတဲ့ဖြစ်စဉ်ဟာ ရပ်တန့်သွားတဲ့သဘောမျိုးရှိတယ်၊ နောက်ဘယ်အချိန် ဘယ်လမှာဆွေးနွေးမယ်ဆိုတာတောင် မရေရာမသေချာတဲ့သဘောတွေ့ရတယ်၊ ဒါကြောင့် နိုင်ဟံသာရယ်၊ ခွန်ဥက္ကာရယ် ဦးဆောင်ပြီးတော့ နေပြည်တော်ကိုလာတယ်၊ ဦးအောင်မင်းတို့နဲ့ အလွတ်သဘောဆွေးနွေးတယ်၊ အဲ့ဒီတော့ ဒီလိုငြိမ်းချမ်းရေးဖြစ်စဉ် မသေမချာ မရေမရာဖြစ်နေတဲ့အကြောင်းရင်းက ဒီနေ့ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းတယ်ဆိုတဲ့နေရာမှာ အဓိကကတော့ ပြည်တွင်းစစ်ဖြစ်ရတဲ့အကြောင်းဟာ တိုင်းရင်းသားလူမျိုးတွေက သူတို့ရဲ့ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ ကိုယ်ပိုင်ပြဌါန်းခွင့်ရဖို့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ဆိုတဲ့ ကြိုးပမ်းဆောင်ရွက်တဲ့အခါ မပြေလည်လို့ လက်နက်ကိုင် ပဋိပက္ခတွေဖြစ်လာတယ်၊ အဲ့ဒီတော့ တကယ်ပြည်တွင်းစစ်ရပ်ဖို့ဆိုရင် နိုင်ငံရေးအရဖြေရှင်းဖို့ တိုင်းရင်းသားများက လိုလားတယ်၊ ဒါပေမဲ့ အခုအခြေအနေအထိ ဒီပြဿနာကို တကယ့်အဓိကတာဝန်ရှိတဲ့ အစိုးရပိုင်းကပုဂ္ဂိုလ်များ၊ တပ်မတော်ပိုင်းက ပုဂ္ဂိုလ်များက အပေးအယူညှိနှှိုင်းပြီး ဆောင်ရွက်ဖို့သဘောထား ရှိတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မတွေ့ရသေးဘူး၊ ငြိမ်းချမ်းဖြစ်စဉ်အနေနဲ့ ဆွေးတော့ဆွေးနွေးတယ်၊ ဒါပေမဲ့ ဒီအဖွဲနဲ့ ဆွေးနွေးနေတဲ့အချိန်မှာ တခြားတစ်ဖွဲ့နဲ့ တိုက်ခိုက်တာတွေ ငြိမ်းချမ်းရေးအရ ဆွေးနွေးပြီးသားအဖွဲ့တွေနဲ့လည်း ပြန်ပြီးတော့ စစ်ရေးတင်းမာမှှုတွေဖြစ်တာမျိုး ဒါတွေဟာ တကယ့်တကယ်မှာမဖြစ်သင့်ဘူး၊ ယုံကြည်မှှုကို ပျက်ပြားစေတယ်၊ သံသယကိုကြီးထွားစေတယ်၊ ဒါကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ မအောင်မမြင်ပဲနဲ့ ရှည်ကြာနေရတာဖြစ်တယ်လို့ ကျနော်တို့က သုံးသပ်တယ်၊ အဲ့ဒီၤလိုကဏ္ဍမျိုးမှာ အခုလို KIO ဗိုလ်သင်တန်းကျောင်းကို လက်နက်ကြီးနဲ့ ပစ်လိုက်တယ်၊ ဒါဟာငြိမ်းချမ်းရေးကို မဆောင်ရွက်ပဲဖြစ်စဉ်အတွက် အဟန့်အတားတွေ အနှောင့်အယှက်တွေဖြစ်စေတယ်လို့ ပြောချင်တယ်။
ကိုနေရိန်ကျော်။ ။ဟုတ်ကဲ့ အခုမြန်မာ့နိုင်ငံရေးပြဿနာမှာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြခံဥပဒေဆိုတာကြီးက အဓိကကျလာတာကို ဆိုတော့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြခံဥပဒေ ပြင်ဆင်နိုင်ရေး အလားအလာကော အန်ကယ်လ်အနေနဲ့ ဘယ်လိုသုံးသပ်မိလဲခင်ဗျ။
ဦးအေးသာအောင်။ ။၂ဝဝ၈ ဖွဲ့စည်ပုံအခြေခံဥပဒေ ပြင်ရေး၊ သို့မဟုတ် အသစ်ရေးဆွဲရေး ဒါဟာလည်း ကျနော်တို့ မြန်မာနိုင်ငံ နိုင်ငံရေးအရ အခုကတော့ ကြားလာရတာက လွှတ်တော်ထဲမှာ လွှတ်တော်ကိုယ်စားလှယ်များက အရေးကြီးတဲ့ပုဒ်မတွေကို နဂိုအတိုင်းထားဖို့ အဆိုပြုလာတာကိုလည်း ကျနော်တို့ ကြားလာရတယ်၊ ဒါ့အပြင် လွှတ်တော်ဥက္ကဌကလည်း ၂ဝ၁၅ ဟိုဘက်မှာမှပြင်မယ်ဆိုတဲ့ သဘောထားကိုကြားလာရတော့ တော်တော်လေး ကျနော်တို့ စိတ်ပျက်မိတယ်၊ အခုလည်းပဲ တပ်မတော်ကိုယ်စားလှယ်များက အရေးကြီးတဲ့ ပုဒ်မတွေ၊ အပိုဒ်တွေကို မပြင်ဘူး၊ နဂိုအတိုင်းပဲထားချင်တယ်ဆိုတဲ့ အဆိုတွေတင်တယ်၊ ဒါဆိုရင် သူရရွှေမန်းပြောတဲ့ ၂ဝ၁၅ ဟိုဘက်မှာ ပြင်ဖို့ဆိုတာကလည်းပဲ မသေချာ မရေရာတဲ့သဘောတွေတွေ့လာရတယ်၊ ဘာကြောင့်လည်းဆိုတော့ တပ်မတော် ကိုယ်စားလှယ်များက မပြင်ဘူးဆိုရင် ၂ဝ၁၅ ဟိုဘက်မှာလည်း ပြင်ဖို့မဖြစ်နိုင်ဘူး၊ ဒီလိုလွှတ်တော်အတွင်းက မပြင်ဘူးဆိုပေမယ့် ကျနော်တို့ နိုင်ငံရဲ့ပါတီခေါင်းဆောင်တွေ၊ အဖွဲ့အစည်းအသီးသီးတွေက ပုဂ္ဂိုလ်တွေ၊ တိုင်းရင်းသားအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေအားလုံးဟာ ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံကိုပြင်ဖို့ တခြားနည်နဲ့ပြင်ဖို့ မကြိုးပမ်းကြတော့ဘူးလား၊ ကျနော်ကတော့ လွှတ်တော်ပြင်ပက နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားပါတီတွေ၊ တခြားလူမှှုအဖွဲ့အစည်းတွေ အားလုံးဟာ ပြည်သူတွေနဲ့ လက်တွဲပြီးတော့ အခြားနည်းလမ်းနဲ့ ကြိုးပမ်းဖို့ဆောင်ရွက်သင့်တယ်လို့ ပြောချင်ပါတယ်။
ကိုနေရိန်ကျော်။ ။ဟုတ်ကဲ့ အခုဆိုလို့ရှိရင် တိုင်းရင်းသားအရေးတွေအပြင်ကို လယ်သမားအရေးတွေ၊ အလုပ်သမားအရေးတွေ၊ ကျောင်းသားအရေးတွေ ထပ်ပြီးတော့ အများကြီးအခက်အခဲတွေ ကျနော်တို့ ကြားလာရတယ်လေ၊ အဲ့ဒီတော့ အခုလိုမျိုးဘက်ပေါင်းစုံ အကျပ်အတည်းတွေ့လာရတဲ့ အခြေအနေတွေပေါ်မှာ အန်ကယ်လ်ရယ် ဒီနိုင်ငံရေး အခုလိုမျိုး လိပ်ခဲတင်းတင်းဖြစ်နေတာနဲ့ ဘယ်လိုဖြေရှင်းကြမလဲခင်ဗျ။
ဦးအေးသာအောင်။ ။ဟုတ်ပါတယ် လယ်ယာမြေပြဿနာတွေ၊ ပညာရေးကိစ္စတွေ၊ ဒါတွေကိုလည်း ကျနော်တို့ဟာ တပြိုင်တည်း တပါတည်းလုပ်နေရင်းနဲ့ အဓိကနိုင်ငံရေးပြဿနာဟာကို လုပ်ဖို့လို့မယ်လို့ ထင်ပါတယ်၊ အဲ့ဒီတော့ ကျနော်တို့တိုင်းပြည်ရဲ့ ဘက်စုံယိုယွင်းကျဆင်းနေတဲ့ အနေအထားပေါ်မှာ အဓိကအကျဆုံးကတော့ ကျနော်တို့ နိုင်ငံဖြစ်စဉ်တွေ အရင်ဆုံးပြောင်းလဲဖို့လိုတယ်၊ ဒါတွေအတွက် ၂ဝဝ၈ ဖွဲ့စည်းပုံကို မပြင်မဖြစ်ပြင်ဖို့လိုမယ်၊ ပြင်ဖို့အတွက်လည်းပဲ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းသင့်တယ်လို့ ပြောချင်ပါတယ်။
ကိုနေရိန်ကျော်။ ။ဆိုတော့ အန်ကယ်လ် ဒီပြဿနာတွေအားလုံးကို ဖြေရှင်းနိုင်မဲ့ အကောင်းဆုံးနည်းလမ်းပေါ့၊ အဲ့ဒါဘယ်လိုနည်းလမ်း ဖြစ်မယ်ဆိုတာမျိုး အန်ကယ်လ်အနေနဲ့ ဘယ်လိုအကြံပေးနိုင်မလဲခင်ဗျ။
ဦးအေးသာအောင်။ ။ကျနော်တို့ မြန်မာနိုင်ငံက အထွေထွေအကျပ်အတည်းဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေအားလုံးဟာ အားလုံးကို တပ်မတော်၊ အစိုးရ၊ နိုင်ငံရေးပါတီအဖွဲ့အစည်း၊ လူမှှုအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ညီလာခံလို့ပဲခေါ်ခေါ် အစည်းအဝေးလို့ပဲပြောပြော အဲ့ဒီလိုညီလာခံတစ်ရပ်ကျင်းပပြီးတော့ ဆွေးနွေးညှိနှှိုင်းပြီးတော့ အမျိုးသားနိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ် ချမှတ်ဆောင်ရွက်ခြင်းက အကောင်းဆုံးဖြစ်မယ်လို့ ပြောချင်ပါတယ်။
ကိုနေရိန်ကျော်။ ။ဟုတ်ကဲ့၊ ဟုတ်ကဲ့ အန်ကယ်လ်၊ ကျေးဇူးတင်ပါတယ်။
ဦးအေးသာအောင်။ ။ဟုတ်ကဲ့၊ ဟုတ်ကဲ့။