ရန်ကုန်မြို့လယ်က တရုတ်ငွေလိမ်ဂိုဏ်း လုပ်ငန်း စတင်ပိတ်သိမ်း

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် အထက်ပန်းဆိုးတန်းလမ်းက MMB Tower မှာ ငွေလိမ်ဂိုဏ်းတွေ ရှိနေတဲ့အကြောင်း စက်တင်ဘာလ ၅ ရက်နေ့မှာ RFA က သတင်းထုတ်လွှင့်ခဲ့ပြီးနောက် စက်တင်ဘာလ ၈ ရက်နေ့ကတော့ အဲဒီမှာ အလုပ်လုပ်နေသူ အားလုံးနီးပါးကို ပြန်ခိုင်းပြီး ကွန်ပျူတာနဲ့ ရုံးတွင်းပစ္စည်းတွေကို သိမ်းသွားကြပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝန်ထမ်းတစ်ယောက်က RFA ကို ပြောပါတယ်။
(ကနဦးသတင်းတင်ပြချက်ကို ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။)
မေး - MMB Tower မှာအလုပ်လုပ်နေတာ ဘယ်လောက်ရှိပြီလဲ။
ဖြေ - ရက်ပိုင်းပဲ ရှိပါသေးတယ်။
မေး - ခင်ဗျားတို့ကရော တခြားနိုင်ငံကလူတွေကို လိမ်ရတာပဲလား၊ ဘယ်လိုလဲ။
ဖြေ - အထပ်တိုင်းမှာတော့ အဲဒီလိုပဲ လုပ်နေကြတာပဲ။ ငါးလွှာမှာဆိုလည်း RFA သတင်းထဲကလိုပဲ၊ ခြောက်လွှာမှာဆိုရင် ထိုင်းတွေ ရှိတယ်။ ရှစ်လွှာမှာတော့ နိုင်ငံခြားသားတွေ မရှိဘူး။ အဲဒီမှာ SHEIN ဆိုတဲ့ ကုမ္ပဏီကျတော့ အွန်လိုင်းရှော့ပင်းပုံစံမျိုး။ သူက စင်္ကာပူမှာအခြေစိုက်တယ်လို့တော့ ပြောတာပဲ။ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေကို ဦးတည်တယ်ဗျ။ ဘဏ်ကတ်တွေ ဘာတွေလဲ သူတို့က အဆင်ပြေတယ်။ အင်ဂျင်နီယာတို့၊ အိုင်တီသမားတို့၊ အသက်နှစ်ဆယ်ကျော်တို့ဆိုရင် မလုပ်ရဘူး။ အသက် ၃၀ ကျော် စီးပွားရေးကောင်းတဲ့သူတွေကို ဦးတည်တယ်။
မေး - အဲဒီရှစ်လွှာမှာဘယ်နှစ်ယောက်လောက်လုပ်နေလဲ။
ဖြေ- အယောက် ၃၀ လောက်တော့ရှိမယ်။
မေး - ကျနော်တို့ကို ပြောတဲ့သူတွေက… သူတို့ကကျတော့ အမျိုးသား၊ အမျိုးသမီးကြားမှာ လိင်ပိုင်းဆိုင်ရာ ပြီတီတီလုပ် မြူဆွယ်ရတယ်ပေါ့လေ။ ပြီးတော့မှ ပစ္စည်းတစ်ခုခုဝယ်ခိုင်းပြီး သူ့ဘဏ်ကိုဖောက်တာလို့ ပြောပါတယ်။ ခင်ဗျားတို့ရော အဲဒီလိုပဲ လုပ်ရတာလား။
ဖြေ - ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ပြောရမယ်ဆိုရင် အကုန်လုံး အတူတူပါပဲ။ အရင်ဆုံး ဘယ်လိုလဲဆိုရင် Tantan, Tag, Language Exchange, Meeff ဆိုတဲ့ Dating app တွေကိုသုံးပြီးတော့ လူရှာတယ်ပေါ့။ သူငယ်ချင်းပုံစံ ရင်းနှီးအောင်အရင်လုပ်ပြီး သူ့အသက်တို့၊ အလုပ်အကိုင်တို့ မေးတာပေါ့နော်။ ရက်ပိုင်းလောက်ကြာလို့ ရင်းနှီးလာရင် Whatsapp အကောင့်ပေးပြီး ခေါ်တယ်။ စကားတွေ ပြောနေရတယ်။ Relationship (သမီးရည်းစားဆက်ဆံရေး) ပုံစံနဲ့ Friendship (မိတ်ဆွေသူငယ်ချင်း) ဆိုတဲ့ ပုံစံနှစ်မျိုးမှာ Relationship ကို ပိုသဘောကျတယ်။ ကိုယ့်ကိုလည်း ယုံကြည်လာအောင် ကိုယ့်စီးပွားရေးလုပ်ငန်းတွေ ချပြတယ်။ ပြီးရင် ဒီ SHEIN မှာလည်း အွန်လိုင်းစီးပွားရေး လုပ်နေပါတယ် ဆိုတာမျိုး ပြောရတယ်။ ရင်းနှီးလာပြီ ဆိုတဲ့အခါကျတော့ အဲဒီတဘက်လူရဲ့ မှတ်ပုံတင်တို့၊ ဘာတို့ တောင်းပြီး Register လုပ်ခိုင်းတာ။ ပထမတော့ ငွေသွင်းစရာမလိုဘူး။ နောက်… ပစ္စည်းမှာတဲ့အော်ဒါ ရပြီဆိုမှ ငွေသွင်းရမှာဆိုပြီးတော့ တဘက်လူနားဝင်အောင် သေချာရှင်းပြရတယ်။ ဟိုဘက်က စိတ်ဝင်စားပြီဆိုရင် စာရင်းသွင်းဖို့ ဝက်ဆိုက်လင့်တစ်ခု ချပေးတယ်။ ကျန်တဲ့အပိုင်းက နောက်လူတွေက ဆက်ပြီး တာဝန်ယူတယ်။ လက်ရှိကတော့ သူတို့အားလုံး ကွန်ပျူတာတွေသိမ်းပြီး အားလုံးကို ပြန်ခိုင်းလိုက်ပြီ။
မေး - ဪ။ ဘာလို့လဲ၊ RFA သတင်းမှာ ပါပြီးတော့ ဖြစ်လာတာလား။
ဖြေ - ဟုတ်တယ်။ အဲဒီသတင်း ပါပြီးတဲ့နောက်ပိုင်း အရမ်းကြီး Alert ဖြစ်နေတယ် (သတိထားနေတယ်)။ တစ်ခုခုဆိုရင် အရမ်းကြီး သတိထားနေကြတယ်။ နောက်ပြီး တော့ တစ်ခုခုဆို သူတို့ဆီမှာ သတင်းက ကြိုရောက်နေတယ်။ သတင်းပေးတဲ့လူ ရှိတယ်နဲ့တူတယ်ဗျ။ တစ်ခုခုဆို “စစ်မယ်နော် ပြင်ဆင်စရာရှိတာ ပြင်ဆင်ထား”… အဲဒီလိုမျိုး သတင်းပေးတဲ့ပုံစံမျိုး ပေါက်နေတယ်။
“အသက် ၄၀ လောက် တရုတ်လူမျိုး စစ်စစ်ပါ။ မြဝတီဘက်မှာ တစ်ခါမြင်ဖူးတယ်။ သူ့လုပ်ငန်း ရန်ကုန်ကို ရွှေ့လာတာထင်တယ်”
မေး - အဲဒီမှာ လုပ်နေတဲ့သူတွေက ဘယ်အသက်အရွယ်တွေ များလဲ။
ဖြေ - ၂၀ ကျော်လေးတွေပဲဗျ။
မေး - သူတို့ အဲဒီမှာလုပ်နေတာ ကြာပြီလား။
ဖြေ - သိပ်တော့ မကြာကြပါဘူး။ လပိုင်းလုပ်ပြီး ထွက်သွားကြတာ များတယ်။ ကြာတဲ့သူတွေကတော့ ဆူပါဗိုက်ဇာ (Supervisor) တို့ မန်နေဂျာတို့ပဲ။
မေး - မန်နေဂျာက ဘယ်သူလဲ။
ဖြေ - အသက် ၂၁ အရွယ် မိန်းကလေးပဲ။ သာကေတ ကလို့ သိရတယ်။
မေး - အလုပ်ရှင်ကရော ဘယ်သူလဲ။ အသက် ဘယ်လောက်ရှိပြီလဲ။ ခင်ဗျား မြင်ဖူးလား။
ဖြေ - အသက် ၄၀ လောက်ပဲ။ တရုတ်လူမျိုး စစ်စစ်ပါ။ သူ့ကို မြဝတီဘက်မှာ တစ်ခါမြင်ဖူးတယ်။ သူ့လုပ်ငန်း ရန်ကုန်ကို ရွှေ့လာတာထင်တယ်။
မေး - သူရော ရန်ကုန်မှာနေတာလား။ ဘယ်မှာနေတယ်လို့ သိထားလဲ။
ဖြေ - ရန်ကုန်တော့ ရန်ကုန်မှာပဲ။ ဘယ်မှာနေလဲဆိုတာ အတိအကျတော့မသိဘူး။
မေး - တခြားအထပ်က ငွေလိမ်တဲ့ကုမ္ပဏီတွေက ပိုင်ရှင်ကရော တစ်ယောက်တည်းလား။ တစ်ယောက်စီလား။ ဘယ်လို သိထားလဲ။
ဖြေ - တစ်ယောက်စီ ထင်တယ်။ စီးပွားရေးပါတနာတွေတော့ ဖြစ်ဖို့များတယ်။
“ကျနော်လည်း အမြဲဆုတောင်းနေတယ်၊ ငါရှာပေးတဲ့သူတွေ အလိမ်မခံရပါစေနဲ့ ဆိုပြီး”
မေး - လူငယ်တွေက ဒီအလုပ်ကို လိမ်ရမယ့်အလုပ်ဆိုတာ သိကြလား။ ဘာကြောင့် လုပ်နေကြတယ်လို့ ထင်လဲ။
မေး - တချို့လည်း သိတယ်။ တချို့ကတော့ အလုပ်ဝင်မှသိတယ်။ ဘာလို့လုပ်လဲဆိုတော့ အကိုရာ ဒီမှာ အလုပ်တွေကရှားတယ်၊ ရရင်လည်း လစာက တစ်သိန်းရှစ်သောင်း၊ နှစ်သိန်းပဲ။ ဒီမှာက ငါးသိန်းကနေ စတယ်။ ရက်မှန်ကြေးငါးသောင်း ထပ်ပေးတယ်။ လူရှာလို့ရရင် ရသလို ထပ်ပေးတော့ တချို့က ၇ သိန်း ၈ သိန်း ရကြတယ်။ ပြီးတော့ တစ်ရက်ကို ထမင်းလေးနပ် ကျွေးတယ်။ ရေခဲသေတ္တာနဲ့ အဲယားကွန်းနဲ့ လိုလေးသေးမရှိ ထားပေးတယ်… ဆိုတော့ လူငယ်တွေလည်း မက်ကြတာပေါ့။ ဒါပေမဲ့ အများစုက မလိမ်ချင်ကြတော့ ခဏလုပ်ပြီး ထွက်သွားကြတာပါ။ ဒီအလုပ်မှာ ခဏလုပ်မယ်။ နောက်တစ်ခုပြောင်းမယ် ဆိုပြီး အဲလိုမျိုး ခုန်တဲ့သူတွေလည်းအများကြီးဗျ။
မေး - ခင်ဗျားရော ဒီအလုပ်ကို သိပြီးလုပ်တာလား၊ ဘာကြောင့် လုပ်တာလဲ။
ဖြေ - ကျနော်လဲ ဒီလိုပေါ့အကိုရာ၊ အလုပ်မရှိတဲ့အချိန် ဒီအလုပ်ရလို့ ခဏ ဝင်လုပ်နေတာ။ ကျနော် အခုထိ လူရှာရသမျှမှာတော့ လူမပေါက်သေးပါဘူး။ “ပေါက်တယ်” ဆိုတာက လိမ်လို့ရတဲ့သူကို ပြောတာ။ ကျနော်လည်း အမြဲဆုတောင်းနေတယ် ‘ငါရှာပေးတဲ့သူတွေ အလိမ်မခံရပါစေနဲ့’ ဆိုပြီး။
မေး - တခြားဘယ်နေရာတွေမှာ ဒါမျိုးလုပ်နေကြတယ်လို့ သိထားသေးလဲ။
ဖြေ - ဒီနေရာကိုပဲ ကျနော်သိတာပါ။ ဒါတောင် အရင်ကမသိဘဲ အခုသိလိုက်လို့၊ ရန်ကုန်မှာ ဒါမျိုးတွေရှိတယ်ဆိုတာ အံ့သြလို့။