NLD နိုင်ငံလုံးဆိုင်ရာ ဗဟိုကော်မတီ အစည်းအဝေးအကြောင်း ဦးဝင်းမြင့်နဲ့ မေးမြန်းချက်


2014.12.08

လာမယ့် ဒီဇင်ဘာလ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပမယ့် နိုင်ငံလုံး ဆိုင်ရာ ဗဟိုကော်မတီအစည်းဝေးကို ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟိုကော်မတီဝင် ၁၂ဝ ဝန်းကျင် တက်ရောက်မှာဖြစ်ပါတယ်။

အစည်းအဝေးနဲ့ပတ်သက်ပြီး ဗဟိုကော်မတီဝင် ဦးဝင်းမြင့်ကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ် မေးမြန်းထားပါတယ်။

မဝေမာထွန်း။    ။တစ်နိုင်ငံလုံးဆိုင်ရာ ဗဟိုအစည်းအဝေးမှာတော့ ဘာကိစ္စတွေများ ဆွေးနွေးကြမလို့ပါလဲရှင့်။

ဦးဝင်းမြင့်။       ။ကျနော်တို့က ဗဟိုအလုပ်အမှှုဆောင်ရဲ့ လုပ်ဆောင်ချက်တွေ ဗဟိုကော်မတီကို ရှင်းလင်း တင်ပြဖို့ရှိတယ်၊ နောက်တစ်ခါ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ လုပ်ငန်းကော်မတီတွေရှိတယ်၊ ဥပမာ လယ်သမားတို့ အလုပ်သမားတို့ စသည်ဖြင့်ပေါ့ဗျာ၊ ပညာရေးတို့ ကျန်းမာရေးတို့ အဲ့ဒီလုပ်ငန်းကော်မတီ အလိုက် ပြန်ကြားရေးတို့အစပေါ့နော်၊ သူ့ကော်မတီအလိုက် အစီရင်ခံစာတင်တာရှိမယ်၊ ပြီးတဲ့အခါကျတော့ အဲ့ဒီအစီရင်ခံစာ တင်တဲ့အပေါ်မှာ ပြည်နယ်နဲ့ တိုင်းကတက်လာတဲ့ ဗဟိုကော်မတီတွေက ဆွေးနွေးတာတွေ လည်းရှိမယ်၊ အဲ့ဒီမှာရှိနေတဲ့ နိုင်ငံရေး၊ စည်းလုံးရေးတွေ ပတ်သက်လို့ပေါ့ဗျာ၊ ပြည်သူလူထု တွေကြုံနေရတဲ့ အခက်အခဲ အကြပ်အတည်းတွေနဲ့ ပတ်သက်လို့လည်း ပြည်နယ်နဲ့ တိုင်းကတက်လာတဲ့ ဗဟိုကော်မတီကနေ ပြီးတော့ ဒီတင်သွင်းတာလည်းရှိမယ်၊ အဲ့ဒီအပေါ်မှာလည်း ကျန်တဲ့ ပြည်နယ်နဲ့တိုင်းက ဆွေးနွေးတာတွေ လည်းရှိမယ်။

မဝေမာထွန်း။    ။NLD ကပါတီ ဥက္ကဌဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မယ်လို့ သိရတယ်ရှင့်။

ဦးဝင်းမြင့်။       ။ဟုတ်ကဲ့ တက်မှာပါခင်ဗျ။

မဝေမာထွန်း။    ။၂ဝ၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုဆုံးဖြတ်သွားဖို့၊ စီစဉ်သွားဖို့များ ရှိလဲရှင့်။

ဦးဝင်းမြင့်။       ။အဲ့ဒါကတော့ ကျနော်တို့ ဗဟိုကော်မတီတွေ ဆွေးနွေးညှိနှှိုင်းပြီးတော့မှ သိမှာလေ၊ ကျနော်တို့က သူတို့တင်မဲ့စာတမ်းအထိတောင် မသိသေးဘူး၊ ဗဟိုကော်မတီတွေကတင်လာမဲ့ ဒီလုပ်ငန်းကော်မတီတွေနဲ့ တင်လာမဲ့စာတမ်းတွေလည်း မသိသေးဘူး၊ သူတို့တင်လာပြီးမှ ကျနော်တို့ ဆွေးနွေးညျှိနှှိုင်းလို့ ရမှာပေါ့၊ တင်မတင်တော့ ကျနော်တို့ မသိသေးဘူး၊ ကျနော်တို့ ဒါတော့ကြိုပြောလို့ မရဘူး။

မဝေမာထွန်း။    ။ဗဟိုကော်မတီအစည်းအဝေးမှာ ၂ဝ၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးဖြစ်နိုင်တဲ့ အခြေအနေတွေရော ရှိလားရှင့်။

ဦးဝင်းမြင့်။       ။ဒါကလည်း ဆွေးနွေးနိုင်မဲ့ အခြေအနေတွေရှိပါတယ်၊ ၂ဝ၁၅ နဲ့လည်းနီးပြီဆိုတဲ့အခါကျတော့ ဥပမာဆိုလို့ရှိရင် ၁၅ ရက်လောက်ပဲ ကျန်တဲ့အခါကျတော့ ပြည်နယ်နဲ့တိုင်း တစ်ခုခုကတင်လာတဲ့အပေါ်မှာ ဒါမှမဟုတ်လို့ရှိရင် လုပ်ငန်းကော်မတီက တင်တဲ့အပေါ်မှာ ဆွေးနွေးနိုင်တဲ့ အနေအထားလည်းရှိပါမယ်။

မဝေမာထွန်း။    ။NLD အနေနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့အတွက်ပေါ့နော်၊ ကိုယ်စားလှယ်လောင်းတွေ စီစဉ်နေတာမျိုးတွေ ရှိပြီလားမသိဘူး။

ဦးဝင်းမြင့်။       ။ကျနော်တို့ အဲ့ဒီအထိဘာမှ မရောက်သေးဘူးဗျ၊ ခုနကပြောသလို ကိုယ်စားလှယ်လောင်း တောင်း တာတို့ ဘာတို့ညာတို့ ဘာမှတော့ ကျနော်တို့ မရှိသေးဘူး၊ ဒါပေမဲ့ ကျနော်တို့ရဲ့ ကိုယ်စားလှယ်လောင်း အရည် အချင်းသက်မှတ်ချက်ကတော့ ၂ဝ၁၂ ကအတိုင်းပဲဗျ၊ ပညာအရည်အချင်းပေါ့နော်၊ ဘာသာရပ်ဆိုင်ရာရော နောက် တစ်ခါ လုပ်ငန်းအတွေ့အကြုံရော စသည်ဖြင့်ပေါ့၊ အရည်အချင်းပေါ်မှာလည်းကြည့်မယ်၊ နောက်တစ်ခုက NLD ကိုအမျိုးသမီးတွေပေါ့ ကိုယ်စားလှယ်တွေ အဓိပ္ပါယ်ရွေးချယ်တဲ့ အခါမှာလည်းကြည့်မယ်၊ ပြီးရင်ဦးစားပေးတာက လူငယ်ပေါ့၊ လူငယ်တွေအပေါ်မှလည်းကြည့်မယ်၊ နောက်ထပ်ဦးစားပေးတာက တိုင်ရင်းသားပေါ့၊ တိုင်းရင်းသား က ဘာဖြစ်လို့ဒီလို ကျနော်တို့ နံပါတ် ၄ နေရာမှာရောက်လည်းဆိုတော့ ရှေ့မှာက အရည်အချင်းတွေကရော၊ အမျိုးသမီးတွေကရော၊ လူငယ်တွေကရော၊ တိုင်းရင်းသားတွေအနေနဲ့လည်း ပါလာနိုင်တယ်လေ၊ အဲ့မှာထပ်ပြီပေါ့၊ အဲ့လိုပါခဲ့ပြန်ရင်လည်း တိုင်းရင်းသားတွေထဲက သူ့ဒေသနဲ့သူပေါ့ဗျာ၊ ပြည်နယ်တိုင်းအလိုက် တိုင်းရင်းသားတွေ မကျန်ရအောင်လို့ ကျနော်တို့က တိုင်းရင်းသားတွေကို ၄ ခုကို အဆင့် ၄ ဆင့်နဲ့ ၂ဝ၁၂ ကမူအတိုင်းပဲ ရပ်တည် ထားတော့ ရှိတယ်ဗျ။

မဝေမာထွန်း။    ။ဝင်ပြိုင်မဲ့ မဲဆန္ဒနယ်ကျတော့ရော တစ်နိုင်ငံလုံးအတိုင်းအတာ အနေနဲ့ကျရင် ဘယ်လောက်လောက်ဆိုတာမျိုး ပျမ်းမျှသက်မှတ်ထားတာမျိုးရော ရှိပြီလားမသိဘူး အန်ကယ်လ်။

မဝေမာထွန်း။    ။ကျနော်တို့ အဲ့ဒါတွေကတော့ အခုကတော့ ဘာမှသက်မှတ်ချက်တွေဘာတွေ မဆွေးနွေး ရသေးဘူးဗျ၊ ဒါတွေကတော့ ၂ဝ၁၅ အတွက်က အခုဟာက ဘယ်လိုအရည်အချင်းတွေလည်း ဝင်ပြိုင်လို့ရှိရင် ဘယ်လိုအရည်အချင်းတွေ သက်မှတ်မလဲ၊ ဝင်ပြိုင်ရင်ရွေးနိုင်တဲ့ အရည်အချင်းတွေကို ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလ မူအတိုင်ပဲ ကျနော်တို့ရှိတာပါ၊ ဘယ်မဲဆန္ဒနယ်တွေ ဘာတွေ ကျနော်တို့ ဘာမှဆွေးနွေးဆုံးဖြတ်တာတွေ မရှိသေးဘူးဗျ၊

မဝေမာထွန်း။    ။NLD တစ်နိုင်ငံလုံးဆိုင်ရာ ဗဟိုကော်မတီ အစည်းအဝေးမတိုင်ခင် ၁၁ ရက်နေ့ကျရင်လည်း CEC အစည်းအဝေးတစ်ခုရှိတယ်လို့ ကြားလို့ရှင့်၊ အဲ့ဒါကရော ဘယ်ကိစ္စတွေများ ဆွေးနွေးဖြစ်မလဲမသိဘူး။

ဦးဝင်းမြင့်။       ။၁၁ ရက်နေ့ CEC ကလည်းဒီလိုပါ၊ ဗဟိုကော်မတီလုပ်တဲ့အခါမှာ အစီအစဉ်တွေပေါ့ ဗျ၊ နောက်တစ်ခုက အဲ့ဒီမှာတင်သွင်းမဲ့ ဗဟိုအလုပ်အမှှုဆောင်ရဲ့စာတမ်းတွေဘာတွေပေါ့၊ ဒါတွေလည်း ဆွေးနွေးဖို့ရှိတယ်။

မဝေမာထွန်း။    ။NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ပါ တက်ရောက်မယ်ဆိုတော့လေ သူ့အနေနဲ့ပေါ့လေ ဘာတွေများအရေးတကြီး ပြောစရာတွေများရှိတဲ့သဘောမျိုးများရှိလဲ မသိဘူး။

ဦးဝင်းမြင့်။       ။အဲ့ဒါကတော့ ကျနော်တို့လည်း မပြောတက်ဘူးဗျ။

မဝေမာထွန်း။    ။အခုလိုဖြေကြားပေးတာ အန်ကယ့်လ်ကို ကျေးဇူးတင်ပါတယ်ရှင့်။

ဦးဝင်းမြင့်။       ။ဟုတ်ကဲ့၊ ဟုတ်ကဲ့။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။