ချင်းမိုင်မြို့က အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် ဆွေးနွေးပွဲ အကြောင်း မေးမြန်းချက်
2014.11.25
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ခေါင်းဆောင်တွေဖြစ်တဲ့ ဦးနိုင်ဟံသာ၊ ဖဒိုကွယ်ထူးဝင်းတို့ ဦးဆောင်တဲ့အဖွဲ့ဟာ မြန်မာငြိမ်းချမ်းရေးစင်တာ အကြံပေးပုဂ္ဂိုလ်တွေဖြစ်တဲ့ ဒေါက်တာမင်းဇော်ဦး၊ ဦးညိုအုန်းမြင့်တို့နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နှစ်ရက်ကြာဆွေးနွေးခဲ့ပါတယ်။
အဲ့ဒီဆွေးနွေးပွဲမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မှာ ကျန်နေတဲ့အချက်တွေကို ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ပြောပါတယ်။
ဒေါက်တာမင်းဇော်ဦးကို RFA သတင်းထောက် မစန်းမော်အောင်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
ဒေါက်တာ မင်းဇော်ဦးနဲ့ မေးမြန်းချက် အပြည့်အစုံ
မစန်းမော်အောင်။ ။ အခုလိုမျိုး အလွတ်သဘောတွေ့ဆုံမှုကရော ဒီတစ်ခေါက်ဆွေးနွေးမှုမှာ ဘာတွေများဆွေးနွေးကြတယ်၊ ဆရာတို့ အနေနဲ့ရော ဘယ်လိုအချက်တွေများ တင်ပြဆွေးနွေးကြလဲရှင့်။
ဒေါက်တာမင်းဇော်ဦး။ ။ အဓိက ကတော့ အခုကျနော်တို့ ဆွေးနွေးတာ technical ကိစ္စဆိုတော့ ကျန်တဲ့ အချက်ရှိတယ်လေ၊ issue ပေါင်း ၈ ခုရှိတယ်ပေါ့နော်၊ အဲ့ဒီအချက်တွေကို ကျနော်တို့ကနေပြီးတော့ ဘယ်လိုမျိုးကျော်လွှားနိုင်မယ့် နည်းလမ်းပေါ့နော်၊ အဖြေရှာတဲ့ ပုံစံမျိုး ကျနော်တို့ ၂ဖက်လုံးဆွေးနွေး ကြတာ ပါ၊ ဆွေးနွေးပြီးရင် NPC ကလူတွေကလည်း သူတို့ဘယ်လိုမျိုး ကျော်လွှားနိုင်တယ်ဆိုတဲ့ အချက်အလက်တွေကို အစိုးရဖက်ကို တင်ပြဖို့ရှိပါတယ်၊ ပြီးရင် NCCT ကလည်း ကျနော်တို့နဲ့ ဆွေးနွေးထားတဲ့ အချက်တွေအပေါ်မှာ သူတို့အနေနဲ့ အချို့ဟာတွေ မရှင်းလင်းတဲ့ဟာတွေပေါ့နော်၊ တစ်ဖက်နဲ့ တစ်ဖက်ရှင်း လင်းပြီးတော့ NCCT မှာပါတဲ့ အဖွဲ့ဝင်တွေလဲ ဆွေးနွေးကြမယ်လေ၊ သူတို့အစည်းအဝေး လုပ်မှာပေါ့၊ နှစ် ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမယ့် ပွဲကတော့ နောက်တစ်ချီမှာဖြစ်မှာပေါ့၊ ဖြစ်ဖို့အတွက် ပြင်ဆင်တဲ့ အနေနဲ့ ဆွေးနွေးကြည့်ကြတာပါ။
မစန်းမော်အောင်။ ။ အခုလိုမျိုး ချင်းမိုင်မှာတွေ့ဆုံမှုကရော ဘယ်အချက်တွေကိုများ တိုင်းရင်းသားခေါင်းဆောင်တွေက ထောက်ပြဆွေးနွေး မှုတွေရှိပါသလဲ
ဒေါက်တာမင်းဇော်ဦး။ ။ အရင်ဆွေးနွေးပွဲတုန်းက ဆွေးနွေးဖို့ သဘောတူညီချက်မရနိုင်သေးတဲ့ ကိစ္စတွေကို ဘယ်လိုကျော်လွှားနိုင်မယ်ဆိုတဲ့ အချက်တွေ နောက်တစ်ဖက်နဲ့ တစ်ဖက်နဲ့ တစ်ဖက်ရဲ့တောင်းဆိုချက်တွေ လက်ခံနားလည်နိုင်အောင် ရှင်းလင်းပြောပြတဲ့ သဘောလဲပါ ပါတယ်။
မစန်းမော်အောင်။ ။ အခုလိုမျိုး NCCT အဖွဲ့ဝင်တွေနဲ့ အလွတ်သဘောတွေ့ဆူံမှုကရော နောက်လာမယ့် ဆွေးနွေးပွဲတွေမှာ ဘယ်လောက်ထိ ထိရောက်နိုင် မလဲဆရာ၊ တင်းမာနေတဲ့ အခြေအနေရှိတယ်ဆိုတော့ နောက်တစ်ကြိမ်အစည်းအဝေးတွက်ကိုရော ဆရာတို့ ဘယ်လိုမျိုး ခန့်မှန်းထားပါလဲ။
ဒေါက်တာမင်းဇော်ဦး။ ။ လိုင်ဇာမှာ လက်နက်ကြီးပစ်ခတ်တဲ့ အပေါ်မှာ၊ ဗိုလ်လောင်းတွေကျဆုံးခဲ့တဲ့ အပေါ်မှာ တစ်ဖက်နဲ့ တစ်ဖက်ယုံကြည်မှု တည်ဆောက် ရေးကတော့ ထိခိုက်တဲ့ သဘောတော့ရှိတာပေါ့
မစန်းမော်အောင်။ ။ ထပ်ပြီးတော့ ကျန်ရှိတဲ့ ဆရာတို့ဆွေးနွေးတဲ့ အချက်မှာရော သူတို့ကရော ဘယ်လိုဆန္ဒတွေများရှိပါလဲဆရာ
ဒေါက်တာမင်းဇော်ဦး။ ။ အဓိက ကတော့အရင်တုန်းကပေါ့နော် တိုင်းရင်းသားခေါင်းဆောင်တွေဖက်က နိုင်ငံရေး ဆွေးနွေးမှုတွေအတွက် အာမခံချက်တွေ လိုချင်တဲ့ဟာတွေရှိတယ်၊ ကြားကာလဆိုင်ရာ ကိစ္စတွေအတွက် အာမခံချက်တွေ လိုချင်တဲ့ဟာတွေရှိတယ်၊ ကျနော်အနေနဲ့ လက်ရှိ ရှိနေတဲ့ အခက်အခဲ ကို ကျော်လွှားနိုင်ဖို့ အတွက် ဘာတွေရှိရမယ်ရမယ်၊ ဘာတွေရှိသင့်တယ် ဒါကိုအခြေခံပြီး ကျနော်တို့ကဆွေးနွေးမှာပါ။
မစန်းမော်အောင်။ ။ အဲ့ဒါဆို နိုင်ငံရေးဆွေးနွေးတဲ့ အာမခံချက်တွေ လိုချင်တယ်ဆိုတော့ ဘယ်အချက်တွေများ သူတို့ဖက်ကနေ ထောက်ပြဆွေးနွေးတာရှိလဲ ဆရာ
ဒေါက်တာမင်းဇော်ဦး။ ။ ကျနော်တို့ဆွေးနွေးတဲ့ အခါမှာ ဒီနိုင်ငံရေးဆွေးနွေးမှု အာမခံချက်ဆိုတာ ဥပမာရလာတဲ့ သဘောတူညီချက်တွေကို လွှတ်တော်မှာ ဘယ်လိုမျိုး အတည်ပြုမယ်ဆိုတဲ့ ကိစ္စတွေကို ဆွေးနွေးကြတဲ့ဟာ ရှိတယ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေး ပွဲကြီးဖြစ်လာမယ်၊ ဖြစ် လာတဲ့ ပြည်ထောင် စု ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီးက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ ကိစ္စတွေမှာရော ဘယ်လိုမျိုးသက်ရောက်မှုရှိမလဲ စတဲ့ ကိစ္စတွေကို ကျနော်တို့ဆွေးနွေး တာရှိတယ်၊ ဒါကတော့ အဓိက နိုင်ငံရေးနဲ့ပတ်သက်တဲ့ ကိစ္စပေါ့နော်၊ ဘယ်လိုအမြင်တွေကို တစ်ဖက်ကနားလည်တယ်ဆိုရင် စဉ်းစားတဲ့ အခါမှာလဲ ပိုပြီး ထိရောက်မှုရှိတာပေါ့
မစန်းမော်အောင်။ ။ NCCT အဖွဲ့ဝင်တွေရဲ့ သဘောထားမှာရော သူတို့ရဲ့ ယုံကြည်မှုတွေ ပိုတိုးလာမှုတွေရှိလား တပ်မတော်ပိုင်းဆိုင်ရာ အပိုင်းတွေမှာ တစ်ချို့မယုံကြည်မှုတွေ ရှိနေသေးတဲ့ အတွက်ရော သူတို့မှတ်ချက်တွေက ဘယ်လိုမျိုးတွေရှိလဲဆရာ
ဒေါက်တာမင်းဇော်ဦး။ ။ အခုဆွေးနွေးတဲ့ အခါမှာလဲ ကျနော်တို့ဘက်ကရတဲ့ အမြင်ကတော့ နှစ်ဖက်လုံးမှာတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ဆက်သွားမယ်၊ လုပ်သွားမယ် ဆိုတဲ့ဟာကိုတော့ တွေ့ရတာပေါ့
မစန်းမော်အောင်။ ။ ဆရာတို့ ဘက်ကမှတ်ချက်ကရော ဘယ်လိုမျိုးရှိပါလဲရှင့်၊ အခုလိုဆွေးနွေးမှုကနေ တိုးတက်မှုများမြင်ယောင်လာပြီလားဆရာ
ဒေါက်တာမင်းဇော်ဦး။ ။ NCCT ဖက်ကခေါင်းဆောင်တွေကလဲ သူတို့တွေရဲ့ ဘာကြောင့်မို့လို့ ဒီလိုသဘောထားတာလဲ စတဲ့အချက်တွေကို ရှင်းပြတယ်ပေါ့နော်၊ အဓိက ကတော့ တစ်ဖက်နဲ့ တစ်ဖက်အပြန်အလှန် ရှင်းပြကြတဲ့ သဘောပါ၊ စိုးရိမ်ချက်တွေ ဘာကြောင့် တောင်းဆိုမှုတွေကို တစ်ဖက်က ပိုနားလည်မှပဲ ဆွေးနွေးပွဲမှာ ဒီနှစ်ခုလုံးကို စဉ်းစားပြီးတော့ ဘယ်လိုမျိုးရှေ့ကိုသွားနိုင်မလဲ ဆိုတာလုပ်ရမယ်ဆိုတဲ့ ပြင်ဆင်ဖို့အတွက်က ပိုပြီးအားကောင်းသွားမယ်။