လွတ်မြောက်လာသူ ကချင်ပြည်နယ် အစိုးရဝန်ကြီးနဲ့ မေးမြန်းချက်
2015.01.15
ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူနော်နဲ့ လုံခြုံရေးလိုက်ပါခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ကေအိုင်အေတပ်မဟာ ၂ လက်အောက်ခံတပ်သားတွေက မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဝှေခါ -ဝေလုံ တောင်ကြောပေါ်မှာ မနေ့က စစ်ဆေးထိန်းသိမ်းခဲ့ပါတယ်။ အဲ့ဒီထဲက ဝန်ကြီး ဦးကမန်းဒူနော် ကို ပြန်လည်လွှတ်ပေးခဲ့ပေမဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးထားဆဲဖြစ်ပါတယ်။
ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူနော်ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ကိုကျော်မျိုးမင်း။ ။ဝန်ကြီးခင်ဗျ ဝှေခါ-ဝေလုံ တောင်ကြောပေါ်မှာ မနေ့ကဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်ပြီး အခြေအနေမှန်ကိုသိပါရစေ ခင်ဗျ။
ဦးကမန်းဒူနော်။ ။မနေ့က ကျနော်တို့ ဖားကန့်မှာ အစည်းအဝေးပြီးတော့မှ ၁ဝ နာရီ ၂ဝ မိနစ်လောက်ကိုထွက်လာတယ်၊ သူတို့နဲ့တွေ့တဲ့အချိန်မှာ ကျနော်တို့ကိုထိုင်ခိုင်းထားပါတယ်၊ သူတို့ပြန် လွှတ်တဲ့အခါကျတော့ ၁၂ နာရီနဲ့ ၁ဝ မိနစ်လောက်မှာ သွားနိုင်မယ်ဆိုမှ ကျနော်တို့ကိုပြန်လွှတ်တယ် ၊ ပြန်လွှတ်တော့ဆင်းလာတော့ ပထမဆုံးရွာလေးကို မေးကြည့်လိုက်တယ်၊ ဘာရွာလည်းဆိုတော့ ဝေလုံ တဲ့၊ သြော်ဒါဆိုရင် ဒါဝေလုံတောင်ပဲ၊ ဒီနေရာမှာ ဘာဖြစ်လဲဆိုတော့ ကျနော်တို့မသိဘူးလေ၊ အဲ့ဒီကစ ပြီး တောက်လျှောက်ဆင်းတယ်ပေါ့လေ၊ ဝေလုံကနေဆင်းတယ်၊ ဝက်ထီးကန်တောင်နဲ့ ဝေလုံတောင် ဒီကြားမှာတွေ့တာပဲ၊ ရဲတွေကိုတော့ လက်နက်နဲ့ဖမ်း ကြိုးချည်သွားတယ်၊ ကျနော်တို့ဟာလည်းပဲ လမ်းကြောင်းကို မိုးကောင်းကနေပြီး ဖားကန့်ထိအောင် ကျနော်တို့ လမ်းလုပ်နေမှုဆောင်ရွက်ချက်တွေကို ကြည့်ရှု့ဖို့ လိုအပ်တဲ့နေရာမှာ ညွှန်ကြားစရာရှိရင်ညွှန်ကြား၊ မှာကြားစရာရှိရင်မှာကြားဖို့ဆိုပြီး သွားတာပါ။
ကိုကျော်မျိုးမင်း။ ။မနေ့ကအဖြစ်အပျက်ကြောင့် ကချင်ပြည်နယ်ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဘယ်လို ထိရောက်မှုမျိုး ဖြစ်နိုင်ပါလည်းခင်ဗျ။
ဦးကမန်းဒူနော်။ ။ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ကျနော်လည်းမကိုင်တွယ်တော့ မသိဘူးပေါ့ဗျာ၊ ဒါပေမယ့် ခုနကပြောသလို ဒီလိုဖြစ်လာရင်တော့ ပိုများရှုပ်သွားမလားဆိုတာ စိတ်ထဲမှာစိတ်မကောင်း ဘူးတော့ ဖြစ်မိတယ်၊ ဘာကြောင့်လဲဆိုတော့ အဖွဲ့နှစ်ဖွဲ့ကရန်စလို့ ထင်တယ်နော၊ ငြိမ်းချမ်းရေးကို လမ်းဝေး သွားမလားဆိုပြီး ကျနော်ပြန်ပြီး စိတ်မကောင်းဖြစ်မိတယ်။
ကိုကျော်မျိုးမင်း။ ။ဒီနေ့မနက်မှာလည်း ဖားကန့်ဘက်မှာတိုက်ပွဲဖြစ်တယ်လို့ ကျနော်တို့ကြားပါတယ်၊ မနေ့ကကိစ္စနဲ့ ဆက်စပ်မှုများရှိနိုင်မလားခင်ဗျ။
ဦးကမန်းဒူနော်။ ။ကျနော်တို့ ဒီရောက်မှ တိုက်ပွဲဖြစ်တယ် ဘာညာပြောတော့ ဒါလည်း ပြောလို့တော့မရဘူးပေါ့၊ သူတို့ တပ်ရဲ့သဘောကတော့ သူတို့အကြောင်းပဲသူတို့သိမှာပါလေ၊ ဒါကလည်း မပါလို့လည်း ပြောလို့မရဘူး၊ ပါတယ်လို့လည်းပြောလို့မရဘူး၊ ကျနော်ကတော့ မမှန်းတက်ဘူး အဲ့ဒါကတော့၊ စစ်ရေးသဘောတရားကတော့ ဒါကြောင့်ဖြစ်တယ် ဟိုဟာကြောင့်ဖြစ်တယ်ဆိုပြီး ကျနော်ကမမှန်းနိုင်ဘူး၊ မပြောတက်ဘူး။
ကိုကျော်မျိုးမင်း။ ။မနေ့ကဖြစ်စဉ်မှာ ဖမ်းဆီးခံထားရတဲ့ ရဲဝန်ထမ်း ၃ ယောက်ရဲ့နောက်ဆုံး အခြေအနေက ဘယ်လိုရှိပါသလဲ ခင်ဗျ။
ဦးကမန်းဒူနော်။ ။မနေ့ညနေကတော့ ဒီနေ့မနက်လွှတ်ပေးမယ်လို့ PCG ကအဲ့လိုပဲ ပြန်လွှတ်ပေး မယ် ပြောပါတယ်၊ အခုအချိန်ထိတော့ ကျနော်တို့ ပြန်လွှတ်ပေးတာမကြားသေးပါဘူး၊ တပ်ဘက်ကလည်း ပဲ ပြန်လွှတ်ပေးဖို့ပြောထားတဲ့ အကြောင်းကို PCG ဘက်ကို ပြောထားတုအြကြောင်းတော့ ကျနော်သိရပါတယ်၊ သူတို့လည်း လွှတ်ပေးဖို့ပြောတယ် ဆိုတဲ့အကြောင်းဆိုတာပဲ ကျနော်သိရပါတယ်။
ကိုကျော်မျိုးမင်း။ ။မနေ့ကဝန်ကြီးတို့နဲ့တွေ့ခဲ့တဲ့ KIA တပ်ကကျတော့ ဘယ်တပ်လို့ ဝန်ကြီးတို့သိပါလဲဗျ။
ဦးကမန်းဒူနော်။ ။ KIA တပ်တော့ KIA တပ်ပေါလေ၊ ဒါပေမယ့် ဘာတပ်ဆိုတာတော့မသိဘူး၊ ဦးထုတ်ကြည့်လိုက်ရင်သိတယ်၊ တံဆိပ်ကြည့်လိုက်ရင်သိတယ်၊ လက်နက်လည်းကိုယ်စီကိုင်ထားပါတယ်၊ ကျနော်တို့ဘက်က ပွိုင့်လိုက်ပေးတဲ့သဘော ရဲသုံးယောက်ပဲပါတာပဲ၊ ဒီလိုဖြစ်လာမယ်လို့လည်း မမျှော့်လင့် ဘူးပေါ့လေ၊ ပွိုင့်လိုက်ပေးတဲ့သဘောလောက်ပဲ ကျနော်တို့က လုံခြုံရေးယူသွားတာပါ၊ ဘာမှကြီးကြီးကျယ်ကျယ်ကြီး လုပ်သွားတာ လက်နက်တွေဘာတွေတစ်ခါတည်း တပ်ဆိုပြီးသွားတာမျိုး မဟုတ်ဘူးလေ။
ကိုကျော်မျိုးမင်း။ ။မနေ့ကဝန်ကြီးအနေနဲ့ ဘယ်လိုမျိုး ခြုံငုံသုံးသပ်ပြီး ဘာပြောလိုပါလဲခင်ဗျ။
ဦးကမန်းဒူနော်။ ။ကျနော့်အနေနဲ့ တင်ပြရရင်တော့ စောစောကပြောသလို ဘယ်သူ့ဘက်မှလည်း ပြဿနာ မဖြစ်စေချင်ဘူး၊ ဘယ်သူကမှလည်း စလိုက်တာတို့ ဟိုကလည်းစလိုက်တာတို့မဖြစ်ပဲနဲ့ ငြိမ်းချမ်းရေး ခရီးစဉ်ကိုပဲ တည့်တည့်မက်မက် သွားရင်ကောင်းပါတယ်လို့ ကျနော်ကတော့ အဲ့လိုပဲမြင်တာ၊ သူလည်းသူ့လမ်း၊ ကိုယ်လည်း ကိုယ့်လမ်းပဲ သွားကြပေါ့ မဟုတ်လား၊ ပြဿနာဖြစ်မယ့်အရေးကို ဘယ်သူမှမဖန်တီးနဲ့ပေါ့ဗျာ၊ ဒါလေးကိုပဲ ကျနော်က သဘောကျပါတယ်၊ နှစ်ဘက်ရဲ့လှုပ်ရှားမှုဟာ ငြိမ်းချမ်းရေးကိုပဲ ဦးတည်သွားစေချင်တယ်၊ ဒါမှသာလျှင် ကျနော်တို့ အမြန်ဆုံး ငြိမ်းချမ်းရေး တည်ငြိမ်ရေးကိုရရှိမယ်၊ ကျနော်ကတော့ အဲ့ဒါကို လိုလားတယ်ပေါ့ဗျ၊ ပြဿနာကိုမဖြစ်ဖို့ ပဲ ရှောင်ရှားကြစေချင်တယ်။
ကိုကျော်မျိုးမင်း။ ။ဝန်ကြီး ဦးကမန်းဒူနော်ကို RFA ကအထူးကျေးဇူးတင်ပါတယ်ခင်ဗျ။
ဦးကမန်းဒူနော်။ ။ကျနော်လည်းပဲ ကျေးဇူးတင်ပါတယ်ခင်ဗျ။