ဖမ်းဆီးခံ မြန်မာရေတပ်အရာရှိတွေကို မလေးရှားက အလျင်အမြန်ပြန်ပို့ခဲ့
သူတို့တွေဟာ စစ်ကောင်စီရဲ့ဖိနှိပ်မှုတွေကို လက်မခံနိုင်တဲ့အတွက် စစ်တပ်ကိုဆန့်ကျင်ပြီး မလေးရှားကို လာရောက်ခိုလှုံခဲ့တာဖြစ်ကြောင်း ကွာလာလမ်ပူမြို့ရှိ သူတို့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
-
ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2023-04-03 -
-
-
ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့က မြန်မာနိုင်ငံကို မလေးရှားအစိုးရက ပြန်ပို့လိုက်တဲ့ မြန်မာနိုင်ငံသား ၁၅ဝ အနက် ခြောက်ဦးဟာ ရေတပ်က အရာရှိနဲ့ အခြားအဆင့်ရှိသူတွေဖြစ်ကြောင်း RFA က ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
အဲဒီခြောက်ဦးဟာ ရခိုင်တိုင်းရင်းသားတွေဖြစ်ပြီး သူတို့တိုင်းရင်းသား ရခိုင်လူမျိုးတွေအပေါ် စစ်ကောင်စီရဲ့ဖိနှိပ်မှုတွေကို လက်မခံနိုင်တဲ့အတွက် စစ်တပ်ကို ဆန့်ကျင်ပြီး မလေးရှားနိုင်ငံကို လာရောက် ခိုလှုံခဲ့ကြသူတွေဖြစ်ကြောင်းနဲ့ ဖမ်းဆီးခံရပြီးနောက် မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ မြန်မာစစ်ကောင်စီသံရုံး ဆက်သွယ်ပြီး အလျင်အမြန် ပြန်ပို့ခဲ့တာဖြစ်ကြောင်း ကွာလာလမ်ပူမြို့ရှိ သူတို့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရေတပ်အရာရှိတွေကို မလေးရှားနိုင်ငံမှာ ရှိနေစဉ်အတွင်း အကူအညီပေးခဲ့တဲ့ ကွာလာလမ်ပူမြို့က မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါ်သူဇာမောင်ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က အခုလို တွေ့ဆုံမေးမြန်းထားပါတယ်။
_____________
မေး။ ။ မြန်မာနိုင်ငံသားတွေကို ဖမ်းမိတဲ့အချိန်မှာ မြန်မာပြည် ပြန်မပို့နိုင်အောင် ဒေါ်သူဇာမောင်တို့ ဘာလုပ်ပေးလဲ ခင်ဗျ။
ဖြေ။ ။ အဓိကကတော့ လက်ရှိမှာ ဖမ်းတာ နှစ်မျိုးရှိတယ်။ ရဲက ဖမ်းတာနဲ့ လူဝင်မှုကြီးကြပ်ရေး အင်မီဂရေးရှင်းက ဖမ်းတာ။ ရဲက ဖမ်းတာဆိုရင်တော့ အဖမ်းခံရတဲ့သူနဲ့ ဖမ်းလိုက်တဲ့အဖွဲ့တွေ အကြားမှာ တတိယ လူ့ဘောင်အဖွဲ့အစည်းအနေနဲ့ လိုက်ပြီးတော့ ဆောင်ရွက်ပေးတာတွေ၊ ညှိုနှိုင်းပြီး အသနားခံပေးတာတွေ ရှိတယ်။ သူတို့ ဗမာပြည်ပြန်ပို့ခံရရင်ဖြစ်လာမယ့် အကြောင်းအရာတွေကို ပြောပြတယ်။ လူ့အခွင့်ရေးရှုထောင့်က ကြည့်ပြီးတော့ ရဲကဖမ်းတယ်ဆိုရင် ညှိုနှိုင်းတဲ့အခါမှာ တော်တော်များများက ပြန်ပြီးလွတ်ကြတယ်။ အင်မီဂရေးရှင်းက ဖမ်းတာဆိုရင် တတိယ အဖွဲ့အစည်းတွေက ညှိုနှိုင်းဖို့ ခက်ပါတယ်။ အဲ့ အင်မီဂရေးရှင်းဖမ်းပြီဆိုရင် UNHCR ကို ရီပို့လုပ်ရတယ်။ UNHCR ဝဘ်ဆိုဒ်ထဲကို ဝင်ပြီးတော့ ရီပို့ကို သေသေချာချာလေး ရေးပေးရတယ်။ ဖမ်းခံရလို့ ဒီလူရဲ့ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ကွင်းဆက်တွေကို ချပြရတယ်။ UNHCR ကလည်း ၁၉၅၁ ခုနှစ် ဂျီနီဗာကွန်ဗင်းရှင်းစာချုပ်နဲ့ ကိုက်တဲ့ ဖမ်းဆီးခံတွေကို လိုက်ပြီးထုတ်ပေးတာ ပြုလုပ်ပေးပါတယ်။
မေး။ ။ ပြီးခဲ့တဲ့ လအနည်းအငယ်က မလေးရှားကနေ မြန်မာပြည် ပြန်ပို့တဲ့ သူတွေထဲမှာ ရေတပ်က အရာရှိတွေပါတယ်လို့လည်း ပြောတယ်။ အဲ့ကိစ္စကကော ဘယ်လိုသိလဲ ပြောပါဦးခင်ဗျ။
ဖြေ။ ။ရေတပ်အရာရှိလေးတွေထဲက ဒုအရာခံဗိုလ်တစ်ယောက်ဆိုရင် ကျွန်မသူတို့နဲ့ သွားပြီးတော့ တွေ့ခဲ့ဖူးတယ်။ သူတို့ကို ကျွန်မတို့ ကူညီနေသူတွေ လို့လည်း ပြောလို့ရတယ်။ သူတို့က ရေတပ်က အရာရှိ ရခိုင်တိုင်းရင်းသားလေးတွေပေါ့။ အခုပို့တဲ့ ခြောက်ယောက်စလုံးက ရခိုင်တိုင်းရင်းသားလေးတွေ။
မေး။ ။ သူတို့က ရေတပ်ကလား။ ဘယ်လိုရောက်လာသလဲ။
ဖြေ။ ။ သူတို့ဒီကို ရောက်လာတာ ၂၀၁၈၊ ၁၉ က ရောက်တာပါ။ သူတို့က ရေတပ်ထဲမှာ ရခိုင်တိုင်းရင်းသားတွေကို စစ်တပ်ထဲမှာ ဖိနှိပ်မှုတွေရှိတယ်။ ရခိုင်နဲ့ စစ်ဖြစ်နေတဲ့ အချိန်မှာသူတို့က စစ်ထဲမှာ ထဲထဲဝင်ဝင်ပါရတဲ့ အနေအထားမျိုးမှာ သူတို့အနေနဲ့ သူတို့ရဲ့ ဆွေမျိုးတိုင်းရင်းသားတွေကို သူတို့အနေနဲ့ တိုက်ခိုက်နေရတာကို သူတို့စိတ်ထဲမှာ မကောင်းဘူး။ နာကျည်းမှုဖြစ်လို့ ထွက်ပြေးခဲ့ရတာလို့ ကျွန်မ အင်တာဗျူးတဲ့အခါမှာ သိခဲ့ရပါတယ်။
မေး။ ။ အဲ့တော့ ဒီရောက်ပြီး သူတို့ ဘယ်လို အဖမ်းခံရလဲ၊ ပြန်ပို့ခံရလဲ ပြောပြပါဦး။
ဖြေ။ ။ သူတို့နဲ့ ကျွန်မ အင်တာဗျူးထားတဲ့ အချက်အလက်တွေလည်းရှိတယ်။ သူတို့က ကျွန်မတို့ဆီမှာ ကွန်မြူနတီကတ်လေးတွေ လုပ်ထားတယ်။ သူတို့မှာ အထောက်အထားလည်းမရှိဘူး။ ပတ်စ်ပို့လည်း မရှိဘူး။ UN လည်း မရှိတဲ့အခါကျတော့ ကွန်မြုနတီကတ်လုပ်ပြီးတော့ ဒီနိုင်ငံမှာ နေထိုင်ခွင့်ရအောင် UN လျှောက်ထားဆဲကာလလေးပေါ့။ အဲ့လိုလျှောက်ထားဆဲကာလမှာ အင်မီဂရေးရှင်းက ဝင်ဖမ်းတာလို့ သိရတယ်ရှင့်။
မေး။ ။ အဲဒီဖမ်းဆီးခံရတဲ့ ရေတပ်က ရခိုင်တိုင်းရင်းသားတွေ ဘာဖြစ်သွားလဲ ခင်ဗျ။
ဖြေ။ ။ရေတပ်က တိုင်းရင်းသားတစ်ယောက်ရဲ့ မိဘ အဖေကတော့ ကျွန်မတို့ကို အမြဲတမ်း အဆက်အသွယ် လုပ်နေတာရှိတယ်။ သူတို့တွေကို သန်လျင်မှာရှိတဲ့ ရေတပ်အကျဉ်းစခန်းမှာ ဖမ်းဆီးထားတယ်။ အထဲမှာ တော်တော်လည်း နှိပ်စက်ခံရတယ်လို့ သတင်းထပ်ရတယ်။
မေး။ ။ ဒီကမပြန်ခင်မှာ သူတို့ကို ပြန်မပို့နိုင်အောင် ဒေါ်သူဇာမောင်တို့ ဘာမှ မလုပ်နိုင်ခဲ့ဘူးလား။
ဖြေ။ ။ သူတို့ကို ဖမ်းသွားတဲ့ဟာကို ကျွန်မတို့က ဖမ်းဖမ်းပြီးပြီးချင်းမှာ မသိလိုက်ရဘူး။ ဖမ်းပြီးတော့ ဘယ်လောက်ကြာမှ သိရသလဲဆိုရင် ၁၀ ရက် ၁၂ ရက်နေမှ သိရတယ်။ ဒီပို့ဒေးရှင်း ဘယ်နေ့ လုပ်လိုက်လဲဆိုတာ ကျွန်မတို့က မသိလိုက်ရဘူး။ မသိလိုက်ရဘဲ ဗမာပြည်ကိုရောက်ပြီး ဒီပို့ လုပ်လိုက်တဲ့သူတွေကို ရန်ကုန်လေဆိပ်မှာ ဖမ်းသွားတယ်လို့ သတင်းကြားလိုက်တဲ့အခါမှာ ကျွန်မတို့လိုက်ပြီး စုံစမ်းတဲ့အခါမှာ ဒီခြောက်ယောက်က ဒီပို့လုပ်ပြီးသွားပြီလို့ သိရတယ်။ ဖမ်းနေတဲ့ အတောအတွင်းမှာ သူတို့တွေကို ဘယ်မှာ ရှိနေလဲစုံစမ်းတဲ့ အဆင့်မှာတင် ဒီပို့က တအားမြန်တယ်။ ဘယ်လောက်မြန်လဲဆိုရင် ဖမ်းပြီးတော့ ၂ ပတ် ၃ ပတ်အတွင်းကို ဒီပို့လုပ်ပစ်လိုက်ထာ။ ရေတပ်အရာရှိတွေကိုပေါ့လေ။ သူတို့ရဲ့ မိသားစုတွေက ကျွန်မတို့ကို အဖမ်းခံလိုက်ရပါတယ်လို့ သတင်းပေးပြီးတဲ့ နောက်ပိုင်းမှာ အဲ့လိုသိပြီး တစ်ပတ်အတွင်းမှာ သူတို့က ဒီပို့ထဲကို ပါသွားပြီ။
မေး။ ။ အဲ့အရာရှိတွေက ဘယ်ရာထူးတွေလဲ။
ဖြေ။ ။ ကျွန်မတို့ သိတာကတော့ ဒု-အရာခံဗိုလ်တစ်ယောက် ပါတယ်။ ဗိုလ်တစ်ယောက်လည်း ပါပါတယ်။ သူကတော့ အိန္ဒိယမှာ ပညာတော်သင်သွားပြီးတော့ ပြန်လာတာမျိုး။ ဘယ်လိုပြောမလဲ။ နိုင်ငံခြား ပညာတော်သင် ပြန်လာတဲ့ ဗိုလ်အဆင့်မျိုး။ အားလုံး သူတို့က ရေတပ်က။ သန်လျင်ရေတပ်က။ အဲ့ထဲမှာ တယောက်က ထမင်းချက်တစ်ယောက်လည်း ပါတယ်ရှင့်။ ။