လက်ပံတောင်းတောင် အကြမ်းဖက်မှုတွေ့ရှိချက် အကြောင်း မေးမြန်းချက်


2014.12.26

ပြီးခဲ့တဲ့ရက်ပိုင်းက လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ စုံစမ်းလေ့လာ တွေ့ရှိခဲ့ရတာတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဆီ ဒီနေ့ တင်ပြလိုက်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

ဒေါ်ခင်စန်းလှိုင်ကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ စုံစမ်းလေ့လာ တွေ့ရှိခဲ့ရတာတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဆီ ဒီနေ့ တင်ပြလိုက်တယ် လို့ စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

ဒေါ်ခင်စန်းလှိုင်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုကျော်သူ။               ။အခုလက်ပံတောင်းတောင်မှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာပေါ့လေ နောက်ထပ်များဘယ်လို ပြဿနာတွေများရှိနေသေးလဲ၊ နောက်ဆက်တွဲပေါ့လေ သိချင်လို့ပါအန်တီ။

ဒေါ်ခင်စန်းလှိုင်။          ။လောလောဆယ်ဖြစ်နေတာကတော့ ဟိုတစ်နေ့ကပစ်ခတ်ရာက ဒဏ်ရာရရှိတဲ့လူအနေနဲ့ သူတို့အမှုဖွင့်ချင်တယ်၊ ဒါနဲ့ပတ်သက်လို့တော့ အမှုဖွင့်ဖို့အတွက်တော့ အခက်အခဲဖြစ်နေတယ်၊ သေဆုံးသွားတဲ့ ဒေါ်ခင်ဝင်းကိုပဲ ပြစ်မှုကြီးနဲ့ပဲ ကျမတို့ကအမှုဖွင့်စေချင်တယ်၊ ဒါပေမဲ့ အခုဟာကတော့ ယာယီအနေနဲ့ သူတို့ကတော့ သေမှုသေခင်းဆိုပြီးတော့ပဲ ဖွင့်ပေးထားတယ်၊ ဒါတွေဟာလည်း အမှုမှန်ပေါ်ပေါက်ဖို့တော့ လိုတာပေါ့လေ၊ ဒဏ်ရာရရှိတဲ့သူတွေအနေနဲ့ပဲဖြစ်ဖြစ်၊ သေဆုံတဲ့သူတွေအနေနဲ့ပဲဖြစ်ဖြစ် သူတို့ရဲ့ဖြစ်ပျက်ခဲ့တဲ့နေရာမှာ ဘယ်သူတွေတာဝန်ရှိတာလဲ၊ ဘယ်သူတွေ တာဝန်ယူတာဝန်ခံမှာလဲဆိုတာ အရေးကြီးတယ်၊ နောက်တစ်ခုကလည်း တရားမျှတတဲ့ဆောင်ရွက်ချက်တွေ ဖြစ်ပေါ်လာဖို့ကလည်း အရေးကြီးပါတယ်ရှင့်၊ ဟိုတစ်နေ့က လက်ကိုဒဏ်ရာရထားတဲ့လူနာကတော့ မုံရွာဆေးရုံကြီးပေါ်မှာရှိနေပြီးတော့ အခုကတော့ လက်ဖြတ်ရတော့မယ်လို့လည်း ပြောပါတယ်၊ သေဆုံးသူတွေရော၊ ဒုက္ခိတတွေရော၊ ဒဏ်ရာရရှိတဲ့သူတွေရော အလွန်များပြားနေတဲ့အပေါ်မှာ အခုအချိန်အထိ တိုင်းဒေသကြီးအစိုးရအနေနဲ့ ပြေလည်အောင်ဆောင်ရွက်ပေးတာ မရှိသလို ဒီအမှုမှန်ကို ဖော်ထုတ်ဖို့ရာအတွက်ကလည်း စုံစမ်းရေးကော်မတီတစ်ရပ် သူတို့အနေနဲ့ထားတယ် ပြောပေမယ့်လို့မို့ ဒီကော်မတီရဲ့ဆောင်ရွက်ချက်ကလည်း အားရကျေနပ်လောက်စရာ အခုအချိန်ထိမရှိသေးဘူး၊ ဖြစ်ပျက်မှုကိုစုံစမ်းမှာ အချိန်ဘယ်လောက်ကြာမလဲဆိုတဲ့ တိုင်းတာသက်မှတ်ချက်ကလည်း မရှိဘူး၊ နောက်တကယ်လို့ စုံစမ်းပြီးသွားပြန်ရင်ရော ဒီအထဲမှာပါဝင်တဲ့သူတွေအနေနဲ့ ဘယ်လောက်ထိအောင် မှန်မှန်ကန်ကန်ဆောင်ရွက်ပေးမှာလဲ ဆိုတဲ့အပေါ်မှာလည်း ဒဏ်ရာရတဲ့သူတွေအနေနဲ့ စိတ်ပူနေတာတွေလည်းရှိတယ်ပေါ့လေ၊ ဒေသခံတွေအနေနဲ့လည်း နောက်တစ်ကြော့ပြန် ဒါမျိုးတွေမဖြစ်ဘူးလို့ ကျမတို့လည်း မပြောနိုင်ပါဘူး၊ ဒီအပေါ်လည်း ကျမတို့လည်း အာမမခံနိုင်ပါဘူး။

ကိုကျော်သူ။               ။ကျနော်တို့ သိထားရသလောက်ပေါ့လေ ဝမ်ပေါင်ကုမ္ပဏီကနေပြီးတော့ ခြံစည်းရိုးခတ်လိုက်တဲ့မြေတွေထဲမှာ လျော်ကြေးမယူထားတဲ့သူတွေရဲ့မြေတွေလည်း ပါသွားတယ်လို့လည်း သိရတယ်အန်တီရယ်၊ သူတို့တွေရဲ့အခက်အခဲတွေရော ဘယ်လိုဖြေရှင်းဖို့များ တိုင်းဒေသကြီးအစိုးရဖြစ်ဖြစ်၊ ဝမ်ပေါင်ကုမ္ပဏီဖြစ်ဖြစ်ပေါ့လေ၊ သူတို့ကဘယ်လိုဖြေရှင်းပေးမယ်လို့များ အန်တီတို့သိထားရလဲဗျ။

ဒေါ်ခင်စန်းလှိုင်။          ။ဝန်ကြီးချုပ်ကတော့ အခုလောလောဆယ် သူပြောပြတာကတော့ သူတို့ဒီဘိုဒူဇာတွေနဲ့ ထိုးလိုက်လို့မို့လို့ ပျက်စီးသွားတဲ့သီးနှံစိုက်ခင်းတွေကိုတော့ သူတို့လျော်ကြေးပေးမယ်လို့ပြောတယ်၊ ဒီအထဲမှာမရိတ်မသိမ်းပဲနဲ့ ကျန်ရှိနေသေးတဲ့လူတွေကျပြန်တော့လည်း လောလောဆယ်သူတို့ရဲ့ သီးနှံဆွတ်ခူးဖို့ရာ၊ ရိတ်သိမ်းဖို့ရာအချိန်တန်နေတော့လည်း ဒေသခံတွေကဒါတွေကို ဆွတ်ခူးချင်တယ်၊ ရိတ်သိမ်းချင်တယ်၊ ဒါတွေလည်း သူတို့ကိုခွင့်ပေးစေချင်တယ်၊ ဒါပေမယ့် သူတို့ဘက်ကကျတော့ သီးနှံလျော်ကြေားကိုတော့ပေးမယ် ဒါပေမဲ့ သူတို့ကော်မတီဖွဲ့ထားတယ်၊ ကော်မတီအနေနဲ့ စစ်ဆေးပြီးတဲ့နောက်မှာ သီးနံှအမျိုးအစားအလိုက် လျော်ကြးပေးမယ်လို့ပြောတယ်၊ နောက်တစ်ခုကတော့ သံဆူးကြိုးထဲမှာပါသွားတဲ့ မြေတွေကိုတော့ ဆက်လက်ပြီးတော့ လုပ်ကိုင်စားသောက်ခွင့် မပေးဘူးလို့ပြောတယ်ဆိုတော့ လယ်သမားတွေအနေနဲ့ကလည်း အခုဒီသီးနှံတွေဆွတ်ခူးပြီးမှ စားဝတ်နေရေးအတွက် ဖြေရှင်းရမယ့်လူတွေကျလည်း ဒုက္ခရောက်ကြသူတွေရှိသလို တစ်ချို့ကျတော့လည်း သီးနှံတွေပါမကျန်ပဲ တစ်ခါတည်းမြေကြီးကို ထိုးဖျက်ပြီးတော့ သီးနှံခင်ကိုဖျက်ဆီးခံလိုက်ရတဲ့ လူတွေကျပြန်တော့လည်း သူတို့အနေနဲ့စားဝတ်နေရေး ခက်ခဲနေကြတာတွေရှိတယ်ဆိုတော့ ကျမတို့က ဒါတွေကိုဖြေရှင်းပေးဖို့ရာပြောတော့ သူကတော့အလျင်အမြန် ဆောင်ရွက်ပေးမယ်လို့ပဲပြောတယ် ဘာမှတော့တာဝန်မခံဘူးရှင့်။

ကိုကျော်သူ။               ။ခြံစည်းရိုးခတ်တဲ့အထဲမှာပါသွားတဲ့ မြေယာလျော်ကြးမယူထားတဲ့သူတွေရဲ့ မြေဧကဆိုရင် ဘယ်လောက်လောက်များရှိမယ်လို့ အန်တီ သိထားလဲဗျ။

ဒေါ်ခင်စန်းလှိုင်။          ။အခုဟာကလေ အရင်တစ်ခေါက်ကလည်း မြေယာလျော်ကြေးမယူပဲနဲ့ ခြံစည်းရိုးထဲမှာပါထားတဲ့ သူတွေလည်းရှိတယ်၊ အခုဟာက ဟိုတစ်နေ့ကခတ်လိုက်တဲ့ ခြံစည်းရိုးထဲမှာပါသွားပြီးတော့ မြေယာလျော်ကြေးမယူထားတဲ့ လူတွေလည်းရှိတော့ ကျမတို့အဖွဲ့တွေကိုယ်တိုင်ကိုက ဧကစာရင်းကိုအခုအချိန်အထိ သက်သက်မှတ်မှတ်မရသေးဘူးရှင့်၊ ဒီဧကဦးရေစာရင်းကို ကျမတို့တိတိကျကျ မပြောနိုင်သေးဘူးရှင့်။

ကိုကျော်သူ။               ။ဒီလိုလက်ပံတောင်းတောင် အကြမ်းဖက်ကိစ္စတွေကြောင့်ပေါ့လေ ရန်ကုန်အပါအဝင်ပေါ့လေ ဒေသတော်တော်များများမှာလည်း ဆန္ဒပြတာမျိုးတွေလည်း ရှိလာတယ်ပေါ့၊ ထပ်ပြီးတော့ပေါ့လေ အကျယ်အကျယ်မဖြစ်သွားအောင်ဆိုလို့ရှိရင် ဘယ်လိုများလုပ်ဆောင်သင့်သလဲ၊ အန်တီ သုံသပ်ချက်လေးသိပါရစေ ခင်ဗျ။

ဒေါ်ခင်စန်းလှိုင်။          ။ကော်မရှင်ဟာ အစီရင်ခံစာမှာပါတဲ့အတိုင်းသာ ဆောင်ရွက်ပေးမယ်ဆိုလို့ရှိရင် အခုလိုမျိုးပေါ့နော် ဒေသခံပြည်သူလူထုတွေကို အတင်းအဓမ္မဖြိုခွဲ နှိမ်နှင်းပြီးတဲ့အခါကျတော့ ဒီလိုမျိုးတွေ ဆောင်ရွက်နေတာဟာလည်း ကော်မရှင်ရဲ့အစီအစဉ်ထဲမှာ ပါဝင်တဲ့အချက်မဟုတ်ဘူး၊ ကော်မရှင်ထဲမှာ မပါဝင်တဲ့အချက်တွေကို ဆောင်ရွက်နေပြီး ပါဝင်တဲ့အချက်တွေကျတော့ ဆောင်ရွက်မှုတွေကအားနည်းနေတဲ့ အတွက်ကြောင့်မို့လို့ အခုလိုမျိုးတွေပေါ့နော် ပြဿနာတွေက ထိပ်တိုက်ရင်ဆိုင်မှု ပဋိပက္ခတွေကမကြာခဏ ဒီဒေသအတွင်းမှာဖြစ်ပေါ်နေတယ်၊ ဒီပဋိပက္ခတွေပြေငြိမ်းဖို့ တာဝန်အရှိဆုံးက အကောင်အထည်ဖော်တဲ့ ကော်မတီမှာ တာဝန်ရှိသလို ဒုတိယတာဝန်ရှိတဲ့ တိုင်းဒေသကြီးအစိုးရအနေနဲ့လည်း ဒီကိစ္စမှာပေါ့နော် ဒီကိစ္စတွေဖြစ်ပွားတိုင်း ဒေသခံတွေကို ပစ်ခတ်နှိမ်နှင်းတာတွေ အမြဲတမ်းပဲဖြစ်နေတော့ ဒီဒေသရဲ့တရားဥပဒေစိုမိုးရေးနဲ့ အေးချမ်းတည်ငြိမ်ရေး ဒေသတွင်းမှာရှိတဲ့ ပြည်သူလူထုတွေဘဝ လုံခြုံမတွေက တိုင်းဒေသကြီး အစိုးရအပေါ်မှာပဲ မူတည်ပါတယ်၊ ပြည်သူလူထုနဲ့တွေ့ဆုံပြီးတဲ့အခါ ပြည်သူလူထုလိုအပ်ချက်ကို တကယ့်စိတ်ရင်းစေတနာမှန်မှန်နဲ့ စိတ်ရှည်သည်းခံပြီးတော့အခါကျတော့ နှစ်ဦးနှစ်ဘက်ပြေပြေလည်လည် ဆွေးနွေးကြမယ်ဆိုရင်တော့ ပြေလည်သွားနိုင်တယ်၊ ဒီလိုမျိုးမဟုတ်ပဲနဲ့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်များကလည်း လျစ်လျူရှု့ထားမယ်၊ ဒေသခံတွေနဲ့လည်းမတွေ့ပဲ မကျေနပ်မှုတွေကလည်း များနေမယ်ဆိုရင်တော့ ဒီဒေသမှာ ဘယ်တော့မှလည်း အေးချမ်းတည်ငြိမ်နိုင်မှာ မဟုတ်ဘူးလို့ ကျမတော့ ဒီလိုပဲမြင်တယ်။

ကိုကျော်သူ။               ။လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကြမ်းဖက်မှုတွေကို အန်တီ လိုက်လံလုပ်ဆောင်နေတဲ့ကိစ္စတွေကို အန်တီ ဒေါ်အောင်ဆန်းစုကြည် ဆီကိုလည်း အစီရင်ခံစာတင်မယ်လို့လည်း သိရပါတယ်၊ အဲ့ဒါ အန်တီ ဟုတ်ပါသလားခင်ဗျ။

ဒေါ်ခင်စန်းလှိုင်။          ။ဟုတ်ပါတယ်ရှင်။ ကျမနေ့မနက်ပဲ ရန်ကုန်ကိုပြန်ရောက်ပါတယ်၊ အခုနေ့လည် တစ်နာရီခွဲလောက်ကပဲ ဒေါ်အောင်ဆန်းစုကြည်ဆီကို ကျမ ကြုံတွေ့ခဲ့ရတဲ့ ဒီအဖြစ်အပျက်တွေအားလုံးကို ကျမ အစီရင်ခံစာတင်လိုက်ပါပြီ၊ ကျမတို့ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ကျမပါတီရဲ့ ဥက္ကဌတစ်ယောက်အနေနဲ့ ကျမ ဒါကိုအကြောင်းကြားတာပါ ဘာကြောင့်လဲဆိုတော့ ကျမ ပါတီဥက္ကဌကနေပြီးတော့မှပေါ့နော် တာဝန်ပေးချက်အရ ကျမတို့က ဒီဒေသကိုဒီအခုဖြစ်ခဲ့တဲ့ အခြေအနေတွေကို လေ့လာဖို့ရာအတွက် ကျမတို့ကလာရတာဖြစ်တဲ့အတွက်ကြောင့် ကျမ လေ့လာသိရှိစုံစမ်းရတဲ့ဟာတွေ အချက်တွေအားလုံးကို ဒီအစီရင်ခံစာကို ကျမတင်လိုက်တာပါရှင့်။

ကိုကျော်သူ။               ။ဟုတ်ကဲ့ အဲ့ဒီတော့ အန်တီ ဒေါ်အောင်ဆန်းစုကြည်ကရော ဘာများမှတ်ချက်များ ပေးတာမျိုးရှိပါသလဲ။

ဒေါ်ခင်စန်းလှိုင်။          ။အခုထိတော့ ရုံးမှာပဲတင်လိုက်တယ်၊ ကျမဒီနေ့ဘာမှ မသိရသေးပါဘူး၊ မှတ်ချက်ပေးဖို့ရန်နဲ့ နောက်ဆက်လက်ဆောင်ရွက်ဖို့ရန် ဘယ်လိုအပိုင်းတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တာဝန်တွေသာပဲဖြစ်ပါတယ်၊ ကျမ ဒီဟာရဲ့အပေါ်မှာတော့ ကျမပြောနိုင်မှာမဟုတ်ပါဘူးရှင့်။

ကိုကျော်သူ။               ။အန်တီ ဒေါ်ခင်စန်းလှိုင် ခုလိုဖြေကြားပေးတာ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။

ဒေါ်ခင်စန်းလှိုင်။          ။ဟုတ်ကဲ့။

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။