၄၈ ဦး ဆွေးနွေးပွဲ NLD ထုတ်ပြန်တဲ့အကြောင်း မေးမြန်းချက်


2015.01.14

နိုင်ငံ့အကြီးအကဲတွေနဲ့ မနေ့က တွေ့ဆုံဆွေးနွေးရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုအစိုးရအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအပေါ် ဆန္ဒထက်သန်မှုမရှိကြောင်းနဲ့ ၆ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပေးဖို့ကို ရှောင်ရှားခြင်း မပြုသင့်ကြောင်း ဆွေးနွေး ခဲ့တယ်လို့ အန်အယ်လ်ဒီပါတီက ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ် မေးမြန်းထားပါတယ်။

အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းနဲ့ မေးမြန်းချက်အပြည့်အစုံ

ကျော်သူ။    ။ အန်ကယ်လ်တို့ ဒီနေ့ NLD ကစတိတ်မန့်ထုတ်တဲ့ဟာကလေ အဲ့ဒါနဲ့ ပတ်သက်ပြီးပြောပြပေးပါဦးဗျ။

ဦးဉာဏ်ဝင်း။        ။ ကျနော်တို့မနေ့ကတွေ့တာနဲ့ ပတ်သက်ပြီးတော့ ရှင်းလင်း ဖော်ပြတဲ့စာပါပဲ၊ ကျနော်တို့ ကြေညာချက်ထုတ်ရတဲ့ တကယ့်ရည်ရွယ်ချက် ကတော့ ပြည်သူတွေသိရအောင်လို့ တွေ့ဆုံတဲ့နေရာမှာ ဘာတွေလုပ်တယ်၊ ပြည်သူတွေ နားလည်ရအောင် ကျနော်တို့အရှိကို အရှိတိုင်း ကြေညာချက်ကို ထုတ်လိုက်တာပါ။

ကျော်သူ။    ။ ဒီခေါင်းစဉ်တစ်ခုမှာဆိုရင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ပြုပြင်ပြောင်းလဲမှုဆက်လက်ဖြစ်ထွန်းရေးအပေါ်မှာ ပြုပြင်ပြောင်းလဲလိုတဲ့ ဆန္ဒအား နည်းတယ်၊ နောက်ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရေးနဲ့ ပတ်သက်ပြီးတော့ ပြည်ထောင်စုအစိုးရက ဆန္ဒထက်သန်မှုမရှိတာတို့ အဲ့လိုမျိုးတွေပါတယ်ပေါ့လေ၊ အဲ့အပေါ်မှာရော အန်ကယ်လ်တို့ရဲ့သဘောထားက ဘယ်လိုလဲဗျ။

ဦးဉာဏ်ဝင်း။        ။ ဒီဟာတွေအကုန်လုံး အချက် ၃ ချက်နဲ့ပြနေတယ်၊ ဒီအချက် ၃ ချက်လုံးကကျနော်တို့ ဖိတ်စာစရတည်းက အဲ့ဒီပေါ်မှာပါလာတဲ့ အဓိက အချက်တွေကို ကျနော်တို့က ဆွေးနွေးပြီးတော့ ဒါပါတီတစ်ခုလုံးက သဘောထားလို့ပြောလို့ရပါတယ်။

ကျော်သူ။    ။ ဒီလိုတွေ့ဆုံမှုတွေဟာ ရှေ့ဆက်ပြီးတော့ နောက်လုပ်ဦးမယ်လို့ လဲပြောနေတယ်၊ နောက်ပိုင်းထပ်ပြီးတွေ့ဆုံမယ်ဆိုရင် အကျိုးရလာဒ်တွေ ဘယ်လိုဖြစ်လာနိုင်မလဲ အန်ကယ့်သုံးသပ်ချက်လေး သိပါရစေခင်ဗျာ။

ဦးဉာဏ်ဝင်း။        ။ ဒီလိုပုံစံမျိုးနဲ့ကတော့ အကျိုးရလာဒ်ကနဲနဲဝေးမယ်၊ ကျနော်တို့ဒီလိုပဲမြင်ပါတယ်၊ ဒါပေမယ့် နောက်ထပ်တွေ့ဆုံဖို့ ကျနော်တို့ ဆန့် ကျင်နေတာမဟုတ်ပါဘူး၊ အမြဲတမ်းကြိုဆိုတယ်၊ ဒီထက်ပိုမိုကောင်းမွန်တဲ့ ပုံစံနဲ့ ဆွေးနွေးပွဲမျိုးဖြစ်သင့်တယ်၊ အပြန်အလှန်ဆွေးနွေးပွဲ ဒီပေါ်ကနေပြီးတော့ အကောင်း ဆုံးရွေးယူတဲ့နည်း၊ ဒါမျိုးပဲကျနော်တို့လိုချင်တယ်၊ ချပေးတယ်၊ ဆွေးနွေးတယ်၊ ဒါပြီးရင်ပြန်ကြ၊ နောက်တစ်ခါ ပြန်တွေ့ ဒီလိုတော့ ကျနော်တို့ အချိန် ကြန့်ကြာမယ်၊ အကျိုးနည်းမယ် ဒီလိုတော့ ကျနော်တို့ထင်ပါတယ်။

ကျော်သူ။    ။ အန်တီကလဲပြောတယ်ပေါ့လေ၊ ၆ ပွင့်ဆိုင်တွေ့ဆုံဖို့တောင်းထားတယ်၊ ဒါပေမယ့် မနေ့ကဆိုရင် ၄၈ ဦး တွေ့ဆုံတယ်ပေါ့၊ လူတွေလဲအရမ်းများ သွားတယ်၊ အဲ့ဒီအပေါ်မှာရော အန်ကယ်တို့ ဘယ်လို့မြင်ပါလဲဗျ။

ဦးဉာဏ်ဝင်း။        ။ ကျနော်တို့အဲ့မှာပြောချင်တာက အပြန်အလှန်ဆွေးနွေးပြီးတော့ အရေးကြီးတဲ့အချက်တွေကို သဘောတူညီချက်ရမှ ကျနော်တို့ အမျိုး သားပြန်လည်ညှိနှိုင်းရေးကိုဖြစ်နိုင်မယ်၊ ဒီလိုမဟုတ်ပဲနဲ့ တွေ့ရုံ၊ ပြောရုံနဲ့တော့ တိုးတက်မှုအလွန်နည်းတယ်လို့ ပြောချင်ပါတယ်။

ကျော်သူ။    ။ ဟုတ်ကဲ့အန်ကယ်လ်၊ အခုလိုဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်။

ဦးဉာဏ်ဝင်း။        ။ ကောင်းပါပြီ၊ ကောင်းပါပြီ။

 

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။