ဗကသများအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကိုနဲ့ မေးမြန်းချက်

2015.01.31

ဒီမိုကရေစီပညာရေးအတွက် သပိတ်မှောက်တောင်းဆိုနေတဲ့ ကျောင်းသားတွေကို ဘယ်အဖွဲ့ကမှ သွေးထိုးမြှောက် ပင့်နေတာမဟုတ်ပဲ ကျောင်းသားအသိနဲ့ ကျောင်းသားအခွင့်ကို တင်ပြနေတာသာ ဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကိုက ပြောပါတယ်။

ကိုကျော်ကိုကို ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ကိုနေရိန်ကျော်။                   ။ကိုကျော်ကိုကိုရေ အခုခရီးရှည်သပိတ်မှာပေါ့နော်၊ တောက်လျှောက် မန္တလေး ကနေ ကျောက်ပတောင်းအထိ ကာလတလျှောက်မှာတော့ အဝေးကနေပြီးတော့ပဲ ပံ့ပိုးနေတာ၊ ကူညီနေတာတွေ့ရ တယ်လေ၊ အခုတော့ ဒီနေ့ကစပြီးတော့ ဒီသပိတ်ထဲကို ရောက်လာတဲ့အခါကျတော့ ဘယ်လိုကြောင့်အခုလို ကိုယ်တိုင်ဝင်ပါလာလဲဆိုတာ နည်းနည်းလောက် ရှင်ပြပါနော်။

ကိုကျော်ကိုကို။          ။ဟုတ်ကဲ့ ကျနော် သပိတ်ထဲဝင်ပါလာရခြင်းအကြောင်းရင်းက ၄ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို ကျနော်တို့ ရဲဘော်တချို့က သွားရောက်ဆွေးနွေးရမှာ ဖြစ်တဲ့အတွက် ကျနော့်ရဲဘော်တွေရဲ့နေရာမှာ ကျနော့်အနေနဲ့ ထပ်ပြီးတော့ စစ်ကြောင်းကိုဦးဆောင်ဖို့ ကျနော်လိုအပ်လာတယ်လို့ ယူဆတယ်၊ နောက်တချက်ကဘာလဲဆိုတော့ အဲ့ဒီလို တွေ့ဆုံဆွေးနွေးပွဲတွေလုပ်တဲ့အချိန်မှာ ကျနော်တို့ သပိတ်စစ်ကြောင်းက ရပ်နားထားမလား၊ ဆက်လက်ချီတက် မလားဆိုတဲ့ အတွေးအခေါ်အကျပ်အတည်းတစ်ခု ကျနော်တို့မှာစရောက်တယ်၊ အဲ့ဒီတွေးခေါ်ချက်တွေကို ဖြေရှင်းဖို့ အတွက်ကို ကျနော်ရဲဘော်တွေနဲ့တသားတည်း ရှိနေပြီးတော့ ရဲဘော်တွေရဲ့ အကြံဉာဏ်တွေ၊ သဘောထားတွေ ကျနော်တို့က ဆန်းစစ်လေ့လာရမယ်၊ ပြီးလို့ရှိရင် အဲ့ရဲဘော်တွေရဲ့ သဘောထားနဲ့အညီ ကျနော်တို့ တိုက်ပွဲကို အကောင်အထည် ဖော်ရမယ်လို့ ကျနော် ယူဆတယ်၊ နောက်တချက်က ဒီလိုတိုက်ပွဲကို ဆက်ပြီးတော့ချီတက်ဖို့လည်း ဆုံးဖြတ်လိုက်တယ်၊ ဆုံးဖြတ်လိုက်တာ ဘာကြောင့်လဲဆိုရင် တောင်းဆိုချက် ၁၁ ချက်ကို ကျနော်တို့ အပြည့်အဝမရ ရှိသေးလို့ ရရှိပါမယ်ဆိုတဲ့ အာမခံချက်ကို အစိုးရဆီက ဒီနေ့အထိ အာမခံမပေးနိုင်သေးဘူး၊ အဲ့ဒီတော့ ကျနော်တို့အနေ နဲ့ တောင်းဆိုချက် ၁၁ ချက်ကို တိတိကျကျခိုင်ခိုင်မာမာ အာမခံချက်မပေးမချင်း ဥပဒေအဖြစ်နဲ့ ထည့်သွင်းရေးဆွဲပြီးတော့ မလုပ်မချင်း ကျနော်တို့အနေနဲ့ တောင်းဆိုထားတဲ့အတိုင်း တိုက်ပွဲလမ်းကြောင်းကို ဆက်လက်ပြီးတော့ချီတက်ရမယ် ဆိုပြီးတော့ ကျနော်တို့ယူဆတယ်၊ ဒါကြောင့်မို့လို့ ရဲဘော်တွေနဲ့အတူတူ ဖြတ်သန်းကျော်လွှားဖို့ လိုအပ်တယ်ဆိုတဲ့ သုံသပ်ချက်နဲ့အညီ ကျနော်အခုဝင်ပြီးတော့ ချီတက်ပွဲတွေမှာ ပါဝင်လာရတဲ့ သဘောမျိုးဖြစ်ပါတယ်။

ကိုနေရိန်ကျော်။                   ။အဲ့ဒီတော့ လမ်းမှာလည်းပဲပေါ့နော် တားတယ် ဆီးတယ်၊ ပိတ်ပင်တယ်ဆိုတာမျိုးတွေ အဲ့လိုမျိုးတွေ ကြုံလာလို့ရှိရင် ကိုကျော်ကိုကို အနေနဲ့ပေါ့နော် ကျောင်းသားရဲဘောတွေနဲ့အတူ ဘယ်လိုဖြတ်သန်းသွား မယ်ဆိုတာ မျိုးရော။

ကိုကျော်ကိုကို။          ။ဟုတ်ကဲ့ ကျနော်တို့ ကျောင်းသားရဲဘော်တွေက အတားအဆီးတွေကို ကျော်လွှားလာခဲ့တယ် ၊ ဖြတ်သန်းလာခဲ့တယ်ဆိုတဲ့အခါတော့ တိုက်ပွဲအတွေ့အကြုံကလည်းရှိလာပြီ၊ နောက်တချက်က စိတ်ဓါတ်အရ လည်း မြင့်မားဆုံးအနေအထားကို ရောက်လာပြီ၊ ဆက်ပြီးတော့လည်း လူထုထောက်ခံမှုတွေ ရရှိတယ်ဆိုလိုရှိရင် ဒီအတားအဆီးတွေကို ကျော်လွှားနိုင်မယ်ဆိုတာ ယုံကြည်တယ်၊ ပြီးတော့ အခက်အခဲတွေကို ဖြေရှင်းတဲ့နေရာမှာ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း ဖြေရှင်းတာထက်စာရင် အစုလိုက်အဖွဲ့လိုက် အင်နဲ့အားနဲ့ ကျနော်တို့အတူတူဖြတ် တာ သင့်တော်လိမ့်မယ်လို့ယူဆတယ်။

ကိုနေရိန်ကျော်။                   ။ဟုတ်ကဲ့ ကျနော်တို့ ကြားဖူးတာပေါ့နော် ဒီလိုမျိုးလှုပ်ရှားမှု တစ်ခုဆိုတာက အကျိုး အကြောင်းအကန့်အသတ် အကျိုးအမြတ်ရှိရမယ်ဆိုတဲ့ သီအိုရီတစ်ခုပေါ့ဗျာ၊ အဲ့လိုဆိုလို့ရှိရင် အခုကိုကျော်ကိုကိုတို့ ကတော့ ဒါအကျိုးအကြောင်းကတော့ ရှိပြီပေါ့ဗျာ၊ ဒါပညာရေးစနစ်မကောင်းလို့ ပညာရေးစနစ်ကို ကောင်းအောင် လုပ်ပေးပါ ဆိုတဲ့တောင်းဆိုချက် လှုပ်ရှားမှုပေါ့နော်၊ အကန့်အသတ်နဲ့ပတ်သက်လို့ ကိုကျော်ကိုကိုတို့ ဘယ်လိုသက်မှတ် ထားလဲ။

ကိုကျော်ကိုကို။          ။အကန့်အသတ်ဆိုတာ ကျနော်တို့ အခုတွေ့ဆုံဆွေးနွေးပွဲ ရလာဒ်ကို ကျနော်တို့က မူတည်ပြီးတော့ ကျနော်တို့ ချမှတ်ရမှာပေါ့၊ နောက်တချက် အကန့်အသတ်က အခုတတိုင်းပြည်လုံးမှာရှိတဲ့ ကျောင်းသားတွေ အကုန်လုံးက ပညာရေးစနစ်ကို မကြိုက်ဘူး၊ လက်လည်းမခံဘူး၊ ပညာရေးစနစ်ကို အကောင်အထည်ဖော်ဖို့ရေးဆွဲတဲ့ လက်ရှိဥပဒေကိုလည်း ကျနော်တို့မနှစ်သက်ဘူး၊ ပထမပိုင်းမှာ ကျောင်းသားတွေ သိပ်သဘောမပေါက်ကြသေးဘူး၊ ဒီလိုတစ်နိုင်ငံလုံး အနှံ့အပြားကို ကျနော်တို့ ချီတက်လမ်းလျှောက်တဲ့အခါမှာ ပိုပြီးတော့ နားလည်လာကြတယ်၊ တက္ကသိုလ်ကျောင်းထဲက ကျောင်းသားတွေအများအပြားလည်း ဝင်ရောက်ပူးပေါင်းလာကြတယ်၊ အဲ့ဒီဝင်ရောက်ပူးပေါင်း လာတဲ့ ကျောင်းသားတွေ အများကြီးရှိတယ်၊ အဲ့ဒီအများကြီးကို ကျနော်တို့ အကန့်အသတ်တစ်ခုကို ကျနော်တို့ယူ ပြီးတော့ တိုက်ပွဲဆင်ရတယ်၊ ဘယ်အတိုင်းအတာနဲ့ အကန့်အသတ်တွေရှိမလဲဆိုလို့ရှိရင် ကျနော်တို့အနေနဲ့ တိုက်ပွဲကို တကန့်ပြီးတကန့် စဉ်းစားသွားတယ်၊ ဒီအချက်အလက်တွေ ကျနော်တို့ ဆွေးနွေးတယ်၊ အချက်အလက်ကို ၁၁ ချက်တောင်းဆိုထားတဲ့နေရာမှာ ၃ ချက်ကိုဆွေးနွေးမယ်၊ ၃ ချက်အပြင် ကျနော်တို့ ကျောင်းသားတွေကို ဥပဒေတွေ ပုဒ်မတွေနဲ့တပ်ပြီး တရားစွဲထားတာတွေကို ဖယ်ရှားပေးဖို့ကိုလည်း ကျနော်တို့ တောင်းဆိုတယ်၊ ဒါတွေကိုမရဘူးဆိုလို့ ရှိရင်တော့ နောက်ထပ်တဆင့် ထပ်ပြီးဖိအားပေးမယ်။

ကိုနေရိန်ကျော်။                   ။ဟုတ်ကဲ့ နောက်တစ်ခုက ဗကသ ကျောင်းသားတွေရဲ့သပိတ်ကို လူထုထောက်ခံပေးမှု ကတော့ ကျနော်တို့ မျက်မြင်ကိုယ်တွေ့ပဲလေ၊ ဒါပေမယ်လို့ တဘက်မှာကျတော့ အင်တာနက်တွေမှာ တွေ့နေရတယ်၊ ဒီသပိတ်မှောက် ကျောင်းသားတွေနဲ့ပတ်သက်လို့ ပုံဖျက်ပြီး ပြောဆိုနေတာတွေရော၊ စွပ်စွဲပြောဆိုနေတာတွေရော ကျနော်တို့တွေ့နေရတယ်၊ အဲ့ဒါတွေနဲ့ပတ်သက်လို့ ကိကျော်ကိုကိုတို့ ဘယ်လိုများ ပြောဆိုချင်လဲ။

ကိုကျော်ကိုကို။          ။သပိတ်မှောက်ကျောင်းသားတွေကို နောက်ကွယ်ကလက်မဲတွေ ရှိနေတယ်လို့ ဗကသတွေ က မြှောက်ပေးနေတယ်လို့ နောက်ပြီးတော့ သပိတ်မှောက်ကျောင်းသားတွေထဲမှာ ကျောင်းသားစစ်စစ်တွေ မပါဘူး ဆိုတဲ့စကားတွေ ပုံဖျက်ပြီးပြောဆိုတာဟာ ဒါစစ်အုပ်စုက နှစ်ပေါင်းများစွာကတည်းက ကျင့်သုံးလာတဲ့ဗျူဟာတွေလို့ ကျနော်ကမြင်ပါတယ်၊ အဲ့စစ်အုပ်စုက ကျင့်သုံးလိုက်ရင်ဗျူဟာကို စစ်အုပ်စုပိုင်မီဒီယာတွေနဲ့ သူတို့ဖွင့်ထားတဲ့ ဖေ့စ်ဘွတ် အကောင့်တွေကနေ တိုက်ခိုက်လာတာကိုတွေ့ရသလို တချို့နိုင်ငံရေး အင်အားစုတွေကလည်း ဒီဟာကိုသံယောင်လိုက် ပြီးတော့ လိုက်လံတိုက်ခိုက်နေတာကို ကျနော်တို့သွားတွေ့ရတယ်၊ အဲ့ဒီတော့ နှစ်ပိုင်းခွဲကြည့်မယ်ဆိုရင် စစ်အုပ်စု ကတော့ သူတို့အလုပ်ကို သူတို့လုပ်နေတာ၊ နိုင်ငံရေးအင်အားစုတချို့ကတော့ ကျနော်အမြင်ပြောရမယ်ဆိုလို့ရှိရင် ဒါဟာသေချာသဘောမပေါက်တာလည်း ဖြစ်ကောင်းဖြစ်မယ်၊ ဒါမှမဟုတ်ရင် လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲကို ကျနော် တို့ကျောင်းသားတွေ လှုပ်လှုပ်လှုပ်လို့ ပျက်သွားမှာတွေ၊ ဒါမှမဟုတ် မဖြစ်သွားမှာတွေကို စိုးရိမ်ကြောင့်ကြမှုတွေကြောင့် ကျနော်တို့တို့ရဲ့ လှုပ်ရှားမှုတွေကို သေသွားအောင်၊ ရပ်သွားအောင်၊ တန့်သွားအောင်လုပ်ဆောင်ချင်တဲ့ ရည်ရွယ်ချက်ပါ တယ်လို့ ကျနော်မြင်တယ်၊ အမှန်တကယ် အဲ့ဒါဟာလည်း စိုးရိမ်စရာမလိုဘူး၊ တကယ့်လက်တွေ့မှာလည်း ကျနော်တို့နောက်မှာ ဘယ်အဖွဲ့အစည်းကမှ မြှောက်ပင့်ပေးထားတာမရှိဘူး၊ ကျောင်းသားအသိနဲ့ ကျောင်းသား အခွင့်အရေးကို တင်ပြနေတာပဲဖြစ်တယ်ဆိုတာကို ကျနော်ပြောချင်ပါတယ်။

ကိုနေရိန်ကျော်။                   ။ဟုတ်ကဲ့ ကိုကျော်ကိုကိုရေ ကျေးဇူးတင်ပါတယ်ဗျ၊ အခုလိုပြောပြတာ။

ကိုကျော်ကိုကို။          ။ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ၊ ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။