လိပ်ကျွန်းလူသတ်မှု အထူးစုံစမ်းရေး အဖွဲ့ဝင် ဦးထူးချစ်နဲ့ မေးမြန်းချက်
2014.11.25
ထိုင်းနိုင်ငံ ခိုထောင်းကျွန်းလူသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား ၂ဦးကို ကူညီပေးဖို့ အစိုးရက အထူးကိုယ်စားလှယ်အဖြစ် စေလွှတ်လိုက်တဲ့ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် ဦးဆောင်တဲ့အဖဲ့ွက ထိုင်းနိုင်ငံကို ရောက်ရှိနေပါတယ်။
အဲဒီအဖွဲ့က ထိုင်းအစိုးရလူ့အခွင့်အရေးကော်မရှင်ကတာဝန်ရှိသူတွေနဲ့ အမှုအခြေအနေတွေကို ဆွေးနွေးခဲ့ပြီး ဖမ်းဆီးခံထားရတဲ့လူငယ်နှစ်ဦးကိုလည်း သွားရောက်တေ့ွဆုံမှာ ဖြစ်ပါတယ်။
ဦးခင်အောင်မြင့် ဦးဆောင်တဲ့အဖဲ့ွနဲ့ အတူ လိုက်ပါကူညီနေတဲ့ လိပ်ကျွန်းလူသတ်မှု အထူးစုံစမ်းရေး အဖွဲ့ဝင် ဦးထူးချစ်ကို RFA သတင်းထောက် မစန်းမော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
လိပ်ကျွန်းလူသတ်မှု အထူးစုံစမ်းရေးအဖွဲ့ဝင် ဦးထူးချစ်နဲ့ မေးမြန်းချက် အပြည့်အစုံ
မစန်းမော်အောင်။ ။ အခုလိုမျိုး အမျိုးသားလွှတ်တော်ဥက္ကဌကြီး ဦးခင်အောင်မြင့် ဦးဆောင်တဲ့ အထူးကိုယ်စားလှယ်အဖွဲ့တွေနဲ့ တွေ့ဆုံမှုမှာရော ဘာတွေများ ထည့်သွင်းဆွေးနွေးနိုင်လဲဆရာ။
ဦးထူးချစ်။ ။အဓိကကတော့ လက်ရှိ ဒီအမှုကိစ္စနဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ ဆောင်ရွက်ခဲ့ပြီးဟာတွေ ၊ ဆောင်ရွက်သင့်တဲ့ဟာတွေ၊ ကျွန်တော်တို့ ရှေ့လျှောက်ဆောင်ရွက်မယ့်ဟာတွေကို အမျိုးသားလွှတ်တော်ဥက္ကဌကို တင်ပြခဲ့တယ်။ အခုကျွန်တော်တို့ လက်ရှိရင်ဆိုင်နေရတဲ့ တစ်ချို့ပြဿနာတွေကို သူ့ကို တင်ပြခဲ့တာရှိပါတယ်။ လာတဲ့ ကော်မတီမှာဆိုရင် အချို့ဥပဒေရဲ့ကျွမ်းကျင်တဲ့ အဲ့ကော်မတီကလူတွေရောပါတယ်။ နောက်မှုခင်းနဲ့ ပတ်သက်ပြီးတော့ ကျွမ်းကျင်တဲ့လူတွေပါ ပါလာပါတယ်။ ဒီကလေးတွေကို ကျွန်တော်တို့ ဘယ်လိုအာမခံနဲ့ထုတ်မယ်၊ ဘယ်လိုမျိုးဖြေရှင်းမလဲ၊ အဲ့ဒါတွေကို ကျွန်တာ်တို့က ဆွေးနွေးဖြစ်တာပါ၊ လက်ရှိအထူးစုံစမ်းရေးကော်မတီရဲ့ လုပ်ငန်းတွေမှာ သုံးစွဲဖို့ဆိုပြီးတော့ သူတို့အနေနဲ့ ရခိုင်လူမှုကယ်ဆယ်ရေး အဖွဲ့တစ်ခုကိုလှူထားတဲ့ ငွေ သိန်းသုံးရာထဲကမှ ကျွန်တော်တို့ကို မနေ့က အစည်းအဝေးမှာ ဒေါ်လာတစ်သောင်းခွဲ ကျနော်တို့ကို လှူခဲ့ပါတယ်။
မစန်းမော်အောင်။ ။ဒီတွေ့ဆုံမှုကနေပြီးတော့မှ ထိုင်းဘက်ကနေ ဘယ်အဖွဲ့တွေများ တွေ့ဆုံဖို့ရှိလဲ။ ထိုင်းလူ့အခွင့်ရေးကော်မရှင်နဲ့ တွေ့ဆုံတဲ့ အချိန်မှာရော ဘယ်အချက်တွေကိုများ ဆွေးနွေးနိုင်ခဲ့လဲဆရာ။
ဦးထူးချစ်။ ။ အမျိုးသားလွှတ်တော်အနေနဲ့က ထိုင်းလူ့အခွင့်ရေးကော်မရှင်တို့ ကျနော်တို့ တွေ့တဲ့အချိန်မှာတော့ မြန်မာနိုင်ငံကိုယ်စား ကျေးဇူးတင်ကြောင်းနဲ့ ကျနော်တို့ မြန်မာကလေးတွေ အမှုမှန်ပေါ်ရေးအတွက် ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေအားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ စနစ်တကျလဲ ကျနော်တို့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့အကြောင်းတွေ ဆွေးနွေးတာပေါ့နော်၊ ရေရှည်မှာလဲ ဘယ်လိုမျိုး ကျနော်တို့ စနစ်တကျ ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်သင့်တယ်၊ ဘယ်လိုမျိုးအဖွဲ့အစည်းတွေကလဲ ပုံမှန် အခုကိစ္စမှာ ပါဝင်ဆောင်ရွက်သင့်တယ် ဆိုတဲ့ဟာမျိုးတွေ ကျနော်တို့ ဆွေးနွေးဖြစ်ပါတယ်။
မစန်းမော်အောင်။ ။ဟုတ်ကဲ့ အခုလိုမျိုး မြန်မာလူငယ်နှစ်ဦးအမှုအတွက်ကို အစိုးရကနေပြီးတော့ ကိုယ်စားလှယ်လွှတ်လိုက်တဲ့ အချက်ကရော အမှုအတွက် ဘယ်လိုအခြေအနေမျိုးတွေ ရှိလာနိုင်မယ်၊ ဆရာတို့ကူညီနေတဲ့ အဖွဲ့အစည်းအနေနဲ့ ရော ဘယ်လိုမျိုးတွေဆက်လုပ်ဖို့ စီစဉ်ထားလဲဆရာ
ဦးထူးချစ်။ ။ အခုလိုမျိုး နိုင်ငံတော်အနေနဲ့ ဥက္ကဌ ကိုယ်တိုင်လာပေးပြီးတော့ ဒီကိစ္စကို လာဆောင်ရွက်တာ ကျနော်တို့အနေနဲ့ ဒါအင်မတန်မှ ကောင်းတဲ့အလားအလာလို့ ပြောလို့ရတယ်၊ ဒါကျနော်တို့ မြန်မာနိုင်ငံရဲ့ အစိုးရအဆက်ဆက်သမိုင်းမှာလဲ အစိုးရအနေနဲ့ ဒါပထမဦးဆုံး ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အရေးကိစ္စကို ဒါစိတ်ဝင်စားမှုပြသတာဖြစ်တယ်၊ ဒါကြောင့်မို့လို့လဲ ထိုင်းနိုင်ငံ အစိုးရအနေနဲ့ ဒီအမှုကို လက်လွတ်စပယ်လုပ်ရဲမှာမဟုတ်ဘူး၊ ကျနော်တို့ အမျိုးသားလွှတ်တော်ဥက္ကဌအနေနဲ့က ဝန်ကြီးချုပ်နဲ့တွေ့တဲ့အခါမှာ ဒီကလေးတွေကိုစိုးရိမ်ကြောင်း၊ မြန်မာပြည်သူလူထုတွေကလည်း ဒီကလေးတွေကို စိုးရိမ်ကြောင်း ထိုင်းနိုင်ငံဖက်က တရားဥပဒေနဲ့ မျှမျှတတဆောင်ရွက်ပေးဖို့၊ ဒီကိစ္စတွေဟာရေရှည် ထိုင်းမြန်မာ ဆက်ဆံရေးတွေနဲ့လည်း အကံျုးဝင်နိုင်တယ်ဆိုတဲ့ကြောင်း ဒါမျိုးတွေပြောခဲ့တယ်၊ အဲ့ဒါတွေပြောခဲ့တဲ့ကိစ္စတွေဟာ ဒီအမှုတွက်အလားအလာကောင်းတယ်လို့ ကျနော်တို့အနေနဲ့ ပြောလို့ရပါတယ်။
မစန်းမော်အောင်။ ။ ဒီမြန်မာလူငယ်နှစ်ဦးရဲ့ အမှုအတွက်ကို ဆရာတို့အနေနဲ့ ဘယ်အချက်တွေကိုများ ထောက်ပြဆွေးနွေးခဲ့တာမျိုးရှိလည်း၊ ဒီအမှုအတွက်ကိုရော သက်သေရရှိမှု အခြေအနေကိုရော ဆရာတို့အနေနဲ့ တင်ပြဆွေးနွေးခဲ့တာမျိုးရှိလားဆရာ။
ဦးထူးချစ်။ ။ ရှိပါတယ်၊ ကျနော်တို့အနေနဲ့ လုပ်ကိုင်ပြီးစီးခဲ့တဲ့ လုပ်ငန်းတွေ၊ ကျနော်တို့ လုပ်နေတဲ့ လုပ်ငန်းတွေ၊ ရှေ့ဆက်လုပ်ကိုင်သွားမယ့် လုပ်ငန်းတွေကို ကျနော်တို့ပြောပါတယ်။
မစန်းမော်အောင်။ ။ ကလေးတွေကို အာမခံရရှိဖို့ ဆောင်ရွက်မှုအခြေအနေကရော ဆရာတို့ဖက်က ဘယ်လိုလုပ်ဆောင်ဖို့ ပြင်ဆင်ထားလဲရှင့်။
ဦးထူးချစ်။ ။ အာမခံရရှိဖို့ကို ဒီရက်ပိုင်းတွင်းမှာတင်နိုင်ဖို့ ကျနော်တို့ ပြင်ဆင်ပြီးပါပြီ။ အဲ့ကိစ္စကတော့ ကျနော်တို့ အကုန်လုံးငွေရေး၊ ကြေးရေးကိစ္စရော၊ စာရွက်စာတမ်း ကိစ္စရောကျနော်တို့ ပြင်ဆင်ပြီးသားဖြစ်ပါတယ်၊ အာမခံကိစ္စကိုတော့ ကျနော်တို့ အမြန်ဆုံးရအောင် ဆောင်ရွက်ပါ့မယ်၊ အဲ့ဒါကတော့ နိုင်ငံတော်အစိုးရသံရုံးကနေပြီး ဆောင်ရွက်တာဖြစ်ပါတယ်၊
မစန်းမော်အောင်။ ။ ဟုတ်ကဲ့ပါ ပထမကြားထားတဲ့သတင်းက ဘတ် ၅ သိန်းနဲ့ အာမခံရရှိဖို့ ပြင်ဆင်မယ်လို့ ပြောတယ်၊ အခုချိန်မှာ အာမခံကြေးထပ်တိုးမယ်လို့လဲ ပြောတယ်၊ ဘယ်လိုအခြေအနေနဲ့များ ဆောင်ရွက်ဖို့ရှိလဲရှင့်။
ဦးထူးချစ်။ ။ အခြေခံအားဖြင့်တော့ အမှုတစ်မှုမှာ တစ်ဦးကို ဘတ် ၅ သိန်းပေးချေရတယ်၊ ဒါပေမဲ့ ကျနော်တို့က မြန်မာနိုင်ငံသားတွေဖြစ်ပါတယ်။ နောက်တစ်ခုကလည်း အမှုက တစ်ခုတည်းမဟုတ်ဘူး အမှု ၃ ခုနဲ့ ဆွဲထားတဲ့ အနေအထားရှိတော့ ခန့်မှန်းခြေ တစ်ဦးကို ၁၀ သိန်းနီးပါးကျမယ်လို့ ကျွန်တော်တို့ ခန့်မှန်းထားပါတယ်။ အဲဒီ့အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေပါဖို့ ကျွန်တော်တို့ ဆွေးနွေးထားပါတယ်။ ထိုင်းကိုလာတဲ့ ကိုယ်စားလှယ်ထဲက တချို့လူတွေပါမှာပဲ။ ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့ ပြင်ဆင်ထားပါတယ်။
မစန်းမော်အောင်။ ။အဲခါကျရင်ရော ဒီအာမခံရဖို့အပြင် ဒီ့ပြင့် ဘာအချက်တွေရဖို့များ ဆရာတို့အနေနဲ့ ပြင်ဆင်ထားပါလဲ။
ဦးထူးချစ်။ ။ထောင်ထဲမှာကျနေတဲ့ ကလေးတွေနဲ့တွေ့မယ်၊ စိတ်ဓါတ်ခွန်အားပေးဖို့ရယ်၊အစိုးရနဲ့ ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းကူညီတယ်ဆိုတဲ့ အကြောင်းရယ် နောက်တစ်ခုက အာမခံရရှိဖို့ကိစ္စကို ပြင်ဆင်ပြီးသွားမှာပါ။ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ ရက်အတိကျ မပြောနိုင်သေးပါဘူး။ဒါပေမဲ့ ရက်ပိုင်းအတွင်း ကျွန်တော်တို့ သွားမှာပါ။
မစန်းမော်အောင်။ ။ အစိုးရကိုယ်စားလှယ်အဖွဲ့တွေနဲ့ တွေ့ဆုံတဲ့အခါမှာရော မြန်မာထိုင်းအစိုးရဖက်က ကိုယ်စားလှယ်တွေက ဘာတွေများပြောကြားလဲဆရာ၊ ဒီအမှုတွက်ရော ဘာတွေများ ပြောကြားသုံးသပ်သေးလဲဆရာ။
ဦးထူးချစ်။ ။ သူတို့အမြဲပြောနေတာက ဒါကအလုပ်သမားနှစ်ယောက်ရဲ့ ပြဿနာမဟုတ်ဘူး၊ ဒါကထိုင်းနိုင်ငံရဲ့ တရားရေးမဏ္ဍိုင်တစ်ခုဖြစ်တယ်၊ ထိုင်းလူမျိုးတွေကတော့ ဒီအမှုမှန်ပေါ်အောင် ထိုင်းလူ့အခွင့်ရေးကော်မရှင်နဲ့ ထိုင်းရှေ့နေများကောင်စီကတော့ အမှုမှန်ပေါ်အောင် ကြိုးစားဆောင်ရွက်ပေးမယ်လို့ပြောကြပါတယ်။