ခိုထောင်းကျွန်းအမှု ရှေ့နေ ဦးအောင်မျိုးသန့်နဲ့ မေးမြန်းချက်


2014.12.26

ထိုင်းနိုင်ငံ ခိုထောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမားနှစ်ဦးကို ဒီနေ့ Koh Samui ခရိုင်တရားရုံးမှာ ရုံးထုတ်ရာ နှစ်ဖက်   သက်သေစာရင်းကို တင်ပြခဲ့တယ်လို့ သိရပါတယ်။

တရားရုံးချိန်းကို တက်ရောက်ခဲ့တဲ့ မြန်မာသံရုံးအထူးအဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်ကို RFA သတင်းထောက် မစန်းမော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ရှေ့နေ ဦးအောင်မျိုးသန့်နဲ့ မေးမြန်းချက်အပြည့်အစုံ

စန်းမော်အောင်။    ။ တရားရုံးစစ်ဆေးချက်က ဘယ်လိုရှိပါလဲရှင့်။

ဦးအောင်မျိုးသန့်။  ။ ကျနော်တို့ ၂ ဖက်သက်သေကို အလဲအလှယ်လုပ်တာပါ၊ သက်သေစာရင်းလုပ်တယ်၊ တရားလိုဖက်ကနေပြီး သက်သေခံပစ္စည်းတွေကို တင်ပြတယ်၊ အဲ့ဒါတွေကို ကျနော်တို့တရားခွင်မှာပဲ ၂ ဖက်ကြည့်ပြီး အလဲအလှယ် လုပ်ကြတာပါ၊ တရားလိုဘက်က သက်သေတွေတင်ပြတဲ့ ပုံစံတွေကတော့ သက်သေ ၆၂ ယောက်နဲ့၊ သက်သေခံစာရွက်စာတမ်း၊ CCTVပုံ၊ နောက်တစ်ခါ DNA စစ်တဲ့ဆေးစာ ဒါတွေကို တင်ပြထားပါတယ်၊ ကျနော်တို့ဘက်က ၂၇ ယောက်တော့လောလောဆယ် တင်ပြထားပါတယ်၊ ဒါပေမယ့် သူတို့ဘက်မှာ တင်ပြတဲ့သက်သေတွေကလဲ ဗမာတွေ ၄၊ ၅၊ ၁၀ ယောက်တွေ့ထားပါတယ်၊ ကျန်တာကတော့ ရဲတွေများပါတယ်၊ မှုခင်းနဲ့ ပတ်သက်တဲ့ ရဲတွေပါပါတယ်။

စန်းမော်အောင်။    ။ မြန်မာဘက်ကနေပြီးတော့ သက်သေတင်ပြချက် အခြေအနေ ကရော ဘယ်လိုရှိပါလဲ၊ ထွက်ဆိုချက်ကရော ဘယ်လိုမျိုးတွေရှိခဲ့လဲရှင့်။

ဦးအောင်မျိုးသန့်။  ။ သူတို့ဘက်ကတော့ သက်သေတွေထွက်ဆိုချက်ကို ကျနော်တို့ မသိရသေးပါဘူး၊ ဒါပေမယ့် ကျနော်တို့သက်သေတွေကတော့ ကျနော်တို့အမှုနဲ့ ပတ် သက်လို့ကောင်းတဲ့အချက်လေးတွေကို ကျနော်တို့ရထားပါတယ်၊ ဒါထက်ကောင်းတဲ့ သက်သေတွေကိုလဲ ကျနော်တို့ စစ်ဆေး ပြီးတဲ့ အချိန်မှာ ထပ်စစ်ပြီးတော့ ကျနော်တို့က သံရုံးထဲမှာ သိမ်းထားပါတယ်၊ တရားသူကြီးကကျနော်တို့ကို ရက်ချိန်းပေးတဲ့အချိန်မှာ ၇ လပိုင်း ၈ရက်နေ့မှာ စပြီးပြန်ပေးပါတယ်၊ ဒါပေမယ့် နောက်ပိုင်းရက်ချိန်းတွေဟာ ၃ ရက်၊ ၄ ရက် ဆက်တိုက်ဖြစ်သွားမယ့် သဘောရှိပြီးတော့ ၁ ရက်ကို ၅ ယောက် လောက်စစ်မယ် လို့ပြောပါတယ်။

စန်းမော်အောင်။    ။ ဆရာတို့ဖက်ကရော ဘယ်လိုမျိုးတောင်းဆိုမှုတွေရှိခဲ့လဲရှင့်။

ဦးအောင်မျိုးသန့်။  ။ ကျနော်တို့ဘက်က ကျနော်တို့ရဲ့သက်သေတွေက Koh Samui ခရိုင်တရားရုံးကို လာပြီးတော့ အစစ်ဆေးခံဖို့မလွယ်ပါဘူးလို့၊ သူတို့ရဲ့အကြောက်တရား ကြောင့် ကျနော်တို့က ခေါ်ပေးဖို့မလွယ်ပါဘူးလို့ အမြန်ဆုံးခေါ်ပေးလို့ရရင် သံရုံး အထိပဲ ခေါ်ပေးလို့ရပါတယ်လို့ ဒါကြောင့်ကျနော် တို့ရဲ့ သက်သေတွေက အမှန်တရားကိုမြင် တွေ့နေပေမယ့် Koh Samui တရားရုံးကို လာစစ်ဖို့အတွက်တော့ ခက်ပါတယ်လို့ ကျနော်ပြောပါတယ်၊ ဒါကိုလဲ တရားသူကြီးကလက်ခံပါတယ်၊ မှတ်တမ်းလဲ တင်ထားပါတယ်။

စန်းမော်အောင်။    ။ အဲ့ဒါဆို Koh Samui တရားရုံးကစစ်ဆေးဖို့ ခက်တယ်ဆိုတော့ ဆရာတို့အနေနဲ့ ဘယ်တရားရုံးမှာ စစ်ဆေးဖို့ တောင်းဆိုခဲ့ပါလဲရှင့်။

ဦးအောင်မျိုးသန့်။  ။ ကျနော်တို့ကတော့ ဘန်ကောက်ကိုပဲပြောပါတယ်၊ ဘန်ကောက် မှာ အဆင်မပြေလို့ရှိရင် ကျနော်တို့သက်သေတွေကို ဘန်ကောက်သံရုံးမှာ စစ်ပေးဖို့ ဆိုတဲ့ အနေအထားမျိုးပါ။

စန်းမော်အောင်။    ။ အဲ့ဒါဆိုတော့ တရားသူကြီးဘက်ကရော ဘယ်လိုမျိုးမှတ်ချက် တွေ ပေးခဲ့လဲရှင့်။

ဦးအောင်မျိုးသန့်။  ။ တရားသူကြီးကတော့ အကုန်မှတ်တမ်းတင်ထားပါတယ်၊ လောလောဆယ် ဒီမှာလာစစ်မခံနိုင်ဘူးဆိုရင် သံရုံးမှာနေရာလုပ်ပြီးတော့ စစ်ပေး လို့ရမလားလိုတော့ ကျနော်တို့ကိုပြောပါတယ်၊ ဒါပေမယ့် ကျနော်တို့လိုချင်တာကတော့ ဘန်ကောက်မှာ ရုံးပြောင်းပြီးစစ်ဆေးမယ်ဆိုရင် ပိုအဆင်ပြေမယ်လို့ ကျနော်တို့ပြော ခဲ့ပါတယ်။

စန်းမော်အောင်။    ။ တရားခံဖက်က သက်သေတွေက လုံခြုံမှုကြောင့် စိုးရိမ်မှုတွေ ရှိနေတယ်ဆိုတော့ ဆရာတို့ဖက်ကနေသက်သေတွေကို ဘယ်လိုမျိုး စုဆောင်းသွားဖို့ရှိလဲရှင့်၊ ဘယ်လိုတင်ပြမှုတွေနဲ့ ကြိုးပမ်းသွားဖို့ရှိလဲရှင့်။

ဦးအောင်မျိုးသန့်။  ။ ကျနော်တို့ကတော့ သက်သေတွေကို ရအောင်ရှာပြီးတော့ ရတဲ့သက်သေတွေကို အရင်ဆုံးဗီဒီယို ရိုက်ပြီးတော့စစ်ထားမှာပါ၊ မှတ်တမ်းတင် ပြီးတော့ တကယ်လို့လိုအပ်မယ်ဆိုရင် ကျနော်တို့က သံရုံးထဲမှာခေါ်ပြီးတော့ ရှေ့နေများကောင်စီနဲ့ စစ်ပါမယ်၊ စစ်ပြီးလို့ရှိရင် သူတို့ဖက်ကလာပြီးတော့ ဒီဟာနဲ့ ပတ်သက်လို့ ထပ်မံစစ်ဆေးချင်တယ်ဆိုရင် ကျနော်တို့ အများဆုံးအနေအထားရ သံရုံးလောက်ကိုပဲ နေရာပေးပြီးတော့စစ်ဆေးခံဖို့ ကျနော်တို့ စဉ်းစား ထားပါတယ်။

စန်းမော်အောင်။    ။ ပထမတစ်ကြိမ်ကလဲ မြန်မာလုပ်သား၂ ဦးအတွက် အာမခံ တင်ရာမှာ ပယ်ချခံရမှုရှိတယ်ဆိုတော့ အာမခံတင်ဖို့အတွက် ဘယ်လိုကြိုးစားမှုတွေ ရှိမလဲရှင့်

ဦးအောင်မျိုးသန့်။  ။ ဒါဒီနေ့က အဆုံးအဖြတ်ပါ၊ ဒီနေ့ကျနော်တို့ တရားခွင်မှာ သိရ တဲ့အချက်တွေအရ ကျနော်တို့ရက်ချိန်းဟာ ၇ လပိုင်းဆိုတော့ တော်တော်ကို ရက် ကွာသွားပါပြီ၊ ဒီကြားထဲမှာ ကျနော်တို့ ကလေးတွေအာမခံရဖို့ ကျနော်တို့ အစီအစဉ်ရှိပါတယ်။

စန်းမော်အောင်။    ။ တရားလိုဖက်ကနေသက်သေ ၆၀ ကျော်တောင် တင်ထား ခဲ့တယ်ဆိုတော့ အမှုအခြေအနေက ဘယ်လိုမျိုးတွေဖြစ်လာနိုင်မလဲ၊ သက်သေ ခိုင်မာချက်တွေရှိနေပြီလို့ ပြောလို့ရမလားရှင့်။

ဦးအောင်မျိုးသန့်။  ။ ဟိုမှာက DNA တူတာ၊ CCTV မှာ ပုံရိပ်ပေါ်တာတွေဟာ ကျနော် တို့စွပ်စွဲခံရတဲ့ ကျနော်တို့တရားခံလေးတွေလို့ပြောချင်တာပါ၊ ဒါပေမယ့် ကျနော်တို့ တရားရုံးမှာ သက်သေမောင်မောင်ကို ကြိုတင်ထွက်ချက်ရယူပြီးပါပြီ၊ အဲ့ချိန်မှာ မောင်မောင် ကိုယ်တိုင်ကပြောခဲ့ပါတယ်၊ အဲ့ပုံတွေက အခုစွပ်စွဲ ခံနေ ရတဲ့ ဝင်းဇော်ထွန်း နဲ့ ဇော်လင်းမဟုတ်ဘူးလို့ ပြောခဲ့တဲ့စကားရှိနေပါတယ်၊ ကျနော်တို့ သတင်းရထားတဲ့ သက်သေတော်တော် များများဟာ မြန်မာပြည် ထဲပြန် ဝင်သွားတာတို့၊ နေရာအနှံ့ပြန့်နှံ့ နေတယ်လို့ သိရပါတယ်၊ ဒါတွေကိုလိုက်ဖို့အတွက် ကျနော်တို့အချက်ရတာပါ၊ ဒါကတော့ ဝမ်းသာစရာပါ၊ တရားလိုဖက်က သက်သေ ၆၀ ကျော်မှာ ၄၀ ကျော်လောက်ကတော့ ရဲတွေဖြစ်နေတယ်၊ ရဲဆိုတာကတော့ အမှုဆင်တာပါ။

 

 

 

 

 

 

 

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။