လိပ်ကျွန်းအမှု ဦးဆောင်ကူညီပေးနေသူ နာမည်ပျက်စာရင်းသွင်းခံရ
2014.11.06
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရဲ့ အစီအစဉ်အရ လိပ်ကျွန်းလူသတ်မှုနဲ့ စွပ်စွဲခံရတဲ့ လူငယ် ၂ ဦးရဲ့မိဘတွေကို မြန်မာပြည်ကို ပြန်ပို့ခဲ့တဲ့ အလုပ်သမားအရေးလှုပ်ရှားသူ ဦးကျော်သောင်းကို မြန်မာလေဆိပ် အာဏာပိုင်တွေက ထွက်ခွာခွင့် ခေတ္တပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။ စွပ်စွဲဖမ်းဆီးခံထားရတဲ့ လူငယ်နှစ်ဦးရဲ့ မိဘတွေကို နိုဝင်ဘာ ၄ ရက်မှာ မြန်မာနိုင်ငံကို ပြန်ပို့ဆောင်ပေးခဲ့ပြီး ရန်ကုန်မင်္ဂလာဒုံလေဆိပ်ကနေ ထိုင်းနိုင်ငံကို ဒီမနက် ပြန်အထွက်မှာ အခုလို တားမြစ်ခံရတာဖြစ်ပါတယ်။
ပြည်ပအလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းရှင်များအသင်းချုပ်က ပေးပို့တိုင်ကြားတဲ့စာအရ သူ့ကို နာမည်ပျက်စာရင်း Blacklist သွင်းလိုက်တာလို့ သိရကြောင်း ဦးကျော်သောင်းက ပြောပါတယ်။ ဦးကျော်သောင်းဟာ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးနေတဲ့ MAT ခေါ် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့က ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။
ဦးကျော်သောင်းကို RFA အဖွဲ့သူ ဒေါ်စမ်းစမ်းတင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။