သီးခြားရပ်တည်ဖို့ ကြိုးစားနေကြောင်း ကရင်နယ်ခြားစောင့်တပ် BGF ပြော

RFA Burmese
2024.01.24

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အနေနဲ့ စစ်ကောင်စီထံကနေ လစာနဲ့ ရိက္ခာ မယူတော့ဘဲ သီးခြားရပ်တည်ဖို့ ကြိုးပမ်းနေတယ်လို့ BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက RFA ကို ဒီနေ့ ပြောလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဇန်နဝါရီလ ၂၃ ရက်နေ့က စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကရင်ပြည်နယ် ဘားအံမြို့ကို ရောက်နေချိန်မှာလည်း ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

ကရင်ပြည် နယ်ခြားစောင့်တပ် BGF မှာ တပ်နယ်လေးနယ်နဲ့ တပ်ရင်း ၁၃ ရင်းရှိပြီး တပ်ရင်းတစ်ရင်းကို တပ်ဖွဲ့ ဝင် ၅၅၆ ဦးနဲ့ တင်းပြည့်ကျပ်ပြည့် အင်အားရှိပါတယ်။ အခြေစိုက်တပ်နယ်တွေအဖြစ် ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ အခြေစိုက်ပါတယ်။

အဲဒီတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံးက လစာနဲ့ စားနပ်ရိက္ခာ လစဉ် ပေးထားရတာပါ။

BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူကို RFA က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ ဗိုလ်မှူးကြီးကို စစ်ကောင်စီက ဒေသဆိုင်ရာ စစ်ဆင်ရေး ကွပ်ကဲရေးမှူး (ဒ.စ.က မှူး) ရာထူးတိုး ပေးတယ်ဆိုပြီး သတင်းထွက်နေပါတယ်။ အဲဒါဟုတ်ပါသလား။

ဖြေ ။ ။ အဲဒါမဟုတ်ပါဘူး။ ဘာမှ မသိရဘူးနော်။

မေး ။ ။ ဗိုလ်မှူးကြီးတို့ နယ်ခြားစောင့်တပ် ရင်း ၁၃ ရင်းစလုံး စစ်ကောင်စီကပေးတဲ့ လစာနဲ့ ရိက္ခာ မယူတော့ဘူးလို့လည်း သိရတယ်။ မနေ့က ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ တွေ့ဆုံရာမှာ အဲဒီကိစ္စဆွေးနွေးခဲ့ သေးလား။

ဖြေ။ ။ မနေ့ကတော့ တွေ့ပါတယ်။ အခုညှိနှိုင်းဆွေးနွေးထားတဲ့အချက်ကိုတော့ ဒုဗိုလ်ချုပ်မှူးကြီးက တပ်ချုပ်ကြီးကို ပြန်လည်တင်ပြဖို့ အဲဒီလိုပဲ မှာကြားတာရှိပါတယ်။ ဒါတွေကို ပြေလည်ဖို့ ကျွန်တော်တို့လည်း မျှော်လင့်ပါတယ်။ အခုဆွေးနွေးနေတုန်းပဲ။ ကျွန်တော်တို့ အတိအကျဖြေလို့မရသေးဘူး။ ခဏလေး စောင့်ပေးနော်။

မေး။ ။ ဆိုတော့ ဗိုလ်မှူးကြီးတို့ကရော ဘာလို့ ဒီလို သီးခြားရပ်တည်ကြမှာလဲ။

ဖြေ။ ။ ကျွန်တော်တို့ ၁၉၉၄ ခုနှစ် ဖြစ်ပေါ်လာတဲ့ ပြဿနာကို ကျွန်တော်တို့ တပ်မတော် အစိုးရနဲ့ လက်တွဲပြီးတော့ ကျွန်တော်တို့ ကရင်အချင်းချင်း ပြန်လည်တိုက်ခိုက်ကြတာ လည်း DKBA ရဲ့ဘဝ ၁၆ နှစ်ကျော်၊ ၁၇ နှစ်အတွင်းပေါ့။ မထင်မှတ်ဘဲ ၂၀၁၀ နိုင်ငံရေး အသွင်ကူးပြောင်းတဲ့ကာလမှာ နိုင်ငံရေးပြောင်းလဲမှု ကာလမှာ ကျွန်တော်တို့အဖွဲ့တွေ လူကြီးတွေ၊ တပ်မတော်အကြီးအကဲတွေ လာရောက်တွေ့ဆုံတဲ့အခါကျတော့ ကျွန်တော် တို့ ဆရာတော် မြိုင်ကြီးငူဆရာတော်ဘုရားကြီး ကိုယ်တိုင်လည်း ခုနစ်ရက်သားသမီးကို ဒုက္ခမရောက် စေချင်လို့ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးပြီးတော့ ကျွန်တော်တို့ အဖွဲ့တွေ အားလုံးကို နယ်ခြားစောင့်တပ် မလုပ်လို့မရဘူး လုပ်ပါလို့ဆိုပြီး ဆရာတော် စကားလည်း နားထောင်ပြီးတော့ ကျွန်တော်တို့ လုပ်လာတာလည်း နှစ်ပေါင်း ၁၃ နှစ် လောက်ရှိပြီပေါ့နော်။ အခု နှစ်ပေါင်း ၁၃ နှစ်မှာလည်း ကျွန်တော်တို့ ကရင်အချင်းချင်းပဲ သတ်ကြတာ၊ ဖြတ်ကြတာလည်း ဆက်ပြီးတော့ မလုပ်ချင်တဲ့အတွက် လက်အောက်ငယ်သားတွေ သဘောဆန္ဒ အတိုင်း ကျွန်တော်တို့ ကရင်အချင်းချင်း မတိုက်ချင်တဲ့ ဆန္ဒ၊ အဲဒီတပ်မတော် နဲ့ လက်တွဲရင်တော့ ကျွန်တော်တို့ ကရင်အချင်းချင်း ပြန်တိုက်ရမှာမို့လို့ တပ်မတော်ရဲ့ လစာ၊ ရိက္ခာကို လိုချင်တဲ့ဆန္ဒ မရှိတဲ့အကြောင်း စာတင် ထားတာ ရှိတာပေါ့နော်။

မေး ။ ။ ဒီကိစ္စနဲ့ပတ်သက်လို့ ဘယ်နေရာတွေကို တင်ပြထားတာရှိလဲ။

ဖြေ ။ ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုချုပ်ကြီးဆီမှာ တင်ထားတာရှိတယ်။ ကစထမှုး ဆီမှာရော၊ တိုင်းမှူးဆီမှာရော၊ ဗိုလ်ချုပ်အောင်ပိုင်ဦး (ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံး) ဆီမှာရော တင်ထားတာရှိပါတယ်။ လူကြီးကတော့ လေးလေးနက်နက် စဉ်းစားပေးမှာပဲလို့ ထင်ပါတယ်။ ဒီလ ၁၃ ရက်နေ့ကတုန်းက ကျွန်တော်တို့ အစည်းအဝေးလုပ်တယ်။ လက်အောက်ငယ်သားတွေ တင်ပြလာတာ ကရင်အချင်းချင်း မတိုက်ချင်တော့တာ ရယ်။ နှစ်ပေါင်း ၃၀ လောက်ရှိပြီ ကရင်အချင်းချင်း ပြန်တိုက်တာက သေကြ၊ ကြေကြတဲ့အပေါ်မှာ လက်အောက်ငယ်သားတွေ တင်ပြလာ တဲ့အပေါ် ကျွန်တော်တို့ ခေါင်းဆောင်ပိုင်းတွေအားလုံး ညှိနှိုင်းဆွေးနွေးပြီးတော့ တပ်မတော်ရဲ့ ပံ့ပိုးမှုကို ဆက်ပြီး လက်ခံဦးမယ်ဆိုရင်တော့ တပ်မတော်ရဲ့ လမ်းညွှန်မှု တပ်မတော်သားတစ်ယောက်ရဲ့ လုပ်ရမယ့်တာဝန်ကို ဆက်လုပ်ရဦးမှာပဲ။ အဲလိုမျိုး စဉ်းစားပြီးတော့ အဖြေကိုထုတ်ပြီးတော့ လုပ်ရတာ ဖြစ်ပါတယ်။

မေး ။ ။ ဗိုလ်မှူးကြီးတို့ တပ်ရင်း ၁၃ ရင်းမှာ တပ်ဖွဲ့ဝင် ခုနစ်ထောင်လောက် ရှိနေတာဆိုတော့ လစာ၊ ရိက္ခာမယူတော့ဘူးဆိုရင် ဘယ်လိုရပ်တည်မှာပါလဲ။

ဖြေ ။ ။ ကျွန်တော်တို့ကတော့ လခက အဓိက မဟုတ်ဘူး။ ငြိမ်းငြိမ်းချမ်းချမ်းနေရဖို့ပဲ။ KNU ဘဝ တုန်းကလည်း ကျွန်တော်တို့ လုပ်လာခဲ့တာ အခက်အခဲပေါင်းများစွာပဲ။ တစ်ခါတစ်ရံ ထမင်းတောင် နှစ်ရက် သုံးရက်ငတ်တဲ့ဘဝ ကြုံဖူးခဲ့တာပဲ။ ဒါပေမဲ့ လခကတော့ တစ်ခါမှ မရခဲ့ဖူးဘူး။ လုပ်နိုင်တာပဲ။ အခု ကရင် အချင်းချင်း ပြန်ပြီးတော့ တိုက်ရ ခိုက်ရတဲ့အကြောင်းမရှိရင်တော့ ရဲဘော်တွေက လခမလိုလားပါဘူး။ အဓိက က ငြိမ်းချမ်းရေးပဲလေ။

မေး ။ ။ ဗိုလ်မှူးကြီးတို့ရဲ့ အဆိုပြုချက်ကို စစ်ကောင်စီဘက်က လက်မခံတာမျိုးဆိုရင် ဘာဆက်လုပ်ဖို့ ရှိမလဲ။

ဖြေ ။ ။ ဒါကတော့ ကျွန်တော်တို့လည်း လောလောဆယ် မပြောနိုင်သေးဘူး။ အဖွဲ့ ရှိတယ်ဆိုတော့ အဖွဲ့နဲ့လည်း ညှိနှိုင်းတိုင်ပင်ပြီးတော့ အဖြေတစ်ခု ထွက်လာမှာပေါ့။

မေး ။ ။ နောက်တစ်ခုက ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းကိစ္စပါ။ ထိုင်းနဲ့ မြန်မာ စစ်ကောင်စီတို့လည်း ဒီဟာကို နှိမ်နင်းမယ်လို့ပြောလာတော့ ဗိုလ်မှူးကြီးရဲ့ သဘောထားကရော ဘယ်လိုရှိပါလဲ။

ဖြေ ။ ။ ငွေလိမ်လည်တဲ့ လုပ်ငန်းတွေက ကျွန်တော်တို့လည်း တရားမဝင်တဲ့လုပ်ငန်းမျိုး ဖြစ်တာ ကြောင့် လက်မခံပါဘူး။ ပထမကတည်းက ကျွန်တော်တို့ ရွေကုက္ကိုမှာ အဲဒီ အိမ်ရာစီမံကိန်းဆိုတာ NLD အစိုးရလက်ထက်ကတည်းက တင်ပြပြီးတော့ ခွင့်ပြုထား တဲ့အပေါ်မှာ နောက်ဆက်တွဲ အွန်လိုင်းလုပ်ငန်း တွေဖြစ်လာတာ ကျွန်တော်တို့ လက်မခံပါဘူး၊ ကျွန်တော်တို့ ပြန်ပို့ဖို့အားလုံး အစီအစဉ်လုပ်ထားတယ်နော်။ နိုင်ငံတော် အကြီးအကဲပိုင်းရော၊ ဒီထိုင်းဘက်ရော တရုတ်ဘက်က တောင်းဆိုမှုအပိုင်းရော ကျွန်တော်တို့ကို ပြောလာရင် လုပ်ပေးဖို့ အဆင်သင့်ပါပဲ။

မေး ။ ။ ကျားဖြန့်တွေကို နှိမ်နင်းရာမှာ ထိုင်းနဲ့ မြန်မာအပြင် တရုတ်ဘက်က ပါလာရင် မြဝတီဟာ ဒုတိယလောက်ကိုင်လို ဖြစ်လာနိုင်မလား။ ဗိုလ်မှူးကြီး ဘယ်လိုပြောနိုင်မလဲ။

ဖြေ ။ ။ ကျွန်တော်ကတော့ လောက်ကိုင်လိုမျိုး အဖြစ်မခံပါဘူး၊ နှစ်နိုင်ငံနယ်စပ်၊ ပြီးတော့ နိုင်ငံခြားသားတွေလည်း ရှိတဲ့အခါကျတော့ ကျွန်တော်တို့ကလည်း သူ့နိုင်ငံက တောင်းဆိုရင် ပြန်ပို့ရမယ့်တာဝန်ရှိတယ်။ အခုလည်း ပြန်ပို့နေတယ်။ အဝင်လည်း ပေးမဝင်ဘူး။ ပြန်ပို့နေပါတယ်။ ပူးပေါင်းပြီးတော့ အချောနည်းလမ်း တစ်ခုနဲ့ လုပ်မှာပဲလို့ ကျွန်တော် မျှော်လင့်ပါတယ်။

မေး ။ ။ တစ်ဆက်တည်းမှာပဲ အွန်လိုင်းလောင်းကစားတွေ နှိမ်နင်းဖို့ကိစ္စနဲ့ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်ပြီး တွေ့ဆုံဖို့ရှိတယ်လို့လည်း သိရပါတယ်။ အဲဒီအခြေအနေကရော ဘယ်လိုရှိပါလဲ။

ဖြေ ။ ။ မဟုတ်ပါဘူးနော်။

မေး ။ ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဖြေ ။ ။ ဟုတ်ကဲ့၊ ကျေးဇူးပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။