ပြည်သူတွေပဲ အနိုင်ရလိမ့်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ပြော
မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီက ဆန္ဒ္ဒပြတဲ့ ပြည်သူတွေကို နည်းအမျိုးမျိုး အကြမ်းဖက် နှိမ်နှင်းတာတွေ ရှိနေပေမယ့် အဆုံးမှာတော့ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ပြည်သူတွေကပဲ အနိုင်ရလိမ့်မယ်လို့ ယုံကြည်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Mr Tom Andrew က ပြောလိုက်ပါတယ်။ RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်နဲ့ မေးမြန်းမှုအတွင်းမှာ Mr Tom Andrew က မှာ မြန်မာနိုင်ငံက ဖြစ်ရပ်တွေအပေါ် သူ့ရဲ့ ရှုမြင်သုံးသပ်ချက်နဲ့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံအရေး လုပ်ဆောင်ချက်တွေကို ပြောပြခဲ့ပါတယ်။
RFA - အခုအချိန်မှာ အာဏာသိမ်း စစ်တပ်က ဆန္ဒပြ ပြည်သူတွေအပေါ်မှာ အကြမ်းဖက်နှိမ်နှင်းတဲ့ ဖြစ်ရပ်တွေပိုများလာပြီး၊ ဆန္ဒပြပြည်သူအချို့ သေဆုံးမှုတွေ ရှိနေပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်တစ်ဦးအနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အဖြစ်အပျေက်တွေအပေါ်မှာ ဘာများပြောချင်ပါသလဲ။
■ အာဏာသိမ်းမှုဖြစ်ပြီး နောက်ပိုင်မှာ အခြေခံလူ့အခွင့်အရေးအားလုံး ချိုးဖောက်ခြင်းခံခဲ့ရပါတယ်။ Civil Liberty လို့ ခေါ်တဲ့ အခြေခံ အရပ်ဘက်လွတ်လပ်ခွင့်တွေ၊ ဥပဒေအရ အကာအကွယ်ပေးရမယ့် အခွင့်အရေးအားလုံး ပျောက်ဆုံးသွားပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံ လူ့အခွင့်အရေးအားလုံး စနစ်တကျချိုးဖောက်ခြင်း ခံလိုက်ရပါတယ်။ ပထမဆုံး ပြောချင်တာကတော့ ဒီအစိုးရဟာ လုံးဝတရားမဝင်ပါဘူး။ လက်နက်အားကိုးနဲ့ အာဏာရယူထားတဲ့သူတွေ ဖြစ်တဲ့အတွက် မြန်မာ ပြည်သူတွေအပေါ်မှာ လက်နက်အားကိုးနဲ့ ခြိမ်းခြောက်နေနိုင်တာကလွဲရင် ဘာတရားဝင်ဖြစ်မှုမှ မရှိပါဘူး။ ဒါကြောင့် ပထမဆုံးအခွင့်အရေး ချိုးဖောက်မှုကတော့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီကျင့်သုံးခွင့်နဲ့ တရားဥပဒေ စိုးမိုးမှုတွေကို ခိုးယူသွားတာပါပဲ။ ဒါ့အပြင် ရာနဲ့ ချီတဲ့ အရပ်သား ပြည်သူတွေကို ညဘက်တွေမှာ အိမ်တံခါးလာခေါက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာတွေ တွေ့နေရပါတယ်။ ကျွန်တော်နဲ့ စကားပြောခွင့်ရခဲ့တဲ့သူ အချို့ဟာဆိုရင် အဖမ်း မခံရအောင်လို့ တစ်နေရာကနေ တစ်နေရာကို ညတိုင်း ရွေ့ပြောင်းနေရပါတယ်။ ဒါဟာ စစ်တပ်က ဆန္ဒပြပြည်သူတွေကို အေးအေးချမ်းချမ်း နေလို့မရပဲ အထိတ်တလန့် ဖြစ်အောင် ခြောက်လှန့်နေတာပါ။ ဒီလို ရာနဲ့ချီတဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးချုပ်နှောင်ရာမှာလည်း တရားဥပဒေနဲ့အညီ လုပ်ရမယ့် လုပ်ငန်းစဉ်တွေ မလုပ်ဘဲ ပရမ်းပတာနဲ့ ဖမ်းဆီးနေတာ ဖြစ်ပါတယ်။ ဒါဟာ နောက်ထပ် လူ့အခွင့်အရေး ချိုးဖောက်မှု တစ်ခုဖြစ်ပါတယ်။ နောက်တစ်ခုက မြန်မာပြည်သူတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ ဆန္ဒ ဖော်ထုတ်ခွင့်နဲ့ စုဝေးခွင့်တွေကို ပိတ်ပင်နေတာပါ။ ဒါပေမယ့် အံ့သြစရာကောင်းတာကတော့ ဒီအာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်ဖို့နဲ့ ဆုံးရှုံးသွားတဲ့ အခွင့်အရေးတွေကို ပြန်ရဖို့ မဆုတ်မနစ် တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတွေရဲ့ ရဲစွမ်းသတ္တိကို မြင်ရတာကြောင့်ပါ။ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေရဲ့ နည်းအမျိုးမျိုးနဲ့ ခြိမ်းခြောက်မှုတွေ၊ ပုံစံအမျိုးမျိုးနဲ့ ဖိနှိပ်မှုတွေ ရှိနေပေမယ့် ဒီလို ရဲစွမ်းသတ္တိနဲ့ မဆုတ်မနစ် ဆက်ပြီး တိုက်ပွဲဝင်နေကြတဲ့သူတွေ ရှိတဲ့အတွက် အဆုံးမှာတော့ သူတို့ အောင်မြင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေမှာ လက်နက်တွေ ရှိပေမယ့်၊ မြန်မာတစ်နိုင်ငံလုံးက သန်းပေါင်းများစွာသော ပြည်သူတွေက သူတို့အချင်းချင်း ရိုင်းပင်းကူညီကြရင်း၊ အာဏာရှင်တွေကို ဆန့်ကျင်ကြမယ်ဆိုရင် သူတို့ မခံနိုင်ပါဘူး။ ကျွန်တော်နဲ့ ဆက်သွယ်စကားပြောခဲ့တဲ့သူတွေ တော်တော်များများက သူတို့ သားသမီးတွေရဲ့ အနာဂတ် ကောင်းဖို့ ဒီလို စစ်တပ်က အာဏာသိမ်းထားတာကို ဆန့်ကျင်နေတာလို့ ပြောကြပါတယ်။ မျိုးဆက်သစ် လူငယ်တွေဆိုရင်လည်း စစ်အစိုးရလက်အောက်မှာ နေခဲ့ရစဉ်က ခါးသီးတဲ့ အတွေ့အကြုံတွေကို သူတို့ရဲ့ မိဘဘိုးဘွားတွေဆီကနေ ပြန်ပြီး ကြားခဲ့ရတဲ့အတွက် အဲဒီလို အခြေအနေမျိုးကို ပြန်မရောက်ချင်တဲ့အတွက် ဆန္ဒပြ တောင်းဆိုနေကြတာလို့ ပြောပြပါတယ်။ ဒီလူငယ်တွေဟာ လွတ်လပ်မှုရဲ့ အရသာကို သိတဲ့သူတွေဖြစ်တဲ့အတွက် ဒီလွတ်လပ်ခွင့်ကို ပြန်ပြီး ဆုံးရှုံးရတော့မှာကို မလိုလားကြပါဘူး။ ဒါကြောင့်လည်း သူတို့ဟာ သူတို့ မိဘတွေ တွေ့ကြုံခံစားခဲ့ရတဲ့ အခြေအနေမျိုးပြန်ဖြစ်လာမှာကို လက်မခံတဲ့အကြောင်း တကမ္ဘာလုံးက သိအောင် ပြဖို့ ထူးခြား ဆန်းသစ်တဲ့ ဆန္ဒပြနည်း အမျိုးမျိုး တီထွင်ဖန်တီးပြီး အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေကို တိုက်ပွဲ ဝင်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်သာ လောင်းကြေးထပ်လို့ ရမယ်ဆိုရင် ဆန္ဒပြပြည်သူတွေဘက်ကပဲ လောင်းကြေးထပ်လိုက်မှာပါ။ အဆုံးမှာ သူတို့ပဲ အနိုင်ရလိမ့်မယ်လို့ ထင်ပါတယ်။
RFA - အခု ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဘယ်လိုအောင်မြင်မှုမျိုး ရမယ်လို့ ထင်ပါသလဲ။
■ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာ့အရေးကို ဆက်ပြီး ဆွေးနွေးသုံးသပ်ပြီး၊ ကမ္ဘာ့နိုင်ငံအားလုံးက ပါဝင် လုပ်ဆောင်နိုင်မယ့် လုပ်ငန်းစဉ်တွေ ချမှတ်သွားဖို့ပါ။ နိုင်ငံအားလုံးက ညီညီညွတ်ညွတ်နဲ့ ပါဝင် လုပ်ဆောင်ကြမှလည်း ထိရောက်မှု ရှိမှာပါ။ ဥပမာ စစ်ခေါင်းဆောင်တွေကို လက်နက်ရောင်းချမှု ပိတ်ပင်တာမျိုးဆိုရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေတဆင့် လုပ်တာ အထိရောက်ဆုံးဖြစ်ပါတယ်။ အခု မေးစရာရှိတာက တရုတ်နိုင်ငံလိုမျိုး လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက မြန်မာ စစ်ခေါင်းဆောင်တွေကို အစဉ်အလာရ အကာအကွယ်ပေးနေတဲ့အတွက် အခုကိစ္စမှာ တရုတ်နိုင်ငံရဲ့ ထောက်ခံမှု ရမလား ဆိုတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ လုံခြုံရေးကောင်စီ ညီလာခံမှာဆိုရင် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ဟာ တရုတ်နိုင်ငံရဲ့ သဘောတူညီမှုနဲ့ ထုတ်ပြန်ခဲ့တာပါ။ တရုတ်နိုင်ငံဘက်က ဗီတိုအာဏာသုံးပြီး မပယ်ချခဲ့ပါဘူး။ တရုတ်နိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံနဲ့ နယ်စပ်တလျှောက်မှာ မငြိမ်သက်မှုတွေ ဖြစ်နေတာဟာ သူတို့အတွက်လည်း မကောင်းတဲ့အကြောင်း သဘောပေါက်ပါလိမ့်မယ်။ ဒါကြောင့်လည်း လာမယ့် ကုလသမဂ္ဂညီလာခံတွေမှာ တရုတ်နိုင်ငံအနေနဲ့ အာဏာသိမ်း စစ်ကောင်စီအပေါ် ဖိအားပေးပြီး၊ အခြားစစ်ခေါင်းဆောင်တွေအပေါ် အရေးယူ ပိတ်ဆို့မှုတွေမှာ အခြား ကုလသမဂ္ဂနိုင်ငံတွေအနေနဲ့ အတူ ပါဝင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဘယ်လို ဖြစ်လာမလဲဆိုတာတော့ ဆက်ပြီးစောင့်ကြည့်ရမှာပါ။
RFA - မကြာခင်က ကျွန်တော်နဲ့ စကားပြောခဲ့တဲ့ စစ်ရေးကျွမ်းကျင်သူတစ်ဦးရဲ့ အဆိုအရတော့ မြန်မာစစ်တပ်ဟာ ဆန္ဒပြ လှုပ်ရှားသူတွေနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေ အားလျော့သွားတဲ့အထိ စောင့်နေတာလို့ သုံးသပ်ပါတယ်။ သူက အဆုံးမှာ စစ်တပ်ကပဲ သူတို့ လိုသလို လုပ်နိုင်တဲ့အခြေအနေ ရောက်သွားလိမ့်မယ်လို့ သုံးသပ်ပါတယ်။ ဒီလို သုံးသပ်ချက်နဲ့ ပတ်သက်ပြီးတော့ကော ဘယ်လို ပြောချင်ပါသလဲ။
■ စစ်ခေါင်းဆောင်တွေဘက်ကတော့ သူတို့ဟာ ကြုံလာသမျှ ဆန့်ကျင်တော်လှန်သူတွေကို အနိုင်ရလိမ့်မယ်လို့ တွက်ဆမှာပါပဲ။ ဒါပေမယ့် အာဏာသိမ်းတာကို လက်မခံကြောင်း ပြသတဲ့ မြန်မာပြည်သူတွေရဲ့ တုံ့ပြန်မှုကို မြင်ရတော့ တော်တော် အံ့သြသွားမှာတော့ သေချာပါတယ်။ ဒီလို တုံ့ပြန်မှုတွေဟာ သူတို့အတွက် အံ့အားသင့်စရာ ဖြစ်သွားသလိုပဲ နောက်ထပ် အံ့အားသင့်စရာတွေ ပေါ်ပေါက်လာ ပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့ကတော့ စစ်တပ်က အာဏာသိမ်းတာကို လက်မခံတဲ့ မြန်မာ ပြည်သူတွေဘက်က ပြင်းပြတဲ့ စိတ်ဓာတ်ကို တကယ်ပဲ အံ့အားသင့်မိပါတယ်။ စစ်ခေါင်းဆောင်တွေကတော့ ဒီဆန္ဒပြ လှုပ်ရှားမှုတွေ အချိန်တန်ရင် အားလျော့သွားမှာပါ၊ ရပ်တန့်သွားမှာပါလို့ ပြောပါလိမ့်မယ်။ ဒါပေမယ့် အစပိုင်းမှာ ကတဲက သူတို့ ထင်သလို မဖြစ်လို့ အံ့အားသင့်ခဲ့ရပြီးပါပြီ။ နောက်ထပ်ပြီးလည်း သူတို့ အံ့အားသင့်စရာတွေ ထပ်ကြုံလာလိမ့်မယ် လို့ပြောချင်ပါတယ်။
RFA - ဆန္ဒပြ ပြည်သူတွေကို ပစ်ခတ်နှိမ်နှင်းတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအနေနဲ့ အထက်က အမိန့်အရ လုပ်ရတာပါလို့ အကြောင်းပြချက် ပေးလို့မရကြောင်း လူကြီးမင်း ပြောခဲ့တာနဲ့ ပတ်သက်ပြီး ရှင်းပြလို့ရမလား။
■ ဒုတိယကမ္ဘာစစ် အပြီးမှာ နာဇီစစ်ခေါင်းဆောင်တွေကို ရုံးတင်စစ်ဆေးခဲ့တဲ့ နုရင်ဘတ် ခုံရုံး စစ်ဆေးမှု အတောအတွင်းမှာ၊ ရာဇဝတ်ကောင်တွေဟာ အထက်က အမိန့်ပေးစေခိုင်းလို့ သတ်ဖြတ်မှုတွေ လုပ်ရပါတယ်ဆိုတဲ့ အကြောင်းပြချက်ပေးတာ တွေ့လာရပါတယ်။ အဲဒီ နုရင်ဘတ် ခုံရုံး စစ်ဆေးမှုအပြီးမှာ၊ ဒီအကြောင်းပြချက်ကို လက်ခံလို့ မရကြောင်း တရားဝင် သတ်မှတ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့ ခုလို ပစ်ခတ်သတ်ဖြတ်မှုတွေအတွက် တာဝန်ရှိသူတွေကို ဘယ်လို ရာထူးအဆင့်အတန်းရှိတဲ့သူကို ဖြစ်ဖြစ် ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ စီရင်ပိုင်ခွင့် အတွင်းကရော၊ စီရင်ပိုင်ခွင့် ပြင်ပကရော၊ ရှိတဲ့ လုပ်ပိုင်ခွင့် အားလုံးကို အသုံးပြုပြီး အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလို လုပ်ခဲ့တဲ့ ဥပမာတွေလည်း ရှိပါတယ်။ အခုဆိုရင် ဆီးရီးယား ပြည်တွင်းစစ်ကာလက အစိုးရ ဆန့်ကျင်သူတွေကို နှိပ်စက်ညှဥ်းပန်းမှုတွေ ကျူးလွန်ခဲ့တဲ့ ဆီးရီးယားစစ်တပ်က အရာရှိတွေကို ဂျာမနီနိုင်ငံမှာ ရုံးတင် စစ်ဆေးခံနေပါတယ်။ ချီလီနိုင်ငံက အာဏာသိမ်း စစ်ခေါင်းဆောင် ပီနိုရှေး ဆိုရင်လည်း အာဏာသိမ်းစဉ်က ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှုတွေအတွက် ယူကေနိုင်ငံမှာ ဖမ်းဆီးခံရပြီး စပိန်နိုင်ငံမှာ ရုံးတင်စစ်ဆေးခံခဲ့ရပါတယ်။ မြန်မာနိုင်ငံအတွက်ဆိုရင်လည်း လက်ရှိအချိန်မှာ မြန်မာစစ်တပ်ကနေ ရိုဟင်ဂျာနဲ့ အခြား လူနည်းစုတွေအပေါ် ကျူးလွန်တဲ့ သတ်ဖြတ်မှုတွေအတွက် အထောက်အထားတွေကို အိုင်စီစီ နဲ့ အိုင်စီဂျေ တရားရုံးတွေမှာ စစ်ဆေးနေတာ ရှိနေပါတယ်။ ဒါတွေအပြင် မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူလို့ရမယ့် အခြား ယန္တရား တွေကိုလည်း ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ ဆုံးဖြတ်ချက်နဲ့ အသစ်ဖန်တီးလို့ရနိုင်ပါတယ်။ သေချာတာကတော့ အထက်က အမိန့်ပေးလို့ ပစ်သတ်ရတာပါလို့ ဆင်ခြေပေးလို့ မရပါဘူး။ ဘယ်လို ရာထူးအဆင့်အတန်းဖြစ်ဖြစ် နိုင်ငံတကာကနေ အရေးယူတာခံရမယ်ဆိုတာ မြန်မာအာဏာပိုင်တွေကို ပြောချင်ပါတယ်။
RFA - အခုဆိုရင် ကွယ်လွန်သွားတဲ့ မမြသွဲ့သွဲ့ခိုင်နဲ့ အခြား လုံခြုံရေးတပ်ဖွဲ့တွေ အကြမ်းဖက်နှိမ်နှင်းမှုကြောင့် သေဆုံးခဲ့ရတဲ့သူတွေရဲ့ ကျန်ရစ်မိသားစုတွေကိုရော ဘာများ ပြောချင်ပါသလဲ။
■ ကျွန်တော် အရမ်းကို စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်ကိုယ်တိုင် ဖခင်တစ်ဦးဖြစ်တဲ့အတွက် ကျန်ရစ်သူ မိသားစုဝင်တွေ ဘယ်လို ခံစားရမလဲဆိုတာ နားလည်ပါတယ်။ ခင်ဗျားတို့ သမီးလေးဟာ နိုင်ငံ့အတွက်၊ မိသားစုရဲ့ အနာဂတ်နဲ့ သူကိုယ်တိုင်ရဲ့ အနာဂတ်အတွက် တိုက်ပွဲဝင်ရင်း အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်တဲ့အတွက် သူရဲကောင်းတစ်ဦး၊ အာဇာနည်တစ်ဦး ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ခင်ဗျားတို့ မိသားစုရဲ့ ဆုံးရှုံးမှုအတွက် ကျွန်တော် တကယ်ပဲ ဝမ်းနည်းပါတယ်။ အခုလို ဆိုးဝါးတဲ့ စစ်တပ်ရဲ့ အာဏာသိမ်းမှုကြီးနဲ့ ရင်ဆိုင်ရတဲ့အတွက် မြန်မာပြည်သူပြည်သား အားလုံးအတွက်လည်း စိတ်မကောင်းကြောင်း ပြောလိုပါတယ်။ သေချာတာကတော့ မမြသွဲ့သွဲ့ခိုင်နဲ့ ကွယ်လွန်သွားတဲ့ သူအားလုံးကို လူတွေက မေ့လျော့သွားမှာ မဟုတ်ပါဘူး။ သူတို့တွေရဲ့ ရဲစွမ်းသတ္တိနဲ့ စိတ်ဓာတ်တွေဟာ မြန်မာပြည်သူတွေအတွက်ရော ကမ္ဘာတစ်လွှားက ပြည်သူတွေအတွက်ပါ အားကျအတုယူစရာ ဖြစ်လာမှာပါ။