စစ်အာဏာမသိမ်းခင်အခြေအနေ ပြန်မြင်ချင်တဲ့ အဆိုတော်တူးတူး

ခင်မောင်စိုး
2022.12.12

NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ PVTV (Public Voice Television) က မြန်မာပြည်သူတွေရဲ့ လက်ရှိဘဝကို ပုံဖော်ထားတဲ့ တရားမျှတမှု Justice ဆိုတဲ့ သီချင်းတစ်ပုဒ်ကို ဒီဇင်ဘာလ ၁၁ ရက်နေ့က တင်ဆက်ခဲ့ပါတယ်။ တေးရေးဆရာ နွေဦးချစ်သူ ရေးစပ်တဲ့ အဲဒီသီချင်းကို သီဆိုခဲ့တဲ့ တေးသံရှင် တူးတူးဟာ ၁၉၈၈ အရေးတော်ပုံမှာလည်း ပြည်သူ့ဘက်က ရပ်တည်ပြီး ဆန္ဒပြပြည်သူတွေကို တော်လှန်ရေးသီချင်းတွေနဲ့ လိုက်လံဖျော်ဖြေခဲ့ဖူးသူဖြစ်ပါတယ်။ တူးတူးက သူ့ရဲ့အဆိုတော်ဘဝ သက်တမ်းတစ်လျှောက်မှာ ဒီသီချင်းကို သီဆိုနေစဉ်ရရှိခဲ့တဲ့ ခံစားမှုမျိုး အရင်က တစ်ခါမှ မရရှိခဲ့ဖူးပါဘူးလို့ RFA ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ မြန်မာပြည်ကို စစ်တပ်အာဏာမသိမ်းမီက အခြေအနေ ပြန်ရောက်စေချင်တယ်လို့လည်း သူက ပြောပါတယ်။ တရားမျှတမှုသီချင်း အဆိုတော် တူးတူး ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရောက် RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။
___________

မေး။ ။ ကိုတူးတူး ဒီတရားမျှတမှု Justice ဆိုတဲ့ သီချင်းကို ဘာကြောင့်ဆိုတာလဲ၊ ဘယ်လိုဆိုဖြစ်ခဲ့တာလဲခင်ဗျ။

ဖြေ။ ။ ဒီသီချင်းဆိုဖြစ်ခဲ့တာက ပြီးခဲ့တဲ့ ၁ဝ ရက်နေ့က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အတွက် ဒီသီချင်းလေးကို လုပ်ချင်တယ်ဆိုပြီးတော့ ကျွန်တော့်ကို ကိုအောင်မျိုးမင်းက ဆက်သွယ်လာလို့ ဒီသီချင်းလေးလည်း ရေးပြီးသားရှိတယ်။ နားထောင်ကြည့်ပါဆိုလို့ နားထောင်ကြည့်ပြီး ကြိုက်လည်း ကြိုက်တယ်။ နောက်ပြီး လူ့အခွင့်အရေးနေ့အတွက်လည်း ဖြစ်တယ်ဆိုတော့ ဒီသီချင်းလေး ဆိုဖြစ်သွားတာပါ။

မေး။ ။ ဒီသီချင်းဆိုတဲ့ အချိန်မှာ ကိုတူးတူး ဘယ်လိုခံစားမှုရှိလဲ ခင်ဗျ။

ဖြေ။ ။ အဲ့ဒီလိုခံစားချက်မျိုး၊ တစ်ခါမှ သီချင်းဆိုရာမှာ ဒီလိုခံစားချက်မျိုး မခံစားဘူးတဲ့ ခံစားချက်ပေါ့နော်။ ဒီသီချင်း စာသားထဲကအတိုင်းပေါ့နော်။ ကြယ်တွေ ခဏခဏ ကြွေတာ သူရဲကောင်းတွေပေါ့။ သူရဲကောင်းတွေ အာဇာနည်တွေ ခဏခဏဆုံးရှုံးရတယ် တရားမျှတမှုဆိုတာ ကမ္ဘာကြီးက အော်နေလည်း။ တိမ်တွေ မျောလွင့်နေတယ် အိမ်တွေ မီးသင့်နေတယ် အဲ့လိုစာသားမျိုးတွေ နောက်ပြီးတော့ တရားမျှတမှု ကမ္ဘာကြီးက အော်နေလည်း တရားမျှတမှု ကမ္ဘာကြီးလွဲချော်နေတယ်။ အဲ့ဒါမျိုးစာသားတွေက တကယ့်လက်ရှိ အချိန်အခါအခြေအနေတွေနဲ့ စပ်ဟပ်ပြီးတော့ ဒီသီချင်းကို ဆိုရင်းနဲ့ ရင်ထဲမှာ အဲ့လိုတလှပ်လှပ်ဖြစ်တဲ့ အထိကို ခံစားရတယ်။ အဲ့ခံစားမှုမျိုးက အရင် ကျွန်တော်သီချင်းဆိုတဲ့ သက်တမ်းတစ်လျှောက် ဒီလို တစ်ခါမှ မခံစားဖူးတဲ့ ခံစားမှုမျိုးပေါ့နော် အဲ့လိုပြောလို့ရပါတယ်။

မေး။ ။ ဟုတ်ကဲ့ လက်ရှိမြန်မာပြည်ရဲ့အခြေအနေမှာ အနုပညာရှင်တွေအနေနဲ့ ဘယ်လို ရပ်တည်ချက်တွေ ရှိသင့်တယ်လို့ ထင်လဲခင်ဗျ။

ဖြေ။ ။ ကျွန်တော်ကတော့ ကိုယ့်စိတ်ထဲမှာ မှန်တယ်လို့ ထင်တဲ့အတိုင်း မှန်တယ်လို့ ထင်တဲ့ဘက်မှာ ရပ်တည်သင့်တယ်လို့။ ဒါပေမဲ့လည်း မြန်မာပြည်အခြေအနေနဲ့ မြန်မာပြည်ထဲမှာရှိနေတဲ့ တချို့ အနုပညာရှင်တွေ အတွက်ကတော့ ခက်တော့ခက်ခဲမှာပေါ့လေ။ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ့်ရပ်တည်ချက်နဲ့ တကယ်ရပ်တည်နိုင်တဲ့ အနုပညာရှင်တွေကိုတော့ ကိုယ့်ရဲ့ယုံကြည်ချက်အတိုင်း ဖြစ်နိုင်ရင် ရပ်တည်ကြပါလို့ပဲ ပြောချင်ပါတယ်။သိပ်တော့ အများကြီး မပြောချင်ပါဘူး။

မေး။ ။ ကိုတူးတူးကော ဘာတွေဆက်လုပ်ဖို့ အစီစဉ်ရှိလဲခင်ဗျ။

ဖြေ။ ။ ကျွန်တော်ကတော့ သီချင်းပဲဆက်ဆိုရမှာပေါ့လေ။ ကျွန်တော်ကတခြားလည်း ဘာမှလုပ်စရာမရှိဘူးဆိုတော့ သီချင်းပဲ။ သီချင်း ဆိုတာကလည်း ဘယ်လိုပြောမလဲ။ လောလောဆယ်တော့ ဒီအချစ်သီချင်းတွေ အပျော်သီချင်းတွေ သိပ်မဆိုချင်ဘူး။ ခုနကဆိုခဲ့တဲ့ Justice တို့လိုမျိုး သီချင်းလေးတွေတော့ ပိုပြီး အာရုံရတာပေါ့။ အခုအချိန်ကတော့။ မြန်မာနိုင်ငံအတွက် လိုအပ်တာလေးတွေ ကိုယ်တတ်နိုင်တာလေးတွေ လုပ်ဆောင်ပေးဖို့ပဲ ရှိပါတယ်။

မေး။ ။ ကိုတူးတူးရဲ့ရင်ထဲမှာ မြန်မာပြည်ကို ဘယ်လိုအခြေအနေမျိုးနဲ့ မြင်တွေ့ချင်လဲ ကျွန်တော်သိရမလား ခင်ဗျာ။

ဖြေ။ ။ ဟုတ်ကဲ့ပါ... ကျွန်တော်မြင်တွေ့ချင်တာကတော့ ကျွန်တော်တို့ နိုင်ငံကို ဒီ ၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်မီက အခြေအနေမျိုးနဲ့ ပြန်ပြီးတော့ မြင်ချင်ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ ပြန်နေချင်ပါတယ်။ အဲဒါလေးပဲ ပြောချင်ပါတယ်။ ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။