အာဏာရှင်စနစ်ဖယ်ရှားရေးအတွက် နောက်ဆုံးအခွင့်အရေးလို့ ဗိုလ်ချုပ်ကြီး စောနယ်ဒါးဘိုမြ ပြောကြား
2022.12.21
လက်ရှိတော်လှန်ရေးဟာ မြန်မာပြည်သူတွေအနေနဲ့ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရေးအတွက် နောက်ဆုံးအခွင့်အရေးဖြစ်တယ်လို့ ကော်သူးလေတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောနယ်ဒါးဘိုမြ က ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် လူမျိုးဘာသာမရွေး ပြည်သူအားလုံး ညီညွတ်မှသာ အဲဒီအောင်ပွဲကို ရရှိမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။
ဗိုလ်ချုပ်ကြီး စောနယ်ဒါးဘိုမြကို RFA အဖွဲ့သား ဦးခင်မောင်စိုး က လွတ်မြောက်နယ်မြေတစ်နေရာမှာ တွေ့ဆုံမေးမြန်းထားပါတယ်။
__________
မေး။ ။ ဗိုလ်ချုပ်ကြီး လက်ရှိတော်လှန်ရေးမှာ အရေးကြီးဆုံးက ဘာလဲခင်ဗျာ။
ဖြေ။ ။ အခုလက်ရှိတော်လှန်ရေးကာလမှာ အရေးကြီးဆုံးကတော့ စစ်ကောင်စီ ပြုတ်ကျဖို့ပဲ။ စစ်ကောင်စီ မပြုတ်လို့ရှိရင်တော့ ကျွန်တော်တို့ အားလုံးအတွက် မလွယ်ဘူး။ ဒါကြောင့်မို့လို့ အရေးကြီးဆုံးကတော့ စစ်ကောင်စီ ကျရှုံးဖို့၊ ပြုတ်ကျဖို့ ကျွန်တော်တို့ ဝိုင်းပြီးတော့ ကူညီရမယ်။ ဝိုင်းပြီးတော့ တိုက်ရမယ်။
မေး။ ။ ဒီလို ဝိုင်းပြီးတိုက်တဲ့နေရာမှာ တော်လှန်ရေးအင်အားစုတွေရဲ့ညီညွတ်ရေးက ဘယ်လောက်အရေးကြီးတယ်လို့ ဗိုလ်ချုပ်ကြီး ထင်မြင်ယူဆပါသလဲ ခင်ဗျ။
ဖြေ။ ။ အောင်မြင်မှုအတွက်တော့ စည်းလုံးညီညွတ်မှု လိုအပ်တယ်။ လက်တွဲပြီးတော့ အားလုံးလူထုတွေ လက်တွဲရမယ်။ ပြီးတော့ တော်လှန်ရေး အဖွဲ့အစည်းတွေ အားလုံးလက်တွဲပြီးတော့ ညီညီညွတ်ညွတ်နဲ့တိုက်ပွဲကို ဆင်နွှဲရမယ်။
မေး။ ။ ညီညွတ်ရေးဆိုတာက ကရင်ပြည်နယ်ထဲမှာ ရှိတဲ့ တော်လှန်ရေးအဖွဲ့တွေကိုပဲပြောတာလား။ တစ်ပြည်လုံးမှာ ရခိုင်၊ ကချင် စသဖြင့် ချင်း၊ မွန်၊ ရှမ်း အားလုံးကို ဆိုလိုတာလားခင်ဗျ။
ဖြေ။ ။ ညီညွတ်မှုကတော့ အားလုံးအတွက်ပေါ့နော်။ တစ်ပြည်လုံးအတွက်။ ဗမာဖြစ်ဖြစ်၊ ကရင်ဖြစ်ဖြစ် တိုင်းရင်းသားဖြစ်ဖြစ် အားလုံး ညီညွတ်မှုရှိရမယ်၊ Strategy လည်း ရှိရမယ်။ ပြီးတော့ အားလုံးညီညီညွတ်ညွတ် လက်တွဲမှ အောင်မြင်မှုရှိမယ်။ ညီညွတ်မှုကတော့ တော်လှန်ရေးအတွင်းထဲမှာလည်း ညီညွတ်မှု လိုအပ်တယ်။ ကရင်လက်နက်ကိုင်အဖွဲ့အစည်းအားလုံး ပိုညီညွတ်မှုရှိရမယ်၊ လူထု ဗမာလူထု အထူးသဖြင့် ဗမာနိုင်ငံရေးအဖွဲ့အစည်းဖြစ်ဖြစ် အားလုံးညီညွတ်မှုရှိရမယ်။
မေး။ ။ အဲ့လိုညီညွတ်ဖို့ဆိုရင် အဓိကအနေနဲ့ ဘာတွေလိုအပ်မလဲ ခင်ဗျ။
ဖြေ။ ။ Political Object၊ နိုင်ငံရေး ရည်မှန်းချက်တူရမယ်။ နိုင်ငံရေးရည်မှန်းချက်မတူလို့ရှိရင် ရန်သူကို တစ်ယောက်တစ်ပေါက်လုပ်လို့ရှိရင် ဘယ်တော့မှ ပန်းတိုင်အထိ အောင်မြင်မှုအထိ မရောက်ဘူး။
မေး။ ။ လက်ရှိတော်လှန်ရေးထဲမှာ ဗိုလ်ချုပ်ကြီး လုပ်ဆောင်နေတဲ့အချက်တွေထဲက ကျွန်တော့်ကို ပြောနိုင်တာရှိရင် သိချင်ပါတယ် ခင်ဗျ။
ဖြေ။ ။ အခုတော်လှန်ရေးလုပ်တာတော့ ကရင့်တော်လှန်ရေး နှစ် ၇၀ ကျော်ပြီ ။ ပြဿနာတွေ အများကြီးရှိခဲ့တယ်။ စိတ်အားမငယ်နဲ့ ပြီးတော့ စိတ်ဓာတ်မကျနဲ့ ။ ဒါမအောင်မြင်လို့ရှိရင် ကျွန်တော်တို့အားလုံး ကျွန်ဖြစ်သွားမယ်။ ဗမာတိုင်းရင်းသားလည်း ဒီလိုပဲ။ အခုစစ်အာဏာရှင်ကို တိုက်တဲ့ အချိန်ကတော့ စုစုစည်းစည်းလုပ်ကြပါ။ အောင်မြင်မှုမရှိရင် အားလုံးကျွန်ဖြစ်သွားမယ်။
မေး။ ။ အခုဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီက ပြောပြောနေတဲ့ ငြိမ်းချမ်းရေး သူတို့ကငြိမ်းချမ်းရေး တကယ်လိုချင်တယ်။ ငြိမ်းချမ်းရေးစကားကို ထပ်တလဲလဲပြောနေတယ်။ စစ်ကောင်စီပြောနေတဲ့ ငြိမ်းချမ်းရေးကို ဗိုလ်ချုပ်ကြီးဘယ်လို နားလည်သဘောပေါက်ပါသလဲ ခင်ဗျ။
ဖြေ။ ။ သူတို့ငြိမ်းချမ်းရေးလည်း ပြောတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးလည်းပြောတယ်။ စစ်ကောင်စီပြောတဲ့ဟာ တစ်ခုမှ ကျွန်တော် မယုံဘူး။ သူတို့ကအပြောတစ်မျိုး အလုပ်တစ်မျိုးပဲ။ ပြည်သူလူထုကို ဖိနှိပ်တယ်၊ သတ်ဖြတ်တယ်။ အဲ့ဒါကြောင့် လုံးဝ ကျွန်တော် သူတို့ကို မယုံဘူး။ စစ်ကောင်စီပြောတဲ့ ဥစ္စာ။
မေး။ ။ ဟုတ်ကဲ့ ဗိုလ်ချုပ်ကြီး အခုမြန်မာတစ်ပြည်လုံးဆင်နွှဲနေတဲ့ တော်လှန်ရေးဟာ မြန်မာပြည်အတွက် ဘယ်လောက်အရေးကြီးသလဲ ခင်ဗျ။
ဖြေ။ ။ ဒီတော်လှန်ရေးကတော့ အရေးကြီးဆုံးပဲ။ ဒါဟာနောက်ဆုံးတော်လှန်ရေးပဲ။ ဒီတစ်ကြိမ်၊ ဒီတစ်ခါမနိုင်လို့ကတော့ နောက်ဆုံးကတော့ အခက်အခဲအများကြီး ကျွန်တော်တို့ တွေ့ရမယ်။ ကြုံနေရမယ်။ အဲ့တော့ ဒီတော်လှန်ရေးက အရေးကြီးဆုံးတော်လှန်ရေး အားလုံးဝိုင်းပြီး ကူညီကြပါ။ နိုင်အောင်လုပ်ကြပါ။ အောင်မြင်မှုအထိ လုပ်ကြပါ။
မေး။ ။ ဟုတ်ကဲ့ ဗိုလ်ချုပ်ကြီးခင်ဗျ။ မြန်မာပြည်သူတွေကို ဘာများ ပြောချင်ပါသေးလဲ ခင်ဗျာ။
ဖြေ။ ။ ပြည်သူလူထုကို ဒီလိုပြောချင်တယ်။ ဟိုး … ကျွန်တော်တို့ငယ်ငယ် အစတုန်းက အဖေ ခဏခဏပြောတယ်။ သူဘာပြောလဲဆိုတော့… သူပြောတာ…ဗမာကို မုန်းလို့ တော်လှန်ရေးလုပ်တာမဟုတ်ဘူး။ တော်လှန်ရေးလုပ်တာ တန်းတူရေးအခွင့်အရေး ကျွန်တော်တို့ ကရင်အမျိုးသားအားလုံး အခွင့်အရေး ရဖို့ပဲ ကျွန်တော်တို့ တိုက်နေတာ။ ဗမာပြည်သူလူထုကို တိုက်နေတာမဟုတ်ဘူး။ အခု ကျွန်တော်တို့ တော်လှန်ရေး အခုအချိန် အခုကာလမှာ ဗမာပြည်သူထုအားလုံးကို ဝိုင်းပြီးတော့ ကျွန်တော်တို့တော်လှန်ရေးကို အောင်မြင်မှုရဖို့အထိ ဝိုင်းပြီးကူညီကြပါ။ အဲဒါ ကျွန်တော်တောင်းပန်ပါတယ်။ ။