မွန်ပြည်နယ်က စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ဖို့ NUG နဲ့ MSRF ဆွေးနွေး

စန်းမော်အောင်(ဝါရှင်တန်ဒီစီ)
2023.12.16

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နိုင်ကောင်းရွတ်နဲ့ မွန်ပြည်နယ် ရေးမြို့နယ် တောင်ပိုင်းက မွန်ပြည်တော်လှန်ရေးတပ် (MSRF) အပါအဝင် တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့တွေ ဒီဇင်ဘာလ ၁၁ ရက်နေ့က တွေ့ဆုံပြီး စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်သွားဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီ (MSFC) ရဲ့ နိုင်ငံရေး၊ စစ်ရေးဦးဆောင်မှုနဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ပူးပေါင်းပြီး မွန်ပြည်နယ်မှာ စစ်ကောင်စီကို ချေမှုန်းတိုက်ခိုက်သွားမယ်လို့ ဒီဇင်ဘာလ ၁၅ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး မွန်ပြည်တော်လှန်ရေးတပ် (MSRF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးကို RFA သတင်းထောက် မစန်းမော်အောင် ဆက်သွယ်မေးမြန်းထားပါတယ်။

__________

RFA - အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဒုဝန်ကြီးနဲ့ မွန်ပြည်နယ်က တော်လှန်ရေးတပ်ဖွဲ့တွေ တွေ့ဆုံမှုမှာ ဘယ်အချက်တွေကို ဆွေးနွေးပြောဆိုခဲ့ပါသလဲရှင့်။

နိုင်နဂါး - ဒုဝန်ကြီးရဲ့ ကျွန်တော်တို့ ရေးဘက်ပေါ့နော် မွန်ပြည်နယ်တောင်ပိုင်း ပထမဦးဆုံးခရီးစဉ်မှာ ကျွန်တော်တို့ စစ်ဆင်ရေးလိုအပ်ချက်တွေကို ကျွန်တော်တို့ ထိထိရောက်ရောက်ပိုပြီးတော့ တိုက်ပွဲဝင်နိုင်ဖို့၊ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ဆိုတာတွေကို အဓိက ဆွေးနွေးသွားတာ ရှိပါတယ်ခင်ဗျ။ အဓိကကတော့ ဒီစစ်ဆင်ရေးတွေမှာ လိုအပ်ချက်ကတော့ ကျွန်တော်တို့ သိတဲ့အတိုင်းပဲ ဗျူဟာမြောက်လက်နက်တွေလိုတယ်။ အဲဒီအပေါ်မှာ သူတို့စဉ်းစားပေးသွားမယ်။ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးသွားမယ်ဆိုတာကိုတော့ ပြောသွားတာမျိုးရှိပါတယ်။ တခြားသော မဟာမိတ်တွေနဲ့လည်း စုစုစည်းစည်းနဲ့ တစ်ပေါင်းတစ်စည်းတည်း တိုက်နိုင်ဖို့ သူတို့ ဘက်ကနေ MOD ဘက်ကနေ ဘာတွေကူညီပေးနိုင်မလဲဆိုတဲ့ အချက်တွေကိုလည်း သူတို့ နားထောင်သွားတယ်။ တခြားသော နည်းလမ်းတွေနဲ စစ်ပညာတွေ နည်းပညာတွေ အဲဒါတွေကိုလည်း သူတို့က ကျွန်တော်တို့ကို ပံ့ပိုးပေးဖို့ ရှိတယ်ဆိုတာကို အဓိကဆွေးနွေးသွားတယ်။ ဆိုတော့ ဒီအနာဂတ်မှာလည်း တခြားသော မဟာမိတ်မဖြစ်သေးတဲ့ အဖွဲ့တွေနဲ့ပေါင်းစည်းပြီးတော့ ကျွန်တော်တို့ စစ်ရေးတွေဖော်ဆောင်သွားဖို့ ရှိပါတယ်။ သို့သော်လည်း မွန်ပြည်နယ်မှာက သိတဲ့အတိုင်းပဲ တခြားသော EAO တွေမရှိဘူးပေါ့နော်။ ကျွန်တော်တို့က မြို့သိမ်းတိုက်ပွဲ စခန်းသိမ်းတိုက်ပွဲတွေကို မဆင်နွှဲနိုင်သေးပါဘူး။ အဲဒါကြောင့်လည်း အဲဒီအပေါ်မှာ ဒုဝန်ကြီးရဲ့ လာတဲ့ခရီးစဉ်မှာ ကျွန်တော်တို့ ဆွေးနွေးခဲ့တာရှိပါတယ်။ ဒီမကြာခင် အချိန်မှာတော့ ကျွန်တော်တို့ လိုအပ်နေတဲ့ ဗျူဟာမြောက်အထောက်အကူ ပစ္စည်းတွေများ ကျွန်တော်တို့ရခဲ့ရင်တော့ စခန်းသိမ်းတိုက်ပွဲတို့ မြို့သိမ်းတိုက်ပွဲတို့ ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။ တကယ်လို့ မရခဲ့ရင်လည်း နိုင်သလောက်နဲ့ ကျွန်တော်တို့ တိုက်ပွဲဝင်သွားမယ်လို့ ပြောချင်ပါတယ်ခင်ဗျ။

RFA - နိုင်နဂါးတို့ရဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF အနေနဲ့  မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ နိုင်ငံရေး စစ်ရေး ဦးဆောင်မှုခံယူပြီးတော့ မွန်ပြည်တပ် ဒါမှမဟုတ် မွန်ပြည်နယ်တပ်အဖြစ် ရပ်တည်သွားမယ်လို့ ကြေညာချက်ထုတ်ထားတာ တွေ့ရပါတယ်။  ဒီတပ်အခြေအနေနဲ့ပတ်သက်ပြီး ဘယ်လိုပုံစံမျိုးနဲ့ လှုပ်ရှားဆောင်ရွက်သွားဖို့ ရှိပါသလဲရှင့်။

နိုင်နဂါး - ကျွန်တော်တို့ အောက်ခြေတပ်ရင်းအနေနဲ့ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီးတော့ မဟာမိတ်စစ်ဆင်ရေး ပူးပေါင်းစစ်ဆင်ရေး‌တွေ ဆင်နွှဲသွားဖို့ ရှိတယ်။ အဲဒီလိုပဲ တစ်ချိန်တည်းမှာပဲ  MSFC ရဲ့ စစ်ရေးဦးဆောင်မှုနဲ့ ဗျူဟာမြောက် စခန်းသိမ်းတိုက်ပွဲ၊ မြို့သိမ်းတိုက်ပွဲ MSFC ဒီ  MOD ပေါ့နော်။ စစ်ရေးတာဝန်ခံ ဦးဆောင်မှုအောက်ကနေ ကျွန်တော်တို့ မဟာဗျူဟာမြောက်စစ်ပွဲတွေ ဆင်နွှဲသွားဖို့ရှိတယ်။ အဲဒီလို ဆင်နွှဲရာမှာလည်း တခြားအဖွဲ့အစည်းတွေပါဝင်လာဖို့ တခြားတော်လှန်ရေးအဖွဲ့တွေ ပါဝင်လာဖို့ MSFC ကလည်း စည်းရုံးရေးတွေလုပ်နေတာရှိပါတယ်။ တချိန်တည်းမှာပဲ MSFC က NUCC ရဲ့ အဖွဲ့ဝင်လည်း ဖြစ်တဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့ တစ်နည်းတစ်ဖုံနဲ့ MOD ရဲ့ ဗျူဟာမြောက် ဒီစစ်ပွဲတွေကိုလည်း ကျွန်တော်တို့ သယ်ဆောင်လာပြီးတော့ ကျွန်တော်တို့ဖော်ဆောင်ပေးနိုင်ဖို့ကိုလည်း အစီအစဉ်ရှိပါတယ်ခင်ဗျ ။

RFA - မွန်ပြည်နယ်မှာလည်း တိုက်ပွဲတွေတိုက်ဖို့အတွက်ကို မြေပြင်အခြေအနေအရ ဘယ်လိုရှိနေပါသလဲ။

နိုင်နဂါး - မြေပြင်မှာရှိတဲ့ ပြည်သူတွေက ကျွန်တော်တို့ တစ်ချိန်ကဆိုရင် အေးချမ်းနေတယ်။ အေးအေးချမ်းချမ်းနေရတယ်။ တခြားပြည်နယ်‌ဒေသတွေမှာ၊ တိုင်းဒေသတွေမှာ ဒုက္ခရောက်သလို စစ်ပွဲမရှိတဲ့အတွက်ကြောင့် တချို့အများစုပေါ့နော်။ ပြည်သူတွေရဲ့ သဘာဝအရ အေးအေးချမ်းချမ်းနေချင်ကြတဲ့ လူ့သဘာဝရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ပွဲဖော်ဆောင်မှုကို သိပ်ပြီးတော့ ရှင်းရှင်းနေကြတယ်ပေါ့ဗျာ။ တိုင်းရင်းသားမွန်လူမျိုးများရဲ့ မိခင်မွန်ပြည်သစ်ပါတီရဲ့ ရပ်တည်ချက်ကို သူတို့က စောင့်ကြည့်နေတဲ့အခါကျတော့ ကျွန်တော်တို့အခက်အခဲများစွာရှိတယ်။ ပြည်သူတွေရဲ့ ပံ့ပိုးမှု၊ ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုက လိုသလောက်မရဘူးဗျ။ အဲဒီတော့ တခြားသောဒေသမှာတွေလို တိုက်ပွဲတွေဖော်ဆောင်ဖို့က တော်တော်လေးအခက်အခဲရှိခဲ့ပါတယ်။ သို့သော်လည်း မကြာခင်သောအချိန်က ကျိုက်မရောဘက်မှာ တိုက်ပွဲတွေ ဖြစ်လာပြီးတဲ့အခါကျတော့ ဘယ်နေရာမှာမှ ဒီစစ်အုပ်စုဒဏ်ရဲ့  နှိပ်စက်မှုဒဏ်၊ အကြမ်းဖက်မှုဒဏ်၊ စစ်ဘေးစစ်ဒဏ်ကို ရှောင်လွှဲလို့မရဘူးဆိုတာ ပြည်သူတွေ သိလာတဲ့အတွက်ကြောင့် အကောင်းဆုံးကတော့ ဒီ စစ်ကောင်စီတပ်ကိုအမြန်ဆုံး ဖြုတ်ချဖို့ဆိုတာ တဖြည်းဖြည်းနဲ့ သူတို့နားလည်လာတဲ့အခါကျတော့ ကျွန်တော်တို့ နည်းနည်း လုပ်ရကိုင်ရတာ တိုက်ပွဲတွေဖော်ဆောင်ရတာ အဆင်ပြေလာတာတွေရှိလာပါတယ် ခင်ဗျ။

RFA - ပြည်သူတွေကို တိုက်ပွဲတွေကနေ ရှောင်ရှားနိုင်ဖို့ အသိပေးကြေညာချက်တွေ ထုတ်ပြန်ထားတဲ့အခြေအနေတွေရှိရင်လည်း ပြောပြပေးပါအုံး။

နိုင်နဂါး - အဓိကကတော့ စစ်ကောင်စီတပ်ရဲ့ အခြေစိုက်စခန်းတွေနဲ့ သူတို့ရဲ့ အုပ်ချုပ်ရေးဆိုင်ရာ အဆောက်အဦတွေကိုပဲ ကျွန်တော်တို့ ပစ်မှတ်ထား (Target) လုပ်မှာ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေကို စစ်ရေးအရ မထိခိုက်အောင် စစ်ဆင်ရေးတွေမလုပ်ခင်မှာ အမြဲတမ်း ကျွန်တော်တို့ တပ်မှူးတွေကို ပြောကြားတာတွေရှိပါတယ်။

RFA - နိုင်နဂါးတို့ရဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF အနေနဲ့ရော အခုတိုက်ပွဲဖော်ဆောင်နိုင်မှုနဲ့ အခြေအနေ ဘယ်လိုရှိနေပါသလဲ။ တိုက်ပွဲတွေအတွက် ဘယ်လိုမျှော်မှန်းချက်တွေရှိပါသလဲရှင့်။

နိုင်နဂါး - ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်နယ်တစ်ခု မရရအောင် တိုက်သွားမယ်။ ဒီစစ်ကောင်စီရှိနေသမျှ ကာလပတ်လုံး ကျွန်တော်တို့ နိုင်ငံအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေးဆိုတာ ဘယ်လိုမှ ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ စစ်တပ်က စစ်တပ်နေရာမှာ မနေဘဲနဲ့ နိုင်ငံရေးထဲမှာ အမြဲဝင်ရှုပ်နေတဲ့ ဆိုးရွားတဲ့သမိုင်းအစဉ်အလာကိုလည်း ကျွန်တော်တို့ ဖြုတ်ချနိုင်ဖို့အတွက်ကိုလည်း တိုက်ပွဲဝင်ဖို့ဆိုပြီး ကျွန်တော်တို့ MSRF တပ်ကို တည်ထောင်လာခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း စစ်ကောင်စီပြုတ်ကျတဲ့အထိ ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်ပြည်နယ် ပေါ်လာတဲ့အထိ  နောက်ပြီးတော့ မွန်ပြည်သူ၊ ပြည်သားတွေရဲ့  အခွင့်အရေးကို အပြည့်အဝရတဲ့ မွန်ဖက်ဒရယ် State တစ်ခု တည်ဆောက်နိုင်တဲ့အထိ ကျွန်တော်တို့ ဆက်လက်တိုက်ပွဲဝင်သွားဖို့ ရှိပါတယ်လို့ ပြောချင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။