စစ်ခေါင်းဆောင်တွေနဲ့ စေ့စပ်ညှိနှိုင်းဖို့အချိန်ရောက်ပြီလား
2024.04.27
မြန်မာစစ်တပ်အတွက် ကျဆုံးမှု စတင်မယ့် Tipping point အခြေအနေကို ရောက်နေပေမယ့် တော်လှန်ရေး အင်အားစုတွေအနေနဲ့ စစ်ခေါင်းဆောင်တွေနဲ့ စေ့စပ်ညှိနိုင်း စကားပြောဖို့ စောနေသေးတယ်လို့ စစ်ရေးကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပါတယ်။ အမေရိကန်စစ်တပ်က အငြိမ်းစား ဒုဗိုလ်မှူးကြီးနဲ့ လက်ရှိ ဟာဝိုင်ယီပြည်နယ် အာရှ-ပစိဖိတ်လုံခြုံရေးဆိုင်ရာ လေ့လာရေးဌာနက ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ်ကို ကိုရဲခေါင်မြင့်မောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
----
RFA: ဟုတ်ကဲ့။ မင်္ဂလာပါ ဒေါ်မီမီဝင်းဘတ် ခင်ဗျာ။ အန်တီနဲ့ မေးမြန်းခန်းတွေမှာ မြန်မာစစ်တပ်အတွက် ကျဆုံးပြိုလဲမှု စတင်မယ့် Tipping point လို့ခေါ်တဲ့ အခြေအနေရောက်ဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ အခု လက်ရှိအခြေအနေမှာ နိုင်ငံအနှံ့မှာ စစ်ကောင်စီတပ်တွေ ကျရှုံးပြီး တိုင်းရင်သားအဖွဲ့တွေ အနိုင်ရနေပါတယ်။ အခုအချိန်မှာ မြန်မာစစ်တပ်အတွက် Tipping point ကို ရောက်ပြီလားခင်ဗျာ။
ဒေါက်တာမီမီဝင်းဘတ်: ဟုတ်ပါတယ်။ မြန်မာစစ်တပ်အတွက် Tipping point ကို ရောက်သွားပြီလို့ ပြောနိုင်ပါတယ်။ DIP (ဒစ်ပ်) လို့ခေါ်တဲ့ Defection တပ်သားတွေ စွန့်ခွာမှု၊ International pressure နိုင်ငံတကာ ဖိအားနဲ့ People’s support ပြည်သူတွေရဲ့ တော်လှန်ရေးအင်အားစုတွေကို အားပေးထောက်ခံမှု စတဲ့ အချက်တွေနဲ့ တိုင်းတာရင် မြန်မာစစ်တပ်ရဲ့ ကျဆုံးခန်း စတင်မယ့် အခြေအနေရောက်နေပါပြီ။ နောက်ပြီး DIME (ဒိုင်းမ်) လို့ခေါ်တဲ့ Diplomacy၊ Information၊ Military and Economic စတဲ့ စံနှုန်းတွေနဲ့ တိုင်းတာရင်လည်း စစ်တပ်ဟာ အဘက်ဘက်မှာ ကျဆုံးနေပါတယ်။ မြန်မာစစ်တပ်အတွက် ပြန်နာလန်ထူနိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။
RFA: ဒါပေမဲ့ အခု မြန်မာစစ်တပ်ရဲ့ ကျရှုံးမှုတွေ၊ နယ်မြေဆုံးရှုံးမှုတွေဟာ တိုင်းရင်သား ဒေသတွေမှာပဲ ဖြစ်နေတာလည်း တွေ့ရပါတယ်။ နိုင်ငံအလယ်ပိုင်းက ဗမာအများစုဒေသတွေမှာ စစ်တပ်က အာဏာချုပ်ကိုင်ထားဆဲဖြစ်တာ တွေ့ရပါတယ်။ ဒီလို အခြေအနေမှာ စစ်ရေးတိုက်ခိုက်မှုတွေက တိုင်းရင်းသားဒေသတွေမှာပဲ တန့်နေမလား။ မြန်မာနိုင်ငံ အလယ်ပိုင်းအထိ ဆက်ပြီးပျံ့နှံ့လာဖို့ ဖြစ်နိုင်မလား။
ဒေါက်တာမီမီဝင်းဘတ်: မြန်မာစစ်တပ်ကို နေပြည်တော်မှာ အဝိုင်းခံရတာမျိုး ဖြစ်နိုင်ပါတယ်။ သူတို့ ကောင်းကောင်း ထိန်းချုပ်နိုင်တာ နေပြည်တော်ပဲ ရှိပါတယ်။ နေပြည်တော်ကလွဲရင် ကျန်တဲ့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ အလုံးစုံ ထိန်းချုပ်ထားနိုင်တာမျိုး မဟုတ်ပါဘူး။ မြန်မာစစ်တပ်ဟာ နိုင်ငံအလယ်ပိုင်းက မြို့ရွာတွေမှာလည်း Urban warfare လို့ခေါ်တဲ့ မြို့ပြတိုက်ပွဲတွေ တိုက်နေရပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေအများစုဟာ နိုင်ငံအလယ်ပိုင်းမှာ ရှိတဲ့အတွက် Collateral damage လို့ခေါ်တဲ့ စစ်ပွဲနဲ့ မဆိုင်တဲ့သူတွေ အသေအပျောက် မများရအောင် တော်လှန်ရေး အင်အားစုတွေဘက်က ဂရုစိုက်နေရလို့ ဖြစ်ပါတယ်။ ဘာပဲပြောပြော တော်လှန်ရေး အင်အားစုတွေဘက်က သတင်းအချက်အလက်ရယူမှု ပိုအားကောင်းလာတဲ့အတွက် တိုက်ခိုက်မှုတိုင်းမှာ စစ်တပ်အတွက် ပိုပြီးအထိနာလာပါတယ်။ အခုဆိုရင် ဒရုန်း တိုက်ခိုက်မှုခံလိုက်ရတဲ့ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဘယ်ရောက်နေလဲ သူတို့ မပြနိုင်ပါဘူး။ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကိုယ်တိုင်လည်း အလားတူ ဒရုန်းတိုက်ခိုက်မှုမျိုးကြုံမှာ စိုးလို့ နေရာရွေ့နေရပါတယ်။ တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေသလိုမျိုး Jungle warfare အစဉ်အလာ ပုံစံ တိုက်ပွဲတွေဖြစ်မှာ တိုက်ပွဲဖြစ်တာ မဟုတ်ပါဘူး။ မြို့ပြတိုက်ပွဲကို အစဉ်အလာပုံစံ တိုက်ပွဲနဲ့ နှိုင်းယှဉ် သုံးသပ်လို့ မရနိုင်ပါဘူး။
RFA: ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က ရိုက်တာသတင်းဌာနနဲ့ အင်အာဗျူးမှာ ပြောသွားပါတယ်။ မြန်မာစစ်တပ်ဟာ အင်အားယုတ်လျော့လာနေတဲ့အတွက် အခုအချိန်ဟာ စစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးညှိနိုင်းမှုတွေ စလုပ်ဖို့ ကောင်းတဲ့အချိန်ဖြစ်တယ်လို့ ပြောသွားပါတယ်။ စစ်ခေါင်းဆောင်တွေဘက်က ဒီလို ဆွေးနွေးညှိနှိုင်းဖို့ ကမ်းလှမ်းလာဖို့ ဖြစ်နိုင်မလာ။ ဒီလို ကမ်းလှမ်းလာရင်ရော လက်ခံသင့်တဲ့ လမ်းကြောင်းလို့ ထင်ပါသလား။
ဒေါက်တာမီမီဝင်းဘတ်: ကမ်းလှမ်းနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာစစ်ခေါင်းဆောင်တွေဟာ ခေါင်းမာတဲ့ သဘောရှိတဲ့အတွက် ဒီလိုလုပ်လာဖို့ အချိန်ကြာဦးမှာပါ။ သူတို့ဘက်က အချိန်ဆွဲလို့ရသမျှ ဆွဲထားပါလိမ့်မယ်။ ဒါပေမဲ့ စစ်ခေါင်းဆောင်တွေဟာ သူတို့အလွန်မှပဲ အားနည်းနေတဲ့ အချိန်မှပဲ၊ ဆွေးနွေးညှိနှိုင်းဖို့ ကမ်းလှမ်းလာမှာ ဖြစ်တဲ့အတွက် အဲဒီလို အချိန်မှာ ပြည်သူတွေဘက်က လိုအပ်တဲ့ သဘောတူညီချက်ရအောင် Enforce လုပ်နိုင်တဲ့ အခြေအနေ ဖြစ်ပါလိမ့်မယ်။ အဲဒီလို အခြေအနေ မရောက်ခင်မှာတော့ ဆွေးနွေးညှိနှိုင်းဖို့ စောပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ အဓိက ပြဿနာက မြန်မာစစ်ခေါင်းဆောင်တွေ သူတို့ပေးထားတဲ့ ကတိအတိုင်းတည်အောင် Enforcement လုပ်နိုင်ဖို့ လိုတာကြောင့် ဖြစ်ပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေဟာ ကတိတွေပေးပြီး ဘယ်တော့မှ မတည်ခဲ့ပါဘူး။ သူတို့ အကျိုးစီးပွားကို ထိခိုက်လာတယ်ထင်ရင် ပေးထားတဲ့ ကတိတွေကို အမြဲတမ်း ချိုးဖောက်တတ်ပါတယ်။ ဒါကြောင့် သူတို့ ပေးထားတဲ့ ကတိကဝတ်တွေကို မချိုးဖောက်နိုင်တော့အောင် နိုင်ငံတကာက လုပ်ပေးနိုင်မလား။ ဥပမာ ကတိဖျက်ရင် နိုင်ငံစုံတပ်တွေ ဝင်လာပြီး အပြစ်ပေးအရေးယူတာမျိုး လုပ်နိုင်မလား စဉ်းစားရပါမယ်။ အဲဒီလို မလုပ်သေးရင်တော့ ကတိတည်ဖို့ ပြည်သူတွေကပဲ Enforce လုပ်ရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့ စစ်တပ်က လုံးဝ အားနည်းသွားတဲ့ အခြေအနေရောက်မှပဲ လုပ်လို့ရမှာ ဖြစ်ပါတယ်။
-----
အခုထုတ်လွှင့်ခဲ့တဲ့ မေးမြန်းချက်မှာ ပါတဲ့ သုံသပ်ချက်တွေဟာ ကာယကံရှင်ရဲ့ ပုဂ္ဂလိက သုံးသပ်ချက် ဖြစ်ပြီး၊ ဒေါက်တာ မီမီဝင်းဘတ် အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းနဲ့ အမေရိကန်စစ်တပ်ကို ကိုယ်စားပြုခြင်း မရှိကြောင်းလည်း ပြောလိုပါတယ်။