အောက်ခြေတပ်မှူးတွေကို အာဏာသိမ်းခေါင်းဆောင်ယုံကြည်မှုမရှိတော့ဟု ဗိုလ်ကြီး လင်းထက်အောင် ပြော

2022.09.12

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဇွန်လအတွင်း ပြုလုပ်တဲ့ တပ်တွင်းအစည်းအဝေးမှာ အောက်ခြေတပ်ဖွဲ့တွေကို ပြစ်တင်ပြောဆိုသွားခဲ့တာတွေဟာ သူတို့စစ်တပ်တွေအနေနဲ့ နယ်မြေထိန်းချုပ်နိုင်စွမ်း လျော့နည်းလာနေတာကို ဝန်ခံရာကျသလို လက်အောက်ခံတပ်မှူးတွေကို သူကိုယ်တိုင်က ယုံကြည်မှုမရှိတော့ဘူးဆိုတာကို ထုတ်ဖော်ပြသလိုက်တာလည်း ဖြစ်တယ်လို့ CDM ဗိုလ်ကြီး လင်းထက်အောင်က RFA ကို ပြောကြားလိုက်ပါတယ်။ စစ်ကောင်စီတပ်တွေ ဘယ်လောက်အထိ အင်အားချိနဲ့နေပြီလဲ။ တော်လှန်ရေးအင်အားစုတွေအနေနဲ့ရော ဘာတွေသတိထားဖို့လိုသလဲ စတဲ့ စစ်ကောင်စီနဲ့ဒီမိုကရေစီအင်အားစု နှစ်ခုရဲ့ အားသာအားနည်းချက်တွေနဲ့ ပတ်သက်ပြီး CDM ဗိုလ်ကြီးလင်းထက်အောင်ကို RFA က မေးမြန်းထားပါတယ်။

မေး။ ။ ပြီးခဲ့တဲ့ဇွန်လအတွင်း ပြုလုပ်ခဲ့တဲ့ လေးလပတ် တပ်တွင်းအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က သူတို့စစ်တပ်ရဲ့ အားနည်းချက်တွေကို ပြောသွားပြီး အောက်ခြေ စစ်တပ်တွေကို အပြစ်တင်ပြောဆိုခဲ့ပါတယ်။ ဗိုလ်ကြီး လင်းထက်အောင် သိသလောက်ပြောပါဦး ခင်ဗျ။

ဖြေ။ ။ ၄ လပတ်အစည်းဝေးဆိုတာ ၂ဝ၂၂ ရဲ့ ပထမဆုံးအစည်းအဝေးလို့ ကျနော်သိရပါတယ်။ အနိမ့်ဆုံးအဆင့် ဗိုလ်မှူးချုပ်လယ်ဗယ် အဆင့်တက်ရတဲ့ အစည်းအဝေးကြီးတစ်ခုပေါ့နော်။ တက်ရောက်ရတဲ့ တပ်မှူးတွေတင်မက သူတို့ စစ်တပ်တစ်ခုလုံးကိုပါ အပြစ်တင်သွားတယ်လို့ ကျနော်မြင်တယ်။ ဘာကြောင့်လဲဆိုတာ့ ဒီထဲမှာ ပြောသွားတဲ့ အချက်တွေ ရှိတယ်။ ပထမဆုံးအချက်က အသေခံရဲတဲ့ သတ္တိမရှိဘူး၊ စစ်နည်းဗျူဟာကို မှန်ကန်စွာ မကျင့်သုံးနိုင်ဘူး၊ (တပ်တည်ရှိရာ) တပ်တည်လိမ်လည်မှုတွေ ပြုလုပ်တာတွေ တွေ့ရတယ်၊ နောက်ပြီးတော့ တပ်နေရာချထားမှုတွေ မမှန်ကန်ဘူးဆိုပြီးတော့ အချက်အလက်တွေကို သူ့အောက်ကလူတွေအားလုံးကို အပြစ်တင်သွားတဲ့ ပုံစံမျိုးတွေ တွေ့ရတယ်။ အဆိုးဆုံးကတော့ အသေခံရဲတဲ့ သတ္တိမရှိဘူးလို့ ပြောတဲ့ ဥစ္စာကတော့အဆိုးဆုံးပေါ့ ဒါကသူ့စစ်တပ်ကို သူ့အောက်ကို သူ ယုံကြည်ရဲတဲ့သတ္တိနည်းလာပြီလို့ ပြောလို့ရတယ်။ ဒီကထွက်လာတဲ့ စာတွေအရ ကြည့်ရတာပေါ့နော်။

မေး။ ။ သူဘာကြောင့် အဲဒီလိုပြောတယ်လို့ ဗိုလ်ကြီး ယူဆသလဲ။

ဖြေ။ ။ အခုလောလောဆယ် စစ်တပ်ရဲ့ ဆုံးရှုံးမှုတွေက တော်တော်ကြီးကို ဆိုးလာတယ်။ တကယ့်စာရင်းအမှန်က မင်းအောင်လှိုင်တို့ သိမလား မသိလားတောင် မပြောနိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လိမ်လည်မှုပေါ့ မိမိတပ်က ဘယ်နှယောက် ကျဆုံးသွားတယ်၊ ဘယ်နှယောက် ဆုံးရှုံးသွားတယ်ဆိုတာကို အင်အားတစ်ခုအနေနဲ့တောင်မှ မင်းအောင်လှိုင်တို့အနေနဲ့ သေချာမသိနိုင်ဘူး။ အဲ့ဒါကြောင့်မို့လို့ သူပြောသွားတဲ့စကားမှာ လိမ်လည်မှုဆိုတာ သူသုံးသွားတာဖြစ်တယ်လို့ မြင်တယ်။ နောက်တခုက သူတို့နယ်မြေထိန်းချုပ်နိုင်မှု အင်အားတွေ တဖြည်းဖြည်းနဲ့ ဆုံးရှုံးလာတယ်။ နယ်မြေထိန်းချုပ်နိုင်မှုအင်အားတွေ နယ်မြေစိုးမိုးနိုင်မှု အင်အားတွေ သူတို့ စစ်တပ်တစ်တပ်လုံးက ဆုံးရှုံးနေတဲ့ အခြေအနေတစ်ခုလို့ ပြောလို့ရတယ်။ စစ်ရေးဗျူဟာ မကျွမ်းမှုတွေ တပ်နေရာချထားမှုတွေ ပိုပြီးတော့ ဆုံးရှုံးလာတယ်လို့ သူအနေနဲ့ ပြောချင်တဲ့ ပုံစံမျိုး ဖြစ်လိမ့်မယ်လို့ မြင်တယ်။ နောက်တခုက မင်းအောင်လှိုင်အနေနဲ့ကလည်း သူအောက်က တပ်မှူးတွေကို အပြည့်အဝ ယုံကြည်မှု မရှိတော့ဘူး။ အဲ့ဒါကြောင့်မို့လည်း သူ့အနေနဲ့ စစ်တပ် တစ်တပ်လုံးကို အပြစ်တင်တဲ့ ပုံစံမျိုးပြောသွားတာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ရှေ့မှာပြောခဲ့သလိုမျိုးပဲ လိမ်လည်မှုက တော်တော်ကြီးကို ဆိုးဆိုးရွားရွားဖြစ်နေတယ်။ ဥပမာ ဒီနေရာကို သွားဆိုရင် သွားနိုင်တဲ့ မြေပြင်တပ်တွေရဲ့ အခြေအနေမရှိဘူး။ အဲ့တော့ အမိန့်နာခံမှု အားနည်းတဲ့ အချက်အလက်ကို သွားပြီးပြတာပေါ့။ သူ့စစ်တပ်ရဲ့ပါဝါနဲ့ လုပ်ကိုင်နိုင်မှု စွမ်းရည်တွေသည် လုံးဝကို တော်တော်ကို ဆိုးဆိုးရွားရွားဖြစ်နေတဲ့အတွက် သူဒီလိုစကားတွေအထိ ပြောသွားတာဖြစ်တယ်။ ဒါက စာပေါ်က ပြောဆိုမှုတွေပဲ တွေ့ရတာပေါ့ ။ တကယ်တမ်း အဲဒီနေ့က အစည်းအဝေးအခန်းထဲမှာ ကြိမ်းမောင်းမှုတွေ တခြားဟာတွေပါ ရှိနိုင်တဲ့ အနေအထားတစ်ခုကို တွေ့ရတယ်။

မေး။ ။ လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ချေမှုန်းခံရ ဖမ်းဆီးခံရ လက်နက်ချကြတဲ့ သတင်းတွေ ဆက်တိုက်ဆိုသလို ကြားနေရပါတယ်။ အဲဒီ အခြေအနေကိုလည်း ပြောပါဦးခင်ဗျ။

ဖြေ။ ။ ဒီတစ်လောမှာဆိုရင် ရေပန်းစားတဲ့ စစ်တပ်ရဲ့ သတင်းတွေကို တွေ့ရတာကတော့ အဓိက ကရင်ပြည်နယ်၊ ကရင်နီပြည်၊ ရခိုင်ပြည်နယ်တွေမှာ အဓိကထားပြီး သွားတွေ့ရတယ်။ ကရင်နီပြည်မှာဆိုရင်လည်း ပြောက်ကျားတိုက်ခိုက်မှု ဒဏ်ကို ခံရတာ တပ်မ ၆၆ တစ်ခုလုံးရဲ့ ဆုံးရှုံးမှုကို သွားတွေ့ရတယ်။ တပ်တွေရဲ့ စစ်ကြောင်းတွေရဲ့ ဖွဲ့စည်းမှုပျက်စီးသွားတဲ့ အထိကို သူတို့အနေနဲ့ ခံလိုက်ရတာ တွေ့ရတယ်။ နောက်တခု ကရင်ပြည်နယ်ဘက်မှာဆိုရင် ဝေါလေ-မြဝတီသွား လမ်းမပေါ်မှာ ဗိုလ်ကြီးရဲရင့်မောင် ဦးစီးပြီးတော့ ၆ ယောက် အဖမ်းခံရတဲ့ သတင်းသွားတွေ့ရတယ်။ ပြောရမယ်ဆိုရင် ဒီဒေသသည် KNU ရဲ့ ထိန်းချုပ်မှု အပြည့်အဝ ထိန်းချုပ်ထားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒီဒေသကို ခဲယမ်းတွေ အများကြီးနဲ့ သွားတယ်။ ပြီးတော့ လွယ်လင့်တကူ အဖမ်းခံရတဲ့ ပုံစံတစ်ခုကိုသွားတွေ့ရတယ်။ သူတို့စစ်တပ်ရဲ့ လုပ်ဆောင်နိုင်မှု စွမ်းအား တော့်တော့်ကို ကျဆင်းနေတယ်ဆိုတာ တွေ့ရတယ်။ စစ်နည်းဗျုဟာနဲ့ တွေးတောမှုမှာလည်း ဗိုလ်ကြီးရဲရင့်မောင်တို့ဆိုရင်လည်း ဘယ်လို တွေးတောလိုက်လည်း ကျနော် မသိဘူး။ ဒါကတော့စစ်တပ်ရဲ့ ညံ့ဖျင်းမှုကို ထောက်ပြတဲ့ အရာတစ်ခုဖြစ်ပါတယ်။ နောက်ပြီးတော့ ရခိုင်ပြည်နယ်ဘက်မှာဆိုရင်လည်း စခန်းတွေ စွန့်လွှတ်ရတယ်။ ခမရ ၃၅၂ တို့ဘာတို့တောင် ပါလာပြီ။ ဒီလိုစခန်းတွေ ဆိုလည်း သေချာအထိုင်ချပြီး သူတို့ခံစစ်ပြင်ဆင်ထားတဲ့ စခန်းတွေဖြစ်ပါတယ်။ ဒီခံစစ်စခန်းတွေကို ဆုံးရှုံးလိုက်ရတဲ့ စစ်တပ်ရဲ့ အောက်ခြေတပ်ရဲ့ စိတ်ဓာတ်နဲ့ စစ်ရေးစွမ်းရည်သည် တော်တော်လေးကို လျော့နည်းတာကို သွားမြင်ရတယ်။ လွယ်လင့်တကူ တိုက်ပွဲတစ်ပွဲကို တိုက်မယ်။ အခြေအနေမကောင်းရင် အဖမ်းခံလိုက်မယ်ဆိုတဲ့ စိတ်တောင် သူတို့ဆီမှာ ဝင်နေသလားလို့တောင် မြင်မိတယ်။ မနေ့ကဆိုလည်း တွေ့လိုက်တာရှိတယ်။ CDM ဆိုပြီး ထွက်လာတဲ့ စစ်သားတစ်ယောက်ပြောဆိုမှုကို တွေ့ရတယ်။ ခမရ ၁၀၂ အနေနဲ့ စစ်တိုက်ခိုင်းတာကို မတိုက်ဘဲ လက်နက်တွေ ချပြီး သူတို့အနေနဲ့ မတိုက်နိုင်ဘူးဆိုတဲ့ ပုန်ကန်မှုအနေအထားမျိုး တွေ့ရတယ်။ ဒီလိုအခြေအနေတွေ ကြည့်ရမယ်ဆိုရင် တော်လှန်ရေးတပ်တွေနဲ့ ရင်ဆိုင်ထားနေရတဲ့ စစ်တပ်တွေအနေနဲ့ သူတို့ရဲ့တိုက်စွမ်းရည် သူတို့ရဲ့စစ်နည်းဗျူဟာ သူတို့ရဲ့ စိတ်ဓာတ်တွေသည် တော်တော်ကို ကျဆင်းနေပြီ။ စစ်ခေါင်းဆောင်တွေရဲ့စစ်နည်းဗျူဟာအရ စီမံခန့်ခွဲမှု အားနည်းတာတွေ၊ သူတို့ရဲ့ ထောက်ပံ့မှုပို့ဆောင်မှုလမ်းကြောင်းတွေကိုပါ မိမိတော်လှန်ရေးဘက်ကနေပြီး တော်တော်ကို ဖိအားပေးထားနိုင်တဲ့ အခြေအနေတွေကြောင့်လို့ ကျနော့်အနေနဲ့ အားလုံးခြုံပြီးပြောချင်ပါတယ်။

မေး။ ။ လက်ရှိတော်လှန်ရေးအင်အားစုတွေရဲ့ အနေအထားကိုကော ဘယ်လိုသုံးသပ်သလဲ ခင်ဗျ။ ပြောပါဦး။

ဖြေ။ ။ လက်ရှိတော်လှန်ရေးအင်အားစုတွေကတော့ စစ်တပ်ကို ပြန်လည်ရင်ဆိုင်တဲ့နေရာမှာတော့ ပြောက်ကျားစစ်ပုံစံမျိုး ရင်ဆိုင်နေရတယ်။ ပထမဆုံးအချက်က လက်နက်ခဲယမ်း မပြည့်စုံမှုကြောင့် ပြောက်ကျားစစ်ကိုပဲ ဦးတည်နေရတဲ့ ပုံစံမျိုးဖြစ်နေတယ်။ တိုက်ခိုက်သိမ်းပိုက် ချေမှုန်းနိုင်တဲ့ အခြေအနေတစ်ခုကို ရောက်ဖို့ကတော့ တော်တော်ကို လိုအပ်နေသေးတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့မှာ ရန်ပုံငွေတွေကော လက်နက်ခဲယမ်းရရှိမှု အခြေအနေတွေရောကိုပါ ဒီထက်အများကြီး တိုးတက်ဖို့ လိုတယ်လို့ ကျနော့် အနေနဲ့မြင်တယ်။ အခုလောလောဆယ် ပြောက်ကျားစစ်ကနေ နောက်ထပ်အဆင့်တွေ ထပ်တက်နိုင်ဖို့ အတွက်သည် ကျနော်တို့မှာ လက်နက်ခဲယမ်း အဓိက လိုအပ်နေတယ်။ နောက်တစ်ခုကတော့ စစ်တပ်ကို ပြန်လည်ရင်ဆိုင်တဲ့နေရာမှာ စစ်တပ်ကို စစ်တပ်သဖွယ်ပြန်ပြီးရင်ဆိုင်မှရမှာ။ အဲဒါကြောင့် စစ်တပ်ကို စစ်တပ်သဖွယ် စုစည်းနိုင်မှ ရလိမ့်မယ်။ ဒါကြောင့် အဓိကလိုတာသည် CHAIN OF COMMAND သည် အဓိက လိုအပ်နေတယ်။ CHAIN OF COMMAND ကို တည်ဆောက်တဲ့ နေရာမှာ ခေါင်းဆောင်တွေချည်းပဲ တည်ဆောက်လို့ မရပါဘူး။ လက်အောက်ကော၊ အောက်ခြေတပ်ဖွဲ့ဝင်တွေရော၊ အောက်ခြေကို ဦးဆောင်တဲ့ ခေါင်းဆောင်ငယ်တွေကော အကုန်လုံးပါဝင်မှ CHAIN OF COMMAND ကိုတည်ဆောက်မှ ရမှာပါ။ CHAIN OF COMMANDတစ်ခုရနိုင်ဖို့ဆိုရင် အမိန့်နာခံမှုသည် အရမ်းကို အရေးကြီးပါတယ်။ စစ်တပ်တစ်တပ် ပုံစံဖွဲ့စည်းရမှာဖြစ်တဲ့အတွက် အမိန့်ကို တကယ့်ကို အရေးတကြီးလိုက်နာရမယ့် အရာတခုလို့ပြောရပါမယ်။ အပေါ်ကလာတဲ့ အမိန့်တွေသည်လည်း ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုက လာတဲ့ ကောင်းမွန်တဲ့ စစ်နည်းဗျုဟာကို သုံးစွဲထားတဲ့ အမိန့်တွေလည်း ဖြစ်ဖို့လိုသလို အောက်ခြေတပ်တွေကလည်း ဒီလိုလာတဲ့ အမိန့်တွေကို သံသယမရှိဘဲနဲ့ ကောင်းမွန်စွာလိုက်နာဖို့ လိုပါတယ်။ တချို့ဟာတွေကျတော့ ဒီနေရာကို သွားမတိုက်သေးနဲ့ဆိုတဲ့စကားသည် စစ်နည်းဗျူဟာအရ ပြောလိုက်တဲ့စကားတစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် မိမိဘက်က ခံနိုင်ရည်စွမ်းရည် တိုက်နိုင်ရည်စွမ်းရည်တွေကို သုံးသပ်ပြီး ခေါင်းဆောင်တွေက အမိန့်ပေးတာ ဖြစ်နိုင်တယ်။ ဒါတွေကိုလည်း သေချာနားလည်ပြီး အောက်ခြေတပ်ဖွဲ့ဝင်တွေက လိုက်နာဖို့ လိုအပ်တယ်။ နာမည်ကြီးတဲ့ ခေါင်းဆောင်တွေကအစ ဦးဆောင်တဲ့သူတွေကို အပြင်းအထန်ဝေဖန်တာမျိုးတွေကို လက်နက်ကိုင်ထားတဲ့ တပ်ဖွဲ့တွေအနေနဲ့ လုံးဝ လုံးဝကို မလုပ်သင့်ဘူးလို့ မြင်တယ်။ ဒါဟာ ကျနော်တို့ အမိန့်နာခံမှုနဲ့ စည်းလုံးမှုကို ပြိုကွဲစေတဲ့ အရာတွေလို့ ကျနော့်အနေနဲ့မြင်တယ်။ နောက်တခုကလည်း အောက်ခြေမှာ ဖြစ်ပျက်နေတဲ့ အရာတွေကို ခေါင်းဆောင်တွေကလည်း သိရှိပြီးဖြေရှင်းပေးဖို့လိုအပ်ပါတယ်။ ဒါသည် ကာကွယ်ရေးဝန်ကြီးဌာန ဦးရည်မွန်တစ်ယောက်တည်း လုပ်ရမယ့် အရာတစ်ခုမဟုတ်ပါဘူး။ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ တချို့ကြေညာချက်တွေအရ သိရတဲ့ ဒေသအလိုက် ဒေသကွပ်ကဲမှုဌာနတွေ ရှိတယ်။ တခြားအရာတွေ အများကြီးရှိတယ်လို့ သိရတယ်။ ဒီနေရာမှာ ပါဝင်ဆောင်ရွက်နေတဲ့သူတိုင်းက လက်အောက်တပ်ဖွဲ့တွေကို သေချာနားလည်အောင် စည်းရုံးရမယ်။ သေချာနားလည်အောင် အမိန့်ညွှန်ကြားမှုတွေကို သေချာလုပ်ပေးရမယ်။ နောက်ဆုံးတစ်ချက်ကတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တိုင်း ဝင်တိုင်းသည် နှစ်ပေါင်းများစွာ လက်နက်ကိုင်လာတဲ့သူတွေ မဟုတ်ပါဘူး။ အခုမှ ပေါ်လာတဲ့သူတွေဟာစစ်ပညာကို အပြည့်အဝသင်ကြားနိုင်တဲ့သူ ရှိရင်လည်း ရှိမယ်။ အပြည့်အဝတော့ အကုန်တော့ မပါဘူး။ အဲ့ဒါကြောင့်မို့လို့ စစ်ပညာ ပြည့်ဝဖို့အတွက်ကိုလည်း တော်လှန်ရေး တပ်ဖွဲ့တွေအနေနဲ့လည်း လေ့ကျင့်မှုတွေ လိုအပ်တယ်။ သင်ယူမှုတွေလည်း ဒီ့ထက်ပိုပြီး လိုအပ်ပါသေးတယ်။ သေနတ်ကိုင်တိုင်း စစ်တိုက်တတ်တာ မဟုတ်ဘူး။ သေနတ်ကိုင်ပြီး ဒီသေနတ်နဲ့ ဘယ်လို ဗျူဟာတွေ ခင်းမလဲ ဘယ်လိုဗျူဟာတွေလုပ်မလဲဆိုတာလည်း သတိချပ်ဖို့ လိုပါတယ်။ ငါတို့တော့လုပ်နိုင်ပြီ၊ ငါတို့တော့ လူအင်အားရှိပြီ၊ ငါတို့တော့ ငါတို့ တိုက်နိုင်ပြီ ငါတို့ဒေသကို ငါတို့တော့ ကာကွယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ကတော့ အားနည်းတယ်လို့ အားနည်းချက်တစ်ခုလို့ ကျနော်မြင်တယ်။ အားလုံးစုစည်းပြီး စစ်တပ်တစ်ခုကို ဖွဲ့စည်းရပါမယ်။ စစ်တပ်တစ်ခု ဖွဲ့စည်းပြီး စီမံချက်တွေပေါင်းများစွာနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ရပါမယ်။အဲ့ဒါမှသာ သေချာတဲ့ စစ်ရေးအောင်အောင်မြင်မြင်နဲ့ ဖော်ဆောင်နိုင်မှာဖြစ်တယ်လို့ မြင်တယ်။

မေး။ ။ အဲဒီတော့ လက်ရှိတော်လှန်ရေးအခြေအနေကိုကော ဗိုလ်ကြီး ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ။ ။ လက်ရှိတော်လှန်ရေးအခြေအနေတွေကိုတော့ ကျနော်ရန်သူနဲ့မိမိ ဆိုပြီးတော့ နှစ်မျိုး သုံးသပ်ချင်တယ်ပေါ့နော်။ ရန်သူအနေနဲ့ပဲစပြီးတော့ ပြောရမယ်ဆိုရင်တော့ ရန်သူအနေနဲ့ ပျက်စီးမှုတွေ နောက်ပြီးတော့ အချင်းချင်းမယုံကြည်မှုတွေလည်း များလာတယ်လို့ ကျနော့်အနေနဲ့ သုံးသပ်ချင်ပါတယ်။ ဘာကြောင့် ဒီဟာကိုပြောရလဲဆိုရင်တော့ ကျနော်တို့ အခုနောက်ပိုင်းမှာ လက်နက်ချအညံ့ခံမှုတွေ နောက်ပြီးတော့ သူတို့ရဲ့ဆုံးရှုံးမှုတွေ စစ်ရေးအရဆုံးရှုံးမှုတွေလည်း တဖြည်းဖြည်း များလာတဲ့ ပုံစံမျိုး သွားပြီးတော့တွေ့ရပါတယ်။ အဲ့ဒီတော့ ကျနော်တို့ ကြားရတဲ့ သတင်းတွေအရ ဒါတပ်တွင်းသတင်းရတော့ စစ်တပ်အတွင်းမှာ ဒီအခုလောလောဆယ် စစ်တပ် အောက်ခြေစစ်သားတွေ လုပ်နေတာသည်ပေါ့နော်။ မင်းအောင်လှိုင်တစ်ယောက်တည်းအတွက် သို့မဟုတ် မင်းအောင်လှိုင်နဲ့အပေါင်းအပါတွေအတွက်ပေါ့နော်။ လုပ်နေရတဲ့ပုံစံမျိုးလို့ သူတို့အနေနဲ့ တဖြည်းဖြည်း သံသယဝင်လာတာတွေ ယုံကြည်မှုတွေရှိလာတာတွေ သွားတွေ့ရတယ်ပေါ့နော်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့လုပ်နေတဲ့အရာတွေသည် တိုင်းပြည်အတွက်လည်းမဟုတ်ဘူး စစ်တပ်အတွက်လည်း မဟုတ်ဘူးဆိုတာကို တချို့သိနေပါပြီ။ သိပြီးတော့လည်း တချို့ပေါ့နော် သူတို့ရှုံးနိမ့်မှုတွေနဲ့ ဘက်ပြောင်းမှုတွေလည်းပိုပြီးတော့ များပြားလာတာလို့ ကျနော့်အနေနဲ့မြင်တယ်ပေါ့နော်။ ဒါတွေဟာ အချင်းချင်းမယုံကြည်မှု အထက်အောက်ရိုသေလေးစားမှုနဲ့ယုံကြည်မှုတွေ လျော့နည်းလာတဲ့ အကြောင်းတရားတွေလို့ ကျနော်တို့ ပြောလို့ရတယ်ပေါ့နော်။ ဒါ ရန်သူ့ရဲ့ပျက်စီးခြင်းအကြောင်းတရားတွေ လက်တလောမှာ ဖြစ်နေတဲ့ ပျက်စီးခြင်း အကြောင်းတရားတွေလို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်ပေါ့နော်။ ဒါ ရန်သူ့ဘက်ကို ကျနော့်အမြင်နဲ့ သုံးသပ်ခြင်းဖြစ်ပါတယ်။ နောက်ပြီးတော့ မိမိဘက်မှာတော့ ကျနော်တို့မှာ လိုအပ်ချက်တွေရှိတယ်။ လိုအပ်ချက်တွေကတော့ များပါတယ်။ ဒါ ကျနော်တို့ကပေါ့နော်။ အကုန်လုံးစုစည်းနိုင်မှု နောက်ပြီးတော့ တခြားသောအရာတွေတည်ဆောက်မှု နည်းလမ်းတွေကအစ ကျနော်တို့အများကြီးပဲ စဉ်းစားပြီးတော့ ပြုလုပ်ရတာဖြစ်တဲ့အတွက်ကို ကျနော်တို့ဘက်မှာတော့ လိုအပ်ချက်တွေတော့ ရှိပါတယ်။ ဒါပေမယ့် လိုအပ်ချက်တွေ ရှိတဲ့ကြားကပဲ ကျနော်တို့ဟာ အောင်မြင်မှုတွေကိုတဖြည်းဖြည်းရလာတာတော့ ကျနော်တို့တွေ့ရတယ်။ နိုင်ငံရေးအရ အောင်မြင်မှု စစ်ရေးအရ အောင်မြင်မှုတွေလည်း ပိုပြီးတော့တိုးလာတာတွေတွေ့ရတယ်။ ကျနော်တို့ရဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေးအရစွမ်းဆောင်နိုင်မှုတွေသည်လည်း တော်တော့်ကို ကောင်းမွန်တဲ့ စနစ်ကျတဲ့ ပုံစံမျိုးတွေတော့ သွားပြီးတော့ တွေ့ရတယ်။ ဒါပေမဲ့ ကျနော်ရှေ့မှာပြောခဲ့သလိုပဲ လိုအပ်ချက်တွေတော့ ရှိနေပါသေးတယ်။ ဒီလိုအပ်ချက်တွေကို ကျနော်တို့အနေနဲ့ အမှန်တကယ်လက်ခံပြီးတော့ပြင်ဆင်ဖို့တော့လိုပါတယ်။ ဒါမှသာလျှင် ကျနော်တို့လိုချင်တဲ့အရာတွေကိုရမှာဖြစ်ပါတယ်။ တစ်စုတစ်စည်းနဲ့တိုက်မှရမှာပါ တကွဲတပြားနဲ့ တိုက်နေသမျှတော့ ကျနော်တို့ ပြောက်ကျားစစ်ကနေတက်နိုင်မှာ မဟုတ်ဘူးပေါ့နော်။ အဲ့ဒီတော့ ကျနော်တို့ ဒီတစ်ခေါက်လိုချင်တဲ့အရာသည် ကျနော်တို့က ဒီစစ်တပ်ကို လုံးဝကိုပေါ့နော် အနိုင်ရရှိရေးဖြစ်ပါတယ်။ အဲ့တော့ ဒီဥစ္စာကို သွားဖို့အတွက်က ကျနော်တို့က ပြောက်ကျားခုခံစစ်တစ်ခုတည်းနဲ့သွားလို့မရပါဘူး။ ပြောက်ကျားခုခံစစ်ကနေ နောက်တစ်ဆင့်ကို ကျနော်တို့တက်ကို တက်နိုင်မှ ရမယ့်အရာတစ်ခုဖြစ်ပါတယ်။ အဲ့ဒါကြောင့်မလို့ ကျနော်တို့ အရင်ထက်ပိုပြီးတော့ စည်းလုံးညီညွတ်ဖို့ လိုတယ်။ အရင်ထက်ပိုပြီးတော့ ကျနော်တို့ လုပ်ဖို့လည်းလိုတယ်။ ကျနော်တို့မှာလိုအပ်ချက်အများကြီးတွေကိုလည်း ဝိုင်းပြီးတော့ ပြည်သူတွေရော ကျနော်တို့ တော်လှန်ရေးမှာ ပါဝင်တဲ့ လူတိုင်းလူတိုင်းက ဝိုင်းပြီးတော့ စဉ်းစားပြီးတော့ ဆောင်ရွက်ဖို့ လိုတယ်လို့ ကျနော်ဒီလောက်ပဲ ပြောချင်ပါတယ်။ ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။