ကမ္ဘာ့သတင်းဓာတ်ပုံပြိုင်ပွဲဆုရ မြန်မာသတင်းထောက်နဲ့ မေးမြန်းချက်
2022.05.03
မေလ ၃ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့နဲ့ တိုက်ဆိုင်ကျင်းပခဲ့တဲ့ World Press Photo ကမ္ဘာ့သတင်းဓာတ်ပုံ ပြိုင်ပွဲမှာ နွေဦးတော်လှန်ရေးအကြောင်း ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေနဲ့ မြန်မာနိုင်ငံက ဓာတ်ပုံသတင်းသမား နှစ်ဦး ဆုရခဲ့ပါတယ်။ ဒီအထဲမှာ ဆုရှင် တစ်ဦးကတော့ သူလက်ရှိ လုံခြုံတဲ့ဒေသမှာ ရောက်နေပေမယ့် မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့သတင်းသမားတွေအတွက်အထူးစိုးရိမ်စရာအခြေအနေဖြစ်နေတဲ့အကြောင်း ပြောပါတယ်။ သူ့ရဲ့လုံခြုံရေးအတွက် 'တာမွေ' ဆိုတဲ့ နာမည်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဓာတ်ပုံသတင်းထောက်ကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင် က ဆက်သွယ်မေးမြန်းထားပါတယ်။
RFA : အခုနှစ်အတွက် World Press Photo ကမ္ဘာ့သတင်း ဓာတ်ပုံပြိုင်ပွဲမှာ ကိုတာမွေ ရိုက်ကူးတဲ့ နွေဦးတော်လှန်ရေး အကြောင်း သတင်းဓာတ်ပုံတွေ ဆုရခဲ့တယ်လို့ သိရပါတယ်။ ဒီဆုအကြောင်းနဲ့ ဆုရတဲ့ သတင်းဓာတ်ပုံအကြောင်း သိပါရစေ။
■ ကျွန်တော် အခုရတဲ့ ဆုကတော့ World Press Photo မှာ Asia and Oceania ဆိုတဲ့ ဒေသအတွက်ကို ဆုံးဖြတ်ပေးတဲ့ အကဲဖြတ်ဒိုင်တွေရဲ့ အကြိုက်ဆုပေါ့။ အဲဒီလို ဆုမျိုးရတာပါ။ မြန်မာပြည်က နွေဦးတော်လှန်ရေးအကြောင်း ရိုက်ထားတဲ့ အဖြူအမဲ ဓာတ်ပုံတွေ စီးရီးပေါ့။ စီးရီးဆိုတာ ဆယ်ပုံပေါ့။ မြန်မာပြည်အကြောင်းရတာ ကျွန်တော်ရယ် ကျွန်တော့် သူငယ်ချင်း တစ်ယောက်ရယ် အတူရတာပါ။ သူကတော့ single ပုံနဲ့ ရတာ။ ကျွန်တော်ကတော့ ဒီ ဆယ်ပုံ စီးရီးနဲ့ ရတာပါ။ ကျွန်တော်တို့အတွက် ဂုဏ်သိက္ခာကြီးမားတယ်ပေါ့နော်။ ဒီ World Press Photo ဆိုတာက သတင်း ဓာတ်ပုံလောကအတွက် ကြီးမားတဲ့ ဆုပေါ့။ အဲဒီလို ဆုကို ရတာပါ။ ကျွန်တော်ရိုက်ခဲ့တဲ့ story ကတော့ နွေဦးတော်လှန်ရေးကိုပဲ ရန်ကုန်မှာ အစောပိုင်းကာလကို ရိုက်ထားတာပါ။ ဖေဖော်ဝါရီလကနေ အစောပိုင်း လေးလတာကာလအတွင်း ဖြစ်ခဲ့တဲ့ ဓာတ်ပုံတွေထဲက ဆယ်ပုံပါ။ ဆယ်ပုံပဲ ကန့်သတ်ထားတဲ့အတွက် ကိုယ်ရိုက်ခဲ့တဲ့ ပုံဆယ်ပုံနဲ့ ဒီနွေဦးတော်လှန်ရေး အကြောင်းကို သရုပ်ဖော်နိုင်မယ့် ပုံတွေ ရွေးပြီး ပြိုင်ခဲ့တာကနေ ဆုရခဲ့တာပါ။
RFA: အခုအချိန်မှာ၊ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်မှာ မြန်မာနိုင်ငံမှာ သတင်းသမားတွေ သတင်းယူရတဲ့ အခြေအနေကကော၊ အရင်ကနဲ့ ဘယ်လို ကွာခြားသွားသလဲ။
■ သတင်း ရယူရတာကတော့ အခုကတော့ လုံးဝခက်ခဲသွားပြီပေါ့။ ဒီ ground မှာ သတင်းယူရတယ် ဆိုတာမှာ မေးခွန်းမေးတာ၊ သတင်းဓာတ်ပုံ ရိုက်တာတွေ မလုပ်ခင်မှာ ကိုယ့်ရဲ့ပြေးလမ်းကို အရင်ကြိုရှာထားရတဲ့ အနေအထားဖြစ်သွားပြီပေါ့။ ကိုယ့်လုံခြုံရေးအခြေအနေကို ကြိုကြည့်ပြီးမှ သတင်းယူရတဲ့ အခြေအနေ ဖြစ်သွားပြီပေါ့။ ရန်ကုန်မှာ ပြောက်ကျား ဆန္ဒပြတယ်ဆိုရင်လည်း ကိုယ်က ဓာတ်ပုံ သွားရိုက်မယ်ဆိုရင် ဘယ်လမ်းကိုသွားဓာတ်ပုံရိုက်မယ်။ ပြီးတာနဲ့ ဘယ်လမ်းကို ပြေးမယ်ဆိုတာ ကြိုကြည့်ရတဲ့ အခြေအနေ ဖြစ်သွားတယ်။ အရမ်းကို ခက်ခဲသွားတယ်။ ပြီးရင်လည်း ကိုယ့်ရဲ့ ID မပေါ်အောင် ကားငှားမယ်ဆိုရင်လည်း ဖြစ်ရပ်ဖြစ်တဲ့ နေရာမှာ မငှားဘဲ လမ်းလျှောက်သွားပြီး ခပ်ဝေးဝေး နေရာရောက်မှ ကြုံသလို ငှါးစီးရတာမျိုးအထိ ခက်ခဲသွားတယ်။ အရင်ကဆိုရင် သတင်းမီဒီယာသမားဆိုရင် မီဒီယာသမား မိတ်ဆွေသူငယ်ချင်းတွေ အများကြီးရှိတယ်။ အခုတော့ တော်တော်များများက အဖမ်းခံရတဲ့ သူတွေလည်း ရှိတယ်။ ရှောင်နေရတဲ့သူတွေလည်း ရှိတယ်။
RFA: အခုဆိုရင် စစ်တပ်ရဲ့ သတင်းပေးတွေ နေရာတိုင်းမှာ ရှိနေတယ်လို့ သိရပါတယ်။ ဒီလို အခြေအနေမှာ မြန်မာနိုင်ငံက သတင်းသမားတွေအတွက် ဘယ်လောက်အထိ အန္တရာယ် ရှိနေသလဲ။ ကိုယ်တွေ့ အတွေ့အကြုံတွေ ရှိရင် ပြောပြပါဦး။
■ ကျွန်တော်တို့ဆိုရင် မြို့ထဲမှာ ဆန္ဒပြတာမျိုး သတင်းသွားယူတာကအစ မြို့ထဲကို ကြိုရောက်နေပြီးအနေအထားကို ကြိုကြည့်ရတာပေါ့နော်။ အရပ်ဝတ်တွေ၊ informer (သတင်းပေး) တွေလည်း ရှိနေနိုင်တော့ ပွဲမစခင်ကတည်းက ကြိုရောက်ပြီး အနေအထားကို ကြည့်ပေါ့။ တစ်ခါတစ်လေကျရင်လည်း သိပ်မလုံခြုံဘူးထင်ရင် ခပ်လှမ်းလှမ်းကပဲ သတင်းယူတာမျိုး လုပ်ရတာပေါ့။ ပုံစံက မှန်းရ အရမ်းကို ခက်ခဲသွားပြီး။ အခြေအနေက 50/50 ပေါ့။ လူများတဲ့ နေရာမှာ ဆိုရင်လည်း ပုံစံကြည့်ပြီး ခွဲလို့ရတာမျိုး ရှိနိုင်တယ်။ တစ်ခါတစ်လေကျတော့လည်း ပုံစံကြည့်လို့ မရဘဲ လမ်းဘေးရပ်ထားတဲ့ ကားထဲက ထွက်ပြီး လာဖမ်းတာမျိုး ရှိနိုင်တာဆိုတော့။ စွန့်စားပြီး လုပ်ရသလို ဖြစ်သွားတာပေါ့။
RFA: အခုအချိန်မှာ ကိုတာမွေက လုံခြုံတဲ့ နေရာဒေသတစ်ခုမှာ ရောက်နေပြီလို့ သိရပါတယ်။ ဘာဆက်လုပ်သွားမယ်လို့ ရည်ရွယ်ပါသလဲ။
■ ကျွန်တော်ကတော့ လောလောဆယ်တော့ လုံခြုံတဲ့ နေရာရောက်နေပြီ ဆိုပေမယ့်၊ မြန်မာနိုင်ငံက သတင်းတွေကိုတော့ ဆက်ပြီး မှတ်တမ်းယူပြီး တင်ဆက်နေဦးမှာပေါ့။ ကျွန်တော့် အသက်အရွယ်နဲ့ ဆို တကယ့်ကို သမိုင်း အချိုးအကွေ့ မှတ်တမ်းတစ်ခုပဲလေ။ သတင်းသမားတွေမှာ တာဝန်ရှိတယ်လို့ ခံယူထားတယ်။ ဒါကြောင့်မို့ ဖြစ်ပျက်နေတာကိုတော့ ဆက်ပြီး မှတ်တမ်းယူသွားမယ်ပေါ့။ အခွင့်အရေး ပေးရင်လည်း ground ကနေ မှတ်တမ်းတင်ပြီး တင်ဆက်သွားမယ်ပေါ့။
RFA: မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြန်ရဖို့ ကြိုးစားနေတဲ့ နိုင်ငံတကာကခေါင်းဆောင်တွေကိုရော RFA ကနေတစ်ဆင့် ဘယ်လို သတင်းစကားမျိုး ပါးချင်ပါသလဲ။
■ ခေါင်းဆောင်တွေ အနေနဲ့ကတော့ သူတို့ သေချာဆုံးဖြတ်ချက် ချလို့ရအောင် သတင်းသမားတွေက risk (စွန့်စားမှု)ယူပြီးတော့ အချက်အလက်တွေကို ပေးနေမှာပဲပေါ့။ ဒါက decision (ဆုံးဖြတ်ချက်) ချတဲ့ အပိုင်းကတော့ နိုင်ငံတကာခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်တယ်။ သူတို့ဆီကို အချက်အလက်အမှန်ရောက်အောင် လုပ်ဖို့က ကျွန်တော်တို့ တာဝန်လို့ ခံယူထားတဲ့အတွက်၊ သူတို့ ဆုံးဖြတ်တာကတော့ အချက်အလက်အပေါ် အခြေခံပြီးတော့ ဘက်မလိုက်ဘဲ ဆုံးဖြတ်လိမ့်မယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။