“ဒေါ်အောင်ဆန်းစုကြည်ချမှတ်ထားတဲ့ ပြည်သူနဲ့အတူ မူဝါဒနဲ့ ဘာကြောင့်လွဲချော်သွားရတာလဲ”
2017.06.27
အန်အယ်လ်ဒီပါတီအပေါ် ပြည်သူလူထုဝေဖန်တာတွေကို ခေါင်းထဲထည့်မှာ မဟုတ်ကြောင်း၊ ဂရုစိုက်မှာ မဟုတ်ကြောင်း ပါတီထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်ရဲ့ ပြောကြားချက်တွေဟာ ပြည်သူနဲ့အတူ ရှိနေမယ်ဆို တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ချမှတ်ထားတဲ့ မူဝါဒနဲ့ လွဲချော်နေတယ်လို့ ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီအတွင်းရေးမှူး ဦးကျော်ဇေယျ က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ နံပါတ်တစ် စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်းသစ်ဖန်တီးနိုင်မှုနဲ့ စီးပွားရေးတိုးတက်မှုအခြေအနေ၊ မြေအောက်မြို့တော် စီမံကိန်း၊ ဝိုင်ဘီအက်စ်နဲ့ ကျူးကျော်ရှင်းလင်းရေး၊ ကုန်ဈေးနှုန်းကျဆင်းရေးနဲ့ လျှပ်စစ်မီး အလုံအလောက်ပေးဝေး နိုင်ရေးအပါအဝင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ ရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ သူက အခုလို ပြောကြားလိုက်တာပါ။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျဟာ မြန်မာ့တပ်မတော်မှာ ဒုတိယဗိုလ်မှူးကြီး၊ တပ်ရင်းမှူးတာဝန်တွေ ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှာလည်း ဒါရိုက်တာ ရာထူးတာဝန်တွေ ထမ်းရွက်ခဲ့သူဖြစ်ပါတယ်။ ဦးကျော်ဇေယျကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။