သူနာပြုဗိုလ်ကြီး ခင်ပပထွန်းနဲ့ ခင်ပွန်း ဆရာဝန်ဗိုလ်ကြီး သင်းအောင်ထွေး ပြည်သူနဲ့ပူးပေါင်း
2022.04.29
တပ်မတော်ဆေးပညာဘက်ဆိုင်ရာ ပညာသင်ကျောင်း (မှော်ဘီ) က သူနာပြုဗိုလ်ကြီး ခင်ပပထွန်းဟာ ခင်ပွန်းဖြစ်သူ အငြိမ်းစား ဆရာဝန် ဗိုလ်ကြီး သင်းအောင်ထွေးနဲ့အတူ ဒီမိုကရေစီပြည်လည်ရရှိရေးလှုပ်ရှားမှုမှာ ပါဝင်ပူးပေါင်းဖို့အတွက် လွတ်မြောက်နယ်မြေတစ်နေရာကို ဒီရက်ပိုင်းအတွင်း ရောက်ရှိလာခဲ့ပါပြီ။ ဗိုလ်ကြီး ခင်ပပထွန်းက စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းမှုနဲ့ လက်ရှိပြည်သူလူထုအပေါ် ညှဉ်းပန်းသတ်ဖြတ်မှုတွေကို ဆက်လက်သည်းခံနိုင်စွမ်း မရှိတော့တဲ့အတွက် ခင်ပွန်းဖြစ်သူနဲ့အတူ အခုလို နွေဦးတော်လှန်ရေးမှာ ပါဝင်ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ RFA ကို ပြောပါတယ်။ သူတို့ ဇနီးမောင်နှံကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။
-----------
"အင်တာဗျူး ကောက်နုတ်ချက်များ - သူနာပြုဗိုလ်ကြီး ခင်ပပထွန်း"
၁။ တိုင်းပြည်နဲ့လူမျိုးအပေါ် သစ္စာဖောက်နေတဲ့အဖွဲ့အစည်းမှာ ဆက်လက်တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိတော့တဲ့အတွက် အခုလို ပြည်သူ့ဘက်ပြောင်းဖို့ ဆုံးဖြတ်လုပ်ကိုင်ခဲ့တယ်။
၂။ စစ်ကောင်စီတပ်တွေက ဆန္ဒပြကလေးသူငယ်တွေကို ရက်ရက်စက်စက်ပစ်ခတ်သတ်ဖြတ်မှုတွေ ကြားသိရတဲ့အတွက် မျက်ရည်ကျရပြီး လိပ်ပြာမလုံတော့တဲ့အတွက် အခုလို ထွက်ခဲ့တာပါ။
၃။ မဲမသမာမှုကြောင့် အာဏာသိမ်းတယ်ဆိုတဲ့ အကြောင်းပြချက် လက်မခံပါ။
၄။ အာဏာသိမ်းတာဟာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ အကျိုးစီးပွားအတွက် ဖြစ်ပါတယ်။
၅။ မြန်မာနိုင်ငံရဲ့ အခြေအနေက ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး အဘက်ဘက် ကျဆင်းနေပါပြီ။
၆။ စစ်တပ်မှာ ဒုဗိုလ်မှူးကြီးနဲ့အထက် အရာရှိတွေက အခွင့်ထူးခံလူတန်းစားဖြစ်ပြီး တခြားအောက်ခြေအဆင့်တွေ အသုံးချခံ လူတန်းစားဖြစ်ပါတယ်။
၇။ စစ်တပ်ထဲက အရာရှိအများစုဟာ စစ်ကောင်စီ မကောင်းမှန်းသိပါတယ်။ ဒါပေမဲ့ အခြေအနေအရ ဆက်လက်တာဝန်ထမ်းနေကြတာပါ။
၈။ လက်ရှိ ဥပဒေမဲ့လုပ်ရပ်တွေအတွက် အမိန့်ပေးသူနဲ့ ဆောင်ရွက်သူအားလုံးမှာ တာဝန်ရှိတယ်။
၉။ ပြည်သူတွေအောင်ပွဲ မကြာခင်ရတော့မှာမို့ အားတင်းထားကြပါ။ ညီညွတ်ဖို့လည်း လိုပါတယ်။
၁ဝ။ ဒီမိုကရေစီ ပြန်လည်ရရှိရေး တတ်စွမ်းသမျှပါဝင်မယ်။
----------
"အင်တာဗျူး ကောက်နုတ်ချက် - ဆရာဝန်ဗိုလ်ကြီး သင်းအောင်ထွေး"
၁။ မြန်မာပြည်သူတွေဟာ အနှစ် ၇ဝ ကြာ စီမံအုပ်ချုပ်မှု မှားယွင်းမှုတွေကြောင့် အခုလို ဆင်းရဲမွဲတေမှုကို ခံစားနေကြရတာဖြစ်တယ်။
၂။ ပြည်သူနဲ့ ဆန့်ကျင်ဘက်အဖွဲ့အစည်းကို စွန့်ခွာပြီး ပြည်သူတွေရဲ့ ဒီမိုကရေစီလှုပ်ရှားမှုမှာ အခုလို ဇနီးဖြစ်သူနဲ့အတူ တစ်တပ်တစ်အား ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာနေရပါတယ်။
၃။ တိုင်းပြည်မှာ အခုလိုအပြောင်းအလဲဖြစ်သင့်တာကြာပါပြီ။ တော်လှန်ရေးမှာ တတ်နိုင်သမျှပါဝင်မယ်။
ဗိုလ်ကြီး ခင်ပပထွန်း ကိုယ်ပိုင်နံပါတ် (N 861) ဟာ မင်္ဂလာဒုံဆေးတက္ကသိုလ် သူနာပြုသိပ္ပံဘွဲ့ ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၂ ကနေ ၂ဝဝ၂ ခုနှစ်မှာ သင်တန်းဆင်းပါတယ်။ တပ်မတော်ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်း (မှော်ဘီ) ကနေ အခု CDM မှာ ပါဝင်ဖို့ လွတ်မြောက်နယ်မြေကို ထွက်ခွာလာတာဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ ဆရာဝန် ဗိုလ်ကြီး သင်းအောင်ထွေး (ငြိမ်း) ကတော့ မိတ္ထီလာ ကုတင် ၅ဝဝ စစ်ဆေးရုံကနေ ၂ဝဝ၉ ခုနှစ်မှာ စစ်တပ်ကို မကြိုက်တော့တဲ့အတွက် အငြိမ်းစားယူခဲ့ပါတယ်။ သူတို့ ဇနီးမောင်နှံမှာ လက်ရှိ အသက် ၁၅ နှစ်အရွယ် သားတစ်ဦးနဲ့ ၁၃ နှစ်အရွယ် သမီးငယ်တစ်ဦး ရှိပါတယ်။