စစ်ကောင်စီတပ်တွေ ပြိုလဲစပြုနေပြီလို့ CDM ဗိုလ်ကြီးထက်မြက် သုံးသပ်

2022.10.20

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပြိုလဲပျက်စီးစပြုနေပြီဖြစ်လို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဒီအခြေအနေကို ထိထိရောက်ရောက် အသုံးပြုပြီး အပြီးအပိုင်ဖြိုချဖို့လိုတယ်လို့ CDM ဗိုလ်ကြီး ထက်မြက် က ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်တွေကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်ဖို့အတွက် အတွင်းရေးအခြေအနေကိုသိတဲ့ သူတို့ CDM စစ်သားတွေကို အသေအချာစိစစ်ပြီး အသုံးပြုဖို့လည်း သူက အကြံပေးတိုက်တွန်းပါတယ်။ လွတ်မြောက်နယ်မြေရောက် ဗိုလ်ကြီး ထက်မြက်ကို ကိုနေမျိုးထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ဗိုလ်ကြီးထက်မြက် ခင်ဗျ။ အခု CDM လုပ်လာတဲ့ စစ်သည် အင်အားတွေကော၊ တိုက်ပွဲတွေမှာ လက်နက်ချတဲ့ တပ်မတော်ကအရာရှိ အရာခံ အကြပ်တပ်သားတွေကော တော်တော်များလာနေပြီလား ခင်ဗျ၊ ဘယ်လိုရှိလဲ။

ဖြေ။ ။ တော်တော်များလာပြီပေါ့နော်။ တော်လှန်ရေး အဖွဲ့တွေလည်း အရှိန်အဟုန်ပြင်းပြင်းနဲ့ဆက်သွားနိုင်တဲ့အတွက်ကြောင့်မို့လို ဒီ CDM ဝင်တဲ့ သူတွေကော လက်နက်ချအလင်းဝင်လာတဲ့သူတွေကော တော်တော်များလာပြီ။ ပိုပြီးတော့ များလာဖို့ပဲရှိပါတယ်။

မေး။ ။ အဲဒီလူတွေရဲ့ လက်ရှိ အခြေအနေက ဘယ်လိုရှိလဲ ခင်ဗျ။

ဖြေ။ ။ လက်ရှိအခြေအနေဆိုတော့ ကျွန်တော်တို့ဘက်က CDM ဆိုတာတစ်မျိုး၊ လက်နက်ချ အလင်းဝင်တယ် ဆိုတာ တစ်မျိုး အဲဒီ နှစ်ပိုင်း မတူဘူးဆိုတာကို ကျွန်တော်တို့ ဒီဘက်က အဖွဲ့တွေလည်း သေချာ နားလည်ထားဖို့ လိုတယ်။ ဘာလို့လဲဆိုတော့ CDM ဆိုတာက သူ့ရဲ့ ခံယူချက် စိတ်ဓာတ်နဲ့ အမှားအမှန်ဆိုတာ ခွဲခြားပြီးတော့ ပြည်သူဘက်ရပ်တည်တဲ့ သူတွေပေါ့နော်။ ဒီလက်နက်ချ အလင်းဝင်တဲ့သူတွေကျတော့ သူတို့ မတတ်သာတဲ့ အခြေအနေမျိုးမှာမို့လို့ သူတို့ အသက်အန္တရာယ်ဆုံးရှုံးမှာကြောက်တဲ့အတွက် ပူးပေါင်းလာတဲ့ အဖွဲ့တွေပေါ့။ အဲကျတော့ ခံယူချက် စိတ်ဓာတ်ချင်း အနည်းငယ် ကွာလိမ့်မယ်။ ဒီလက်နက်ချ အလင်းဝင်တဲ့အဖွဲ့တွေကို ဆက်ဆံတဲ့ အခါမှာတော့ အဆင့်တစ်ခု ထားရမယ်။ သူတို့ အတွက် အချိန်ပေးပြီးတော့ ပြောင်းလဲဖို့ သူတို့ တကယ်အမြင်မှန် ရဖို့ အတွက် အဆင့်တစ်ခု အချိန်တစ်ခု ကာလတစ်ခုပေးပြီးတော့ ကျွန်တော်တို့ စောင့်ကြည့်ပြီး လေ့လာထိန်းသိမ်းတာမျိုးတွေ လုပ်ရမယ် ပြုပြင်ပြောင်းလဲပေးတာမျိုးတွေ လုပ်ဆောင်ရမယ်ပေါ့။ သူတို့အနေနဲ့ လည်း ဒီဘက်ကို ရောက်လာပြီဆိုတာနဲ့ ပြန်လွှတ်ပေးရင် ဘယ်သူ့မှ မပြန်ရဲကြဘူး။ ဟိုရောက်ပြီဆိုရင် ဒီဘက်က လူတွေလိုမျိုး လူဆန်ဆန် ပြုမှုဆက်ဆံတာမျိုး လုပ်မှာ မဟုတ်ဘူးပေါ့နော်။ အဲ့ဒါကြောင့်မို့လို့ သူတို့ အနေနဲ့ ပြန်မှာတော့ မဟုတ်ဖူး။ ပြန်လို့လည်း မရဘူး။ အဲ့အတွက် ကျွန်တော်တို့ဆီမှာ ရှိနေတဲ့ အချိန်အတောအတွင်းမှာ တကယ်တန်ဖိုးရှိတဲ့သူတွေဖြစ်အောင် သူတို့ရဲ့ စိတ်ဓာတ်တွေ သူတို့ရဲ့ ခံယူချက်တွေ သူတို့ လွဲမှားခဲ့တဲ့ အမြင်တွေ အမြင်မှန်ရအောင်လို့ ကျွန်တော်တို့ အချိန်တစ်ခု ပေးပြီးတော့ ပြန်လည်ပြုပြင်ပြောင်းလဲပေးသင့်ပါတယ်။

မေး။ ။ CDM လုပ်လာတဲ့ အရာရှိ အရာခံတွေပဲ ဖြစ်ဖြစ်၊ လက်နက်ချ အလင်းဝင်တဲ့သူတွေကိုပဲဖြစ်ဖြစ် ဒီဘက်မှာ တော်လှန်ရေး အင်အားစုတွေက လက်ခံတဲ့ အသိအမှတ်ပြုတဲ့ အနေအထားမျိုးလည်း ဘယ်လိုရှိလဲ။ ဘာကြောင့်လဲဆိုတော့ တချို့ကလည်း ဒီထဲမှာ ရန်သူလွှတ်လိုက်တဲ့၊ စစ်ကောင်စီက တစ်ဘက်လှည့်နဲ့ လက်နက်ချခိုင်းတဲ့၊ CDM လုပ်ခိုင်းတဲ့သူတွေလည်း ပါဝင်လာနိုင်တယ်ဆိုတဲ့ အမြင်ကလည်း တချို့ တော်လှန်ရေး အင်အားစုတွေမှာ ရှိနေကြတာပေါ့နော်။ အဲဒီပြဿနာကို ဘယ်လိုဖြေရှင်းရင် ကောင်းမလဲ ခင်ဗျ။


ဖြေ။ ။ အဲဒီအပိုင်းမှာ တကယ်ထဲထဲဝင်ဝင် လုပ်ဆောင်နေတဲ့ အဖွဲ့တွေအနေနဲ့ ကြိုပြီးသိသင့်တာက ဒီအဖွဲ့တွေအနေနဲ့က အရမ်းကြီး ကျွန်တော်တို့က သူတို့ကို ပစ်ပစ်ခါခါကြီး လုပ်လိုက်လို့လည်း မရဘူးပေါ့။ သူတို့အတွက် လူသားချင်း စာနာမှုဆိုတဲ့ ဟာမျိုးတွေ ကျွန်တော်တို့ ပြပေးနိုင်ရမယ်၊ ပြီးတော့ အဲ့လိုမျိုး တအားကြီး လွတ်လွတ်လပ်လပ်ပေးထားလိုက်လို့လည်း မရပြန်ဘူးပေါ့။ အခွင့်အရေးကို တန်းတူကြီး ပေးထားလိုက်လို့လည်း မရပြန်ဘူး။ စောစောက ပြောသလို ဒလန်တွေ၊ သူလျှိုတွေ ပါလာခဲ့ရင် ဒီဘက်မှာရှိတဲ့ တော်လှန်ရေး အဖွဲ့တွေအတွက်ကော တခြားခံယူချက် စိတ်ဓာတ်ရှိတဲ့ CDM တွေ အတွက်ကော အများကြီး ဒုက္ခရောက်သွားမှာတွေ ရှိတယ်။ အဲဒါကြောင့်မို့လို့ ကိုင်တွယ်ရတဲ့နေရာမှာ သူတို့ အတွက် အရမ်းလည်း တာဝန်ကြီးပါတယ်၊ အရမ်းလည်း ခက်ခဲတယ်ပေါ့။ ဒါပေမယ့် သူတို့ အဲ့ကြားထဲကမှ ဘယ်လို အဆင်ပြေအောင် ညှိနှိုင်းမလဲ ဘယ်လို အဆင်ပြေအောင် ပြုပြင်ပြောင်းလဲမလဲဆိုတဲ့ အခြေအနေမျိုးကို ကျွန်တော်တို့ ပုံဖော်သင့်တာပေါ့နော်၊ ပူးပေါင်းပြီးတော့ ဆောင်ရွက်သင့်တယ်။ အဲ့လိုဆောင်ရွက်တဲ့အခါမှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအနေနဲ့လည်း အရမ်းအရေးပါသလို ကျွန်တော်တို့ NUG အစိုးရအနေနဲ့လည်း တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေနဲ့ ပူပေါင်းပြီး ဒီလိုကိစ္စမျိုးတွေကို အထူးအစီအစဉ်တစ်ခုအနေနဲ့ ကျွန်တော်တို့ သတ်သတ်မှတ်မှတ်ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။

မေး။ ။ ဘယ်လို အစီအစဉ်မျိုးတွေနဲ့ ဘယ်လို စီစစ်ရင် ကောင်းမလဲ ခင်ဗျ။

ဖြေ။ ။ အဓိကကတော့ CDM ထဲမှာ စစ်သား CDM တွေလည်း အများကြီးရှိတယ်။ အခုထွက်လာတဲ့ အချိန်မှာလည်း လက်နက်ချ အလင်းဝင်လာတဲ့ စစ်သားတွေ များတယ်။ များတဲ့အတွက်ကြောင့် ဒီလို တာဝန်ကို အရပ်သားတွေအနေနဲ့ စီစဉ်တဲ့ အပိုင်းမှာပဲဖြစ်ဖြစ် အများကြီး အခက်အခဲ ရှိနိုင်တယ်ပေါ့နော်။ ဆိုလိုတာက စစ်သားအချင်းချင်း ပြောတဲ့ စကားထက် စစ်သားနဲ့ အရပ်သားပြောတဲ့ စကားပြောတဲ့အခါမှာ တစ်ယောက်နဲ့ တစ်ယောက် တစ်ဘက်နဲ့ တစ်ဘက် နားလည်မှုချင်း မတူဘူး၊ ပြောချင်တဲ့ အကြောင်းအရာချင်း မတူဘူး။ တစ်ဘက်က ဒီအကြောင်းအရာကိုပြောတယ် ဆိုပေမယ့် တစ်ဘက်က တစ်မျိုးတွေးသွားတာမျိုးတွေ ရှိတယ်ပေါ့နော်။ အဲ့ဒါကြောင့်မို့လို့ စစ်သားအချင်းချင်း ပြန်စစ်တာမျိုးတွေကလည်း အရမ်းအရေးကြီးတယ်၊ ကျွန်တေယ်တို့အနေနဲ့ဆိုလည်း စစ်သားတစ်ယောက် လိမ်နေလား ညာနေလားဆိုတာမျိုးကို ဘယ်လို ပုံစံမျိုးနဲ့ ဖော်ထုတ်ရမလဲ ဘယ်လို ပုံစံမျိုးနဲ့ အစ်အောက်ပြီး မေးရမလဲဆိုတာကို သိတဲ့ အတွက် ဒီလိုအပိုင်းတွေမှာ တချို့ CDM စစ်သားတွေ ဝင်ပြီးတော့ တာဝန်ယူပေးနေတာတွေလည်း ရှိတယ်။ အဲလိုမျိုးအပိုင်းတွေကို ပိုပြီးတော့ အရှိန်အဟုန်ပြင်းပြင်း ဆောင်ရွက်သင့်တယ်ပေ့ါနော်။ ပြီးတော့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေရဲ့ အရေးပါမှု ဆိုတာမျိုးကျတော့ ဒီCDM လုပ်တာပဲဖြစ်ဖြစ် လက်နက်ချ အလင်းဝင်တာပဲ ဖြစ်ဖြစ် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေရဲ့ လွတ်မြောက် နယ်မြေကိုပဲ အရင်သွားရတယ်။ အဲဒါကြောင့် ဒီအဖွဲ့တွေအနေနဲ့ သူတို့ရဲ့ လုံခြုံရေး၊ CDM ဝင်လာတဲ့ သူတွေရဲ့ လုံခြုံရေးကော အများကြီးဂရုစိုက်တယ်ပေါ့။ ဒီထဲမှာ ဒလန်တွေ၊ သူလျှိုတွေ မပါလာဖို့အတွက်ကို သူတို့ကလည်း အရမ်းဂရုစိုက်ပြီး လုပ်ဆောင်နေရတာဖြစ်တဲ့အတွက် သူတို့ကလည်း ဒီလိုမျိုးအဖွဲ့တွေ ပေါင်းပြီးတော့ အစီအစဉ်တစ်ခုအနေနဲ့ ဖော်ထုတ်ပေးတဲ့သူကလည်း ဖော်ထုတ်မယ်၊ စိစစ်တဲ့ သူကလည်း စိစစ်ပေးမယ်၊ လက်ခံပေးတဲ့သူကလည်း ဘယ်လို ပုံစံမျိုးနဲ့ ထားမယ်ပေါ့။ လုံးဝ တန်းတူ ညီမျှ အခွင့်အရေး ရရမယ် ဆိုပေမယ့် တကယ်ကို ယုံကြည်စိတ်ချရမှု မရှိသေးတဲ့အချိန်မှာ ထိန်းသိမ်းထားတဲ့ဟာမျိုး အရမ်းကြီး လွတ်လွတ်လပ်လပ် နေခွင့်မပေးတဲ့
ဟာမျိုးတွေကိုတော့ ကျွန်တော်တို့ လုပ်ဆောင်ရမှာပေါ့။

မေး။ ။ ဟုတ်ကဲ့ ဗိုလ်ကြီးထက်မြက်တို့ အခု CDM လုပ်လာတဲ့ အရာရှိ အရာခံတွေကလည်း တော်တော်များလာပြီဆိုတော့ ဗိုလ်ကြီးတို့ရဲ့ တော်လှန်ရေး အတွက် အလုပ်အကျွေးပြုနိုင်တဲ့ အရည်အချင်းတွေ စွမ်းအားတွေ လက်ရှိတော်လှန်ရေးမှာ ပါဝင်နေတဲ့သူတွေက ထိထိရောက်ရောက် သုံးစွဲနိုင်နေပြီလား၊ မသုံးစွဲနိုင်ဘူးလား တကယ်လို့ မသုံးစွဲနိုင်သေးဘူးဆိုရင် အပြည့်အဝ ဗိုလ်ကြီးထက်မြက်တို့လို အရာရှိ အရာခံ အကြပ်တပ်သားတွေရဲ့ အရည်အသွေးတွေ စွမ်းအားအရင်းအမြစ်တွေကို အသေအချာ သုံးနိုင်ဖို့ ဘယ်လိုဆောင်ရွက်ရင် ကောင်းမလဲ ခင်ဗျ။

ဖြေ။ ။ အဲဒါက အရမ်းအရေးကြီးတယ်၊ CDM ဝင်လာတယ်ဆိုတဲ့အထဲမှာ တော်တော်များများ ဓိတ်ဓာတ်ခံယူချက် ကောင်းတယ်ပေါ့နော်။ အရှေ့ပိုင်း ဝင်လာတဲ့ အဖွဲ့တွေမှာဆိုလည်း အဲလိုအဖွဲ့တွေ အများကြီးတွေ့ရတယိ။ အဲအဖွဲ့တွေထဲကမှ တော်လှန်ရေးမှာ ကိုယ်တတ်နိုင်တာ အကုန်ပြန်လုပ်မယ်ဆိုပြီးတော့ ကိုယ်စွမ်းကိုယ်စ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပါဝင်နေတဲ့ အဖွဲ့တွေလည်းရှိတယ်။ ဒီအဖွဲ့တွေဆီကနေပြီး ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ကော အစိုးရအဖွဲ့တွေအနေနဲ့ကော ဘာတွေရနိုင်လဲဆိုတော့ ကျွန်တော်တို့ အခုလက်ရှိတိုက်နေတာက စစ်တပ်ပေါ့နော်။ မြန်မာစစ်တပ်ကို တိုက်နေတာ။ တိုက်နေတာဖြစ်တဲ့အတွက် မြန်မာစစ်တပ်ကနေထွက်လာတဲ့ မြန်မာစစ်တပ်အကြောင်း သိလာတဲ့ စစ်သားတွေကိုမှ အသုံးမချရင် ဘယ်သူ့ကို အသုံးချမလဲပေါ့နော်။ ဆိုလိုတာက တပ်တစ်တပ်ကို ကျွန်တော်တို့ တိုက်မယ်ဆိုရင် အရင်ဆုံးစဉ်းစားရတာ ဖွဲ့စည်းပုံပေါ့။ အဆောက်အဦးတွေ ဘယ်နားမှာရှိတယ်၊ ဝင်လမ်းထွက်လမ်းတွေ ဘယ်နားမှာရှိတယ်၊ အရေးကြီး အဆောက်အဦးတွေက ဘယ်လိုနေရာတွေဖြစ်တယ်ပေါ့နော်။ ဒီတပ်ကို တိုက်မယ်ဆိုရင် ဒီအချက်တွေက အရေးကြီးတယ်။ ဒီလို အချက်အလက်တွေ သိတဲ့ လူတွေက ခုနကလို CDM ဝင်လာတဲ့ စစ်သားတွေက သိတယ်ပေါ့နော်။ ဒါက အရမ်း အရေးကြီးတဲ့ အချက်ပေါ့နော်။ ဆိုလိုတာက CDM ဝင်လာတဲ့ စစ်သားတွေကို တစ်ခါတလေကျ မယုံကြည်ဘူးဆိုတာလည်း အပြစ်ပြောလို့ မရဘူး။ တချို့အဖွဲ့တွေမှာ မယုံကြည်ရလောက်တဲ့သူတွေလည်း ပါတယ်။ ဒါတွေကို အသုံးမချဘူးဆိုရင်လည်း ကျွန်တော်တို့ နိုင်ငံအတွက်နစ်နာတယ်ပေါ့။ နစ်နာတဲ့အခါကျတော့ ဘယ်လို အသုံးချမလဲ၊ ယုံကြည်ရအောင် ဘယ်လိုလုပ်မလဲ၊ ယုံကြည်ရအောင် ဘယ်လို စိစစ်မလဲပေါ့နော်။ သေချာစိစစ်ပြီး ယုံကြည်ရတဲ့ အဖွဲ့တွေဆိုလည်း ခုနကလိုမျိုး အခြေအနေတွေမှာ ကျွန်တော်တို့ပြန်သုံးလို့ရတယ်။ အဓိက ကတော့ စစ်တပ်ကို တိုက်နေတာဖြစ်တဲ့အတွက် စစ်တပ်ထဲက ထွက်လာတဲ့ စစ်တပ်အကြောင်းသိတဲ့ နားလည်တဲ့ CDM စစ်သားတွေက သူတို့ဆီက လိုချင်တဲ့ ကိုယ့်ရဲ့ အချက်အလက်တွေ၊ တော်လှန်ရေးအဖွဲ့တွေအတွက် အကျိုးရှိမယ့် အချက်တွေကိုယူပြီးတော့ အသုံးချနိုင်တယ်၊ တိုင်နိုင်တယ်၊ အကြံဉာဏ်တွေ တောင်းနိုင်တယ်ဆိုရင် ကျွန်တော်တို့ တော်လှန်ရေးမှာ ဒီထက် ပိုပြီး ထိရောက်မယ်လို့ ကျွန်တော်ကတော့ မျှော်လင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဆိုရင်ကိုပဲ တချို့ကိစ္စတွေမှာ စစ်တပ်က ဘာလုပ်တတ်မယ်ဆိုပြီး အတွေးမျိုးတွေ တွေးမိတယ်။ ကျွန်တော်တို့ ကိုယ်တိုင် အဲ့နေရာတွေမှာ နေခဲ့တော့ ဒီလိုတွေဆိုရင် ငါတို့ ဘယ်လိုမျိုး အစီအစဉ်တွေလုပ်မယ်ဆိုပြီး အတွေးမျိုး ရှိတာကို။ ရှိတဲ့အတွက်ကြောင့် ဒီအခြေအနေမျိုးမှာ ကြုံလာပြီဆိုရင် စစ်တပ်က ကိစ္စတစ်ခုမှာ ဘာဆက်လုပ်တော့မယ်ဆိုတာ ကျွန်တော်တို့က အနည်းဆုံး နည်းနည်းလောက်တော့ တွေးမိလို့ ရတယ်ပေါ့နော်။ အဲ့လိုအခြေအနေမျိုးဆိုရင် ကျွန်တော်တို့က တော်လှန်ရေးအဖွဲ့တွေကို ပြောမယ်၊ အစိုးရအဖွဲ့တွေကို ပြောမယ်၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကိုပြောမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ကြိုပြီးပြင်ဆင်တာမျိုး၊ တန်ပြန်ဘယ်လိုမျိုး လုပ်မယ်ဆိုတဲ့ အစီအစဉ်မျိုးတွေ ချမှတ်ပြီး ပြင်ဆင်ပြီး ပြန်ပြီး ခုခံတိုက်ခိုက်လို့ ရတယ်။ ရတဲ့အတွက်ကြောင့် ကျွန်တော်တို့အတွက် အကျိုးအမြတ်တွေ အများကြီးရှိနိုင်တယ်။ ရှိနိုင်တာဖြစ်တဲ့အတွက် ဒီအစိုးရအဖွဲ့အနေနဲ့ကော၊ တော်လှန်ရေးအဖွဲ့တွေ အနေနဲ့ကော CDM ဝင်လာတဲ့ စစ်သားတွေထဲက ဒီလိုမျိုး အရေးကြီးတဲ့ အချက်အလက်တွေ၊ သူတို့အချင်းချင်းသိတဲ့ အချက်တွေကို ကျွန်တော်တို့ ရှာဖွေ ဖော်ထုတ်သင့်တယ်၊ အသုံးချသင့်တယ်၊ တကယ်ကို ဒီထက်ပိုပြီး ထူးချွန်ကောင်းမွန်စွာသိတဲ့ CDM စစ်သားတွေလည်း အများကြီးရှိတယ်။ အဲလိုမျိုးစစ်သားတွေဆိုရင် တော်လှန်ရေးမှာ ကူနိုင်ဖို့အတွက် နေရာတစ်ခုပေးပြီးတော့ လုပ်ဆောင်ပေးသင့်တယ်။ တချို့ဆိုရင် ဒီတော်လှန်ရေးမှာ ပြန်ပါဝင်မယ်ဆိုတဲ့ စိတ်နဲ့ သူတို့လိုက်ပြီး ချိတ်ဆက်တာတွေရှိတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အချိန်ကာလအားဖြင့် စောင့်ကြည့်ခံရတဲ့ကာလမျိုးလည်း ဖြစ်ချင်ဖြစ်မယ်၊ မယုံကြည်ဖြစ်နေတဲ့အချိန်မျိုးလည်း ဖြစ်ချင်ဖြစ်မယ်ပေါ့။ အဲလိုအချိန်မျိုးမှာ မေ့လျော့ခံတွေ ဖြစ်လိုက်ရတယ်။ ဖြစ်လိုက်ရတဲ့ အချိန်မျိုးမှာ သူတို့ ဒီတော်လှန်ရေးမှာစိတ်နာပြီး မလုပ်တော့ဘူးကွာဆိုပြီး ထွက်သွားတဲ့သူတွေလည်းရှိတယ်ပေါ့နော်။ ကျွန်တော်တို့က အခုအချိန်မှာ ရသမျှ အင်အား ရသမျှ အကူအညီကို ယူရမှာ။ ကောင်းတဲ့ အကူအညီတွေ ယူရမယ်၊ ရနိုင်မယ့် အကျိုးရှိတဲ့ အကူအညီတွေယူရမယ်။ ဒါကြောင့်မို့လို့ ဒီလို အခြေအနေမျိုးတွေ ထပ်ပြီးတော့ မဖြစ်လာအောင် ရနိုင်သမျှ အရေးကြီးတဲ့ အချက်အလက်တွေရအောင်၊ အသုံးချနိုင်ဖို့ လိုတယ်။

မေး။ ။ ဟုတ်ကဲ့ ဗိုလ်ကြီးထက်မြက် အခုလက်ရှိ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့တွေရဲ့ အနေအထားကို ဘယ်လို သုံးသပ်လဲ ခင်ဗျ။

ဖြေ။ ။ လက်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ အနေအထားဆိုတော့ သူတို့အဖွဲ့အစည်းဆိုတာ ကျွန်တော် အရင်တုန်းကတည်းကအထဲမှာ နေကတည်းကပြောတာရှိတယ်။ စစ်တပ်က စနစ်တကျနဲ့ ပျက်စီးနေတာဆိုပြီး ပြောတာ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်က ထုတ်ပြန်တဲ့ မူဝါတွေ၊ လမ်းစဉ်တွေ၊ သတ်မှတ်ချက်တွေ၊ ညွှန်ကြားချက်တွေက အရမ်းကောင်းတယ်။ ဒါပေမဲ့ အဲ့ညွှန်ကြားချက်တွေအတိုင်း ထုတ်ပြန်တဲ့ မူဝါဒတွေအတိုင်း လိုက်ပြီးလုပ်နိုင်တယ်ဆိုတာ မရှိဘူး ရှားတယ်ပေါ့နော်။ မရှိတော့ သူတို့ အထဲ ထဲကိုမှ နဂိုကတည်းက ပြိုလုဆဲဆဲဖြစ်နေတာပေါ့။ ဒါပေမဲ့ဒီလို အရေးကိစ္စကြီး ပေါ်လာပြီဆိုတော့ သူတို့မှာ ပြန်ပြီး လိုက်ပြီး အဖတ်ဆယ်လို့လည်း မရတော့ဘူး၊ ဒီလိုမျိုး အခြေအနေမျိုးထက် မဆိုးအောင် သူတို့မှာ အတင်းကာရော ကြိုးစားပြီး လိုက်ပြီး အဖတ်ဆယ်နေတာမျိုး၊ ကြိုးစားပြီး ပြန်တည်ဆောက်နေရတယ်။ တချို့ဆို အပေါစား စည်းရုံးမှုမျိုးတွေ လုပ်တယ်။ အရင်တုန်းကဆိုရင် အောက်ခြေစစ်သားတွေဆိုရင် နင်ပဲ ငါးဆ ပြောတယ်။ အပေါ်က အထက်လူကြီးတွေက ခိုင်းတာတွေ ရှိတယ်၊ ထိုးကြိတ်တာတွေရှိတယ်။ အခုကျတော့ ပြောင်းပြန်ပြန်ဖြစ်သွားတယ်။ ကျွန်တော်တို့ ဒီရက်ပိုင်း ကြားတဲ့ သတင်းတွေဆို ဒီလိုမျိုးတွေ ပြန်ဖြစ်လာတယ်။ အောက်ခြေစစ်သားတွေရဲ့ အကြိုက်ကို လိုက်ပြီး လုပ်ပေးနေရတယ်။ အောက်ခြေစစ်သားတွေရဲ့ သူတို့ ဘာတွေ ကြိုက်တတ်လဲ သူတို့ ကြိုက်တတ်တဲ့ ဟာနဲ့ မျှားပြီးတော့ သူတို့ ကြိုက်တတ်တဲ့ ဟာနဲ့ စည်းရုံးပြီးတော့ သူတို့ပေးတဲ့ အမိန့်တွေကို နာခံအောင် အတင်းကို လုပ်ဆောင်နေရတဲ့ ပုံစံမျိုးတွေ ဖြစ်လာတယ်။ အကြီးအကဲက အောက်ခြေပြန်ဖြစ်သွားတယ်၊ အောက်ခြေက အကြီးအကဲ ပုံစံ ပြန်ဖြစ်သွားတယ်။ အဲ့ဒါကြောင့် အဖွဲ့အစည်းတစ်ခုမှာ ဒီလိုမျိုး ကပြောင်းကပြန်တွေ ဖြစ်နေတယ်ဆိုရင် ကျရှုံးမှုက ပိုများတယ်။ ဒီလိုမျိုးအခြေအနေကို ကျွန်တော်တို့တော်လှန်ရေး အဖွဲ့တွေက ပိုပိုပြီးတော့ ပြိုကျ ပျက်စီးအောင် ကျွန်တော်တို့ တွန်းနိုင်ဖို့ လိုတယ်။ နဂိုကတည်းက ပျက်စီးချင်ချင်ဖြစ်နေတဲ့ စစ်တပ်ကြီးက အခုအချိန်မှာ အဘက်ဘက်က ပြိုကျပျက်စီးနေတာကို ကျွန်တော်တို့ မြင်ရတယ်။ အထဲ ထဲမှာဆိုလည်း သူတို့ အချင်းချင်း မယုံကြည်တဲ့ဟာတွေ ပြန်ဖြစ်လာတယ်၊ ပြီးတော့ တာဝန်မပေးရဲတာမျိုးတွေ ဖြစ်လာတယ်။ တစ်ယောက်နဲ့ တစ်ယောက် မယုံကြည်ဘူး။ ဒီတာဝန်ကိုပေးလိုက်ရင် လုပ်ပါ့မလား၊ ဟိုဘက်ကိုများ ပါသွားမလား၊ CDM များ လုပ်သွားမလား တစ်ဘက်ကိုများ ဝင်သွားမလား၊ ငါလုပ်ပေးတဲ့ အချက်အလက်တွေများ ပေါက်ကြားသွားမလား သူတို့ အချင်းချင်းကို စိတ်တွေ မလုံခြုံဘူး။ အဲလိုမျိုး ဖြစ်နေရပြီဆိုကတည်းက စစ်တပ်အနေနဲ့ ကျွန်တော်တို့ မမြင်ဘူး၊ မတွေ့ဖူးတဲ့ အချက်တွေ မြင်နေရတာဖြစ်တဲ့အတွက် ပြိုကျပျက်စီးဖို့အတွက်ကို လမ်းစတွေ အများကြီးပေါ်နေပြီလို့ကို ပြောလို့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။