မြန်မာ-ရိုဟင်ဂျာအသင်း ဥက္ကဋ္ဌ ဦးထွန်းခင်နှင့် ဆက်သွယ်မေးမြန်းချက်
2023.11.21
မြန်မာနိုင်ငံမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေရဲ့အခြေအနေကို စစ်တမ်းပြုစုထားတဲ့ "အသက်ရှင်ရေးတွက် ရုန်းကန်ရခြင်း" လို့ အမည်ရတဲ့ အစီရင်ခံစာတစ်စောင်ကို ဗြိတိန်နိုင်ငံ ၊ လန်ဒန်မြို့အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်းက နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ တိုက်ပွဲပြင်းထန်လာတဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာရေးအထောက်အပံ့တွေ မရအောင် မြန်မာစစ်တပ်က တားဆီးပိတ်ပင်နေတာတွေနဲ့ စစ်တပ်က အကြမ်းဖက်တာတွေကို အစီရင်ခံစာမှာ ဖော်ပြထားပါတယ်လို့ မြန်မာ-ရိုဟင်ဂျာအသင်း ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။ ဦးထွန်းခင်ကို RFA သတင်းထောက် မစန်းမော်အောင် ဆက်သွယ်မေးမြန်းထားပါတယ်။
RFA- ဦးထွန်းခင်တို့ BROUK က အစီရင်ခံစာအသစ်တစ်စောင်ထုတ်ပြန်လိုက်တာမှာ ဘာကိုအဓိကထားပြီး ထုတ်ပြန်လိုက်တာလဲဆိုတာကို ပြောပြပေးပါရှင့်။
ဦးထွန်းခင် - ကျွန်တော်တို့ ရိုဟင်ဂျာတွေက ရခိုင်ပြည်နယ်မှာ အင်မတန်မှ ဆိုးဝါးတဲ့ အခြေအနေတွေ ကြုံတွေ့နေရတာကို ကျွန်တော်တို့ရေးသားထားပါတယ်။ အထူးသဖြင့် လူမျိုးတုံးသတ်ဖြတ်မှု ဒီနေ့ထက်ထိ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာလူမျိုးတွေခံနေရတုန်းဆိုတာကို ကျွန်တော်တို့ အထူးသဖြင့် High Light လုပ်ထားပါတယ်။ ရိုဟင်ဂျာအမျိုးသမီးတွေ ကလေးတွေ Humanitarian Aid လို့ခေါ်တဲ့ လူသားချင်းစာနာမှုထောက်ပံ့မှုတွေ မရကြဘူး။ တစ်ရွာကနေ တစ်ရွာကိုသွားဖို့ ကန့်သတ်မှုတွေရှိနေတယ်။ ပြီးတော့ ဆိုင်ကလုန်းမိုခါဖြစ်ခဲ့တဲ့နောက်ပိုင်းမှာ ရိုဟင်ဂျာတွေက လေးသောင်းခုနှစ်ထောင်ကျော် အခုထိ ခိုလှုံခွင့်မရှိဘဲ နေနေရတဲ့အနေအထားမှာရှိနေတယ်။ ပြီးတော့ တစ်သိန်းလေးသောင်း ရိုဟင်ဂျာတွေ IDP Camp မှာရှိနေတဲ့ စစ်တွေက ရိုဟင်ဂျာတွေဟာ သူတို့ရဲ့အခြေအနေတွေက... စားဝတ်နေရေး သူတို့စားသောက်ဖို့ အစားအသောက်တွေလုံလုံလောက်လောက်မရှိတာရယ်။ သူတို့နေထိုင်ဖို့ကို တဲအိမ်တစ်အိမ်လောက်တောင် သူတို့မှာမရှိဘူး။ ပြီးတော့ လူသားချင်းစာနာမှုတွေ နှောင့်နှေးကြန့်ကြာအောင် အကြမ်းဖက်စစ်တပ်ကလုပ်နေတာတွေ ပြီးတော့ ဆေးရုံတွေ သွားလာခွင့်ပိတ်ပင်ထားတာတွေ ပြီးတော့ အစအစရှိတဲ့ ဂျီနိုဆိုက်လို့ခေါ်တဲ့ လူမျိုးတစ်မျိုးကို တကယ်ကိုစနစ်တကျသုတ်သင်ရှင်းလင်းတဲ့စီမံကိန်းတစ်ခုပေါ်မှာ ရိုဟင်ဂျာတွေက ခံနေရတယ်ဆိုတာကို ကျွန်တော်တို့က ဖော်ပြထားပါတယ်။
RFA - ဒီအစီရင်ခံစာထဲမှာပေါ့နော်။ ARSA ရဲ့ လှုပ်ရှားမှုကိုလည်း ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်ရှင့်။ ဒီအတွက် ရခိုင်ပြည်နယ်မှာရှိနေတဲ့ ရိုဟင်ဂျာတွေရော ရခိုင်တိုင်းရင်းသားတွေအတွက်ပါ လုံခြုံရေးအတွက် စိုးရိမ်နေရတာတွေ့နေရပါတယ်လို့လည်း ပြောထားပါတယ်ရှင့်။ ဒါနဲ့ပတ်သက်လို့ရော ဘာများပြောချင်ပါလဲရှင့်။
ဦးထွန်းခင် - ရိုဟင်ဂျာတွေက ကြားညှပ်ခံနေရတယ်။ Arakan Army လို့ခေါ်တဲ့ AA နဲ့လည်း တိုက်ခိုက်မှုတွေရှိနေတယ်။ တစ်ဖက်မှာ ARSA ရှိနေတယ်။ ဒီလိုကြားထဲမှာ ကျွန်တော်တို့ ရိုဟင်ဂျာပြည်သူတွေက ကြားညှပ်ပြီး အန္တရာယ်ရှိတဲ့အနေအထားမှာရောက်နေပါတယ်။ အဲဒီ့အတွက်ကြောင့် အရမ်းကိုစိုးရိမ်ပူပန်စရာရှိနေတဲ့အကြောင်း ကျွန်တော်တို့ ဖော်ပြထားပါတယ်ခင်ဗျ ။
RFA - ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေတင်မကဘူးပေါ့နော်။ အခုဆိုရင် စစ်ကောင်စီကိုဆန့်ကျင်တဲ့သူမှန်သမျှကို ဖိနှိပ်နေတာပေါ့နော်။ ဒါတွေအဆုံးသတ်ဖို့က ဘာတွေဆောင်ရွက်ဖို့ သင့်ပါသလဲရှင့်။
ဦးထွန်းခင် - အဆုံးသတ်ဖို့ကတော့ အဓိကကတော့ စစ်ကောင်စီကို ကျွန်တော်တို့က ရာဇဝတ်မှုကျူးလွန်ထားတဲ့ ဂျီနိုဆိုက်လို့ခေါ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ကျုးလွန်ထားတဲ့ လူသားမျိုးနွယ်အပေါ်မှာ ရာဇဝတ်မှုကျူးလွန်ထားတဲ့ စစ်တပ်ကိုအရေးယူဖို့ အရေးတကြီးလိုအပ်နေပါပြီဆိုတာကို နိုင်ငံတကာကို ကျွန်တော်တို့ ပြောထားတယ်။ တိုက်တွန်းထားပါတယ်။ နောက်တစ်ခုကျတော့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာအပါအဝင် တခြားလူမျိုးစုတွေအားလုံးအနေနဲ့ လူသားချင်းစာနာထောက်ထားမှု ထောက်ပံ့မှုတွေရဖို့ လိုအပ်တယ်။ ကျွန်တော်တို့နိုင်ငံမှာ စစ်တပ်ဟာ ရိုဟင်ဂျာအပါအဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ လူမျိုးစုအားလုံးတွေကို ရက်ရက်စက်စက် သတ်ဖြတ်မှုတွေ လုပ်နေတယ်။ ရိုဟင်ဂျာတွေဆိုရင် လူမျိုးတုံးသတ်ဖြတ်မှုတွေခံနေရတယ်။ တခြားလူနည်းစုတွေဆိုရင် တစ်နိုင်ငံလုံးမှာ နေ့စဉ်နဲ့အမျှ စစ်တပ်က အကြမ်းဖက် ရက်ရက်စက်စက်ကြမ်းကြုပ်မှုတွေ ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်။ အဲဒါကြောင့် နိုင်ငံတကာအနေနဲ့ အခုရှိနေတဲ့ ဖိအားနဲ့မဖြစ်ဘူး။ နိုင်ငံတကာအနေနဲ့ အထူးသဖြင့် ဒီစစ်တပ်ကို တရားခွင်ပေါ်မှာအရေးယူဖို့၊ ပြီးတော့ တရားမျှတမှု ရိုဟင်ဂျာအပါအဝင် နိုင်ငံသားတိုင်းအားလုံးတရားမျှတမှုရဖို့၊ စစ်တပ်သည် ကျွန်တော်တို့နိုင်ငံကို ကိုယ်စားမပြုဘူးဗျ။ ကျွန်တော်တို့ နိုင်ငံမှာ အခုတိုင်းရင်းသားအားလုံးညီညွတ်တဲ့ လူမျိုးစုအားလုံးညီညွတ်တဲ့ တကယ့်ကိုစစ်တပ်အနေနဲ့ ဖိအားတွေအများကြီးရှိပြီးတော့ ဒီစစ်တပ်ကလုံးဝကို ရက်စက်မှုတွေလည်း ကမ်းကုန်နေပြီ။ ဒီစစ်တပ်ကို နိုင်ငံသူ နိုင်ငံသားအားလုံး တကယ်ကို ဒီနွေဦးတော်လှန်ရေးနဲ့ ဆန့်ကျင်တိုက်ခိုက်တဲ့အပေါ်မှာ နိုင်ငံတကာအားပေးမှုလည်း လိုပါတယ်ဆိုတာကို ကျွန်တော်တို့အနေနဲ့ တောင်းဆိုနေပါတယ်။
RFA - တရားမျှတမှုအတွက် နိုင်ငံတကာက ဖိအားပေးဖို့ ဘာတွေများလိုအပ်ချက်များရှိနေလဲလို့ ပြောချင်ပါလဲရှင့်။
ဦးထွန်းခင် -ဒီတရားမျှတမှုအတွက် နိုင်ငံတကာကနေ အကြမ်းဖက်စစ်ကောင်စီကို အရေးယူဖို့ဆိုတဲ့နေရာမှာ ICC ကို Refer လုပ်ရမယ်။ ပြီးတော့ ရိုဟင်ဂျာတွေနဲ့ပတ်သက်တဲ့ အမှုတွေမှာ နိုင်ငံတကာကနေ ပိုပြီး အားပေးအားမြှောက်ဖို့လိုပါလိမ့်မယ်။ ဒီ့ထက်မက အခု ကူညီအားပေးမှုတွေရှိနေတယ်။ လွန်ခဲ့တဲ့တစ်ပတ်ကဆိုရင် ICJ ဆိုတဲ့ International Court of Justice တရားရုံးမှာ ဂမ်ဘီယာကစွဲထားတဲ့ ရိုဟင်ဂျာအမှုမှာဆိုရင် နိုင်ငံပေါင်း ခုနစ်နိုင်ငံအထိကို ပါလာနေပြီ။ ပြီးတော့ ဒီ့ထက်မကပိုပြီးအားပေးမှုတွေရှိဖို့လိုတယ်။ လုံခြုံရေးကောင်စီမှာလည်း အစည်းအဝေးထိုင်ပြီးတော့ မြန်မာ့အရေးကို ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်မှု ၊ မြန်မာတစ်နိုင်ငံလုံးမှာ Crime Against Humanity လို့ခေါ်တဲ့ လူသားမျိုးနွယ်အပေါ်မှာ ရာဇဝတ်မှုတွေကျူးလွန်နေတဲ့အတွက်ကြောင့် အရေးယူဖို့ အရေးတကြီးလိုအပ်နေပြီ။ အဲဒါတွေကို Action ယူဖို့ လိုအပ်တယ်ဆိုတာကို ကျွန်တော်တို့ တောင်းဆိုထားပါတယ်။