ကချင်ပြည်နယ် သစ်ခိုးထုတ်မှု သစ်တောဝန်ကြီးနဲ့ မေးမြန်းချက်


2015.01.13

ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့သတင်းပတ်အတွင်း တရားမဝင်သစ်ခိုးထုတ်နေတဲ့ တရုတ်နိုင်ငံသား တစ်ရာကျော်ကို တရားမဝင်သစ်တွေ၊ မော်တော်ယာဉ်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

ကချင်ပြည်နယ်အတွင်း သစ်ခိုးထုတ်မှု၊ သစ်တောပြုန်းတီးမှု နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ သစ်တောနဲ့ သတ္တုဝန်ကြီး ဦးအောင်နိုင်ကို RFA အဖွဲ့သား ဦးကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးကျော်ကျော်အောင်။           ။ကချင်ပြည်နယ်ကသစ်တွေ တရုတ်နိုင်ငံကို တရားမဝင် ခိုးထုတ်မှုတွေက သိသိ သာသာများလာတယ်လို့ ကြားရပါတယ်ခင်ဗျ၊ အခြေအနေတွေ ဘယ်လောက်အထိဆိုးနေလဲခင်ဗျ၊ ဝန်ကြီး နည်းနည်းရှင်းပြပေးစေချင်ပါတယ်ခင်ဗျာ။

ဦးအောင်နိုင်။            ။ဆိုးတယ်ဆိုတာကတော့ ဒီတစ်ကြိမ်နည်းနည်းလေး များတာပေါ့လေ၊ ကျန်တဲ့အချိန် မှာတော့ ဒီလောက်အထိတော့ ကြီးကြီးမားမားတော့ မဖြစ်ဖူးပါဘူးဗျ။

ဦးကျော်ကျော်အောင်။           ။ဘယ်လမ်းကြောင်းတွေကများ ထွက်နေတာပါလဲ ဝန်ကြီးခင်ဗျာ။

ဦးအောင်နိုင်။            ။သူကလမ်းကြောင်းတွေကတော့ များတာပေါ့လေ၊ ဒီဘက်မှာဖြစ်တာကတော့ ဗန်းမော် ခရိုင်ဘက်မှာတော့ များတာပေါ့လေ၊ အခုတော့ ကျနော်တို့ဒီဘက် ဝိုင်းမော်မြို့နယ်ပေါ့၊ ဝါးရှောင်မန်ဝိတ်၊ စနေကူးတို့၊ မန်တောင်တို့၊ လောခွန်ယန်တို့ ဇဒုံးတို့ပေါ့။

ဦးကျော်ကျော်အောင်။           ။နယ်မြေမတည်ငြိမ်တဲ့ဘက်တွေမှာ ပိုများတယ်ဆိုတဲ့ သဘောလားခင်ဗျ။

ဦးအောင်နိုင်။            ။ဟုတ်တော့ဟုတ်ပါတယ်၊ ဒါပေမယ့် ဒီဘက်တွေကလည်း ဒီလောက်ကြီးတော့ မတည်ငြိမ်တဲ့နေရာတွေလို့တော့ မဟုတ်ဘူး၊ အနည်းအကျဉ်းတော့ ရှိတာပေါ့လေနော့၊ ဒါပေမယ့် များသောအားဖြင့်တော့ မတည်ငြိမ်တဲ့ဘက် ပိုများတာပေါ့၊ ကျနော်တို့ဘက်က မစိုးမိုးနိုင်တဲ့နေရာပေါ့ဗျာ။

ဦးကျော်ကျော်အောင်။             ။သစ်ခိုးထုတ်တဲ့သူတွေကလည်း နောက်ဆုံးအကြိမ်ဖမ်းမိတုန်းကဆိုရင် တရုတ်နိုင်ငံသားချည်းပဲ အယောက် ၁၂ဝ လောက်ရှိတော့ကာ ဘာ့ကြောင့်ဒီလောက်ထိ များများစားစား ဝင်ပြီးတော့ခုတ်နေကြရတာပါလဲ ခင်ဗျာ။

ဦးအောင်နိုင်။              ။ဒါကလည်း ကျနော်တို့ စောစောကပြောသလိုပေါ့၊ ကျနော်တို့ဘက်က မစိုးမိုးနိုင်တဲ့နေရာဆိုတော့လေ အခြေအနေပေါင်းစုံနဲပတော့ သူတို့ကဝင်လို့ရသလောက်တော့ ဝင်လုပ်နေကြတာပေါ့ဗျ၊ အဲ့ဘက်ကတွေကလေ။

ဦးကျော်ကျော်အောင်။             ။ကျနော်တို့ကြားရတာ သစ်တင်မကဘူး၊ ဖားကန့်တို့ဘာတို့ ဘက်တွေမှာလည်း တရုတ်နိုင်ငံသားတွေ တရားမဝင်ကျောက်တွေလာတူးကြတယ်၊ ဝင်ရောက်ကျူးကျော်ပြီးတော့ နေထိုင်ကြတယ် ဆိုတာလည်း ကြားရတယ်၊ ဝန်ကြီးတို့ရော ဒီအခြေအနေတွေ ဘယ်လောက်ထိ သိထားပါသလဲခင်ဗျာ။

ဦးအောင်နိုင်။              ။ဖားကန့်ဘက်ဆိုတာက ဟိုလိုကြီးတော့များလာတာ မဟုတ်ပါဘူး၊ ကျနော်တို့တွေ လမ်းခင်းနေတယ်၊ အခုမြစ်ကြီးနားနဲ့ ဖားကန့် လမ်းခင်းနေတာလေ၊ အဲ့ဒီကုမ္ပဏီတစ်ခုက လမ်းခင်းနေတယ်လို့ လုပ်ငန်းလေးရှိတယ်၊ အဲ့မှာတရုတ်လုပ်သားတွေကို တရားဝင်ပေါ့ဗျာ တရားဝင်သွင်းလာပြီးမှ ကျနော်တို့ဒီမှာ အလုပ်လုပ်နေတဲ့အဖွဲ့တွေလောက်ပဲရှိတယ်၊ ဟိုဘက်မှာတော့ သိပ်ကြီးကြီးမားမားမရှိပါဘူး။

ဦးကျော်ကျော်အောင်။             ။သစ်တွေခိုးထုတ်တဲ့နေရာမှာလည်း အမြစ်တွေပါမချန်၊ ငုတ်တိုတွေပါမချန် ခိုးထုတ်နေတယ်ဆိုပြီးတော့ ကျနော်တို့ကြားရတာရှိတယ်၊ အဲ့ဒါဘယ်ဘက်တွေမှာပါလည်းခင်ဗျ။

ဦးအောင်နိုင်။              ။အဲ့ဒါတွေကလည်း ခုနက ကျနော်ပြောခဲ့တဲ့ နယ်စပ်နဲ့နီးတဲ့လုံခြုံရေးမကောင်း တဲ့ ဒေသတွေပဲများပါတယ်ဗျ။

ဦးကျော်ကျော်အောင်။             ။သစ်တောတွေ လျော့ပါးသွားတာ ပြုန်းတီးသွားတာ အခြေအနေတွေပေါ့ ဝန်ကြီးရယ်၊ ဝန်ကြီးတို့ဆီမှာလည်း ကိန်းဂဏန်းတွေရှိမှာပေါ့နော်၊ ဘယ်လောက်ထိများ အခြေအနေတွေ ဘယ်လိုတွေရှိနေတယ်ဆိုတာ သိပါရစေခင်ဗျာ။

ဦးအောင်နိုင်။              ။အဲ့လိုကိန်းဂဏန်းနဲ့ပြောဖို့တော့ နည်းနည်းတော့ခက်တာပေါ့ အစ်ကိုရာ၊ ဒါကကျတော့လည်းလေပေါ့နော်၊ ကျနော်တို့ တစ်နိုငံလုံးရဲ့ဂူဂဲလ်မြေပုံနဲ့ကြည့်ပြီးမှ ရာခိုင်နှုန်းတွက်ရင်လည်း တွက်လာနိုင်ရင်တော့လည်း တစ်မျိုးပေါ့နော်၊ ကျနော်တို့ ပြည်နယ်အဆင့်လောက်အနေနဲ့တော့လည်း ပြောရ ခက်တာပေါ့ အစ်ကိုရေ။

ဦးကျော်ကျော်အောင်။             ။ကချင်ပြည်နယ်မှာ သစ်တောတွေပြုန်းတီးမှုတွေ၊ သစ်ခိုးထုတ်မှုတွေ လျော့ ပါးအောင် ဝန်ကြီးတို့အနေနဲ့ကော ဘယ်လိုအစီအမံတွေနဲ့ ချမှတ်ဆောင်ရွက်နေတာ ရှိပါလဲခင်ဗျ။

ဦးအောင်နိုင်။              ။ကျနော်တို့က အခုလို မစိုးမိုးနိုင်တဲ့နေရာမှာဖြစ်နေတာတွေကတော့ ကျနော်တို့ တပ်မတော်စစ်ကြောင်းတို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ဒီကသစ်တောပေါ့၊ တာဝန်ရှိတဲ့ ဒါအုပ်ချုပ်ရေးယန္တရား အဆင့်ဆင့်နဲ့တော့ တက်နိုင်သလောက်တော့ ကျနော်တို့ ပူးပေါင်းမှ၊ တားဆီးတာတို့ ဟန့်တားတာတို့ ဖမ်းဆီးတာတို့ ဆောင်ရွက်နေတာပေါ့နော်၊ ဒါကတော့ ကိုယ်လက်လှမ်းမီတဲ့ ဒေသပေါ့လေ၊ တစ်ဘက်ကလည်း သစ်ပင်စိုက်တဲ့လုပ်ငန်းတွေ လုပ်နေတာလည်း ဒါဌါနအနေမှာလုပ်နေတာတွေလည်း ပြည်သူလူထုနဲ့ပူးပေါင်းပြီးမှ အန်န်ဂျီအိုတွေနဲ့ဆောင်ရွက်နေတဲ့ အကိုင်းတွေလည်း ကျနော်တို့နှစ်စဉ်မှာ ကျနော်တို့ သစ်ပင်စိုက်ပွဲတော်တွေ လည်း လုပ်မှာ၊ လူထုလှုပ်ရှားမှုလုပ်နေတာတွေလည်း ရှိပါတယ်၊ ပညာပေး ဟောပြောပွဲတွေဘာတွေလုပ်မှာ ထိန်းသိမ်းတာတွေလည်းရှိတာပေါ့လေ ဌါနအနေနဲ့။

ဦးကျော်ကျော်အောင်။             ။ဝန်ကြီးရဲ့ သတ္ထုဌါနကိုလည်းကိုင်ထားတော့ အထူးသဖြင့်ပေါ့၊ ကျောက် မျက်တွေရော မှောင်ခိုသမားတွေ တရုတ်နိုင်ငံဘက်ကို ဘယ်လောက်အထိခိုးထုတ်နိုင်တာ ရှိနေပါသလဲခင်ဗျာ။

ဦးအောင်နိုင်။              ။ဒါတွေကတော့ ကျနော်တို့ အတိအကျတော့ပြောလို့မရဘူးပေါ့၊ နည်းနည်းပါးပါးတော့ လည်း မထွက်သင့်တဲ့လမ်းတွေက ထွက်နေတယ်ဆိုတာ ကျနော်တို့ ကြားရသလောက်လည်း ကြားရတယ်၊ ကျနော်တို့ ပြန်ပြီးမှဖမ်းဆီးနေတာတွေလည်းရှိတာပေါ့။

ဦးကျော်ကျော်အောင်။             ။ကိန်းဂဏန်းအားဖြင့်ပေါ့ ဝန်ကြီးရယ် သစ်တွေဆိုရင် တစ်နှစ်ကိုတန်ပေါင်း ဘယ်လောက်လောက် တရားမဝင်လမ်းကြောင်းကနေ ထွက်နေတယ်ဆိုတာကို ဝန်ကြီးတို့ သိထားတာ ရှိလားခင်ဗျ။

ဦးအောင်နိုင်။              ။အဲ့လိုတော့လည်း အတိအကျတော့ မသိပါဘူးခင်ဗျ။

ဦးကျော်ကျော်အောင်။             ။ဟိုတလောကဆိုရင် ဖားကန့်ဘက်မှာ မြေစာပုံတွေပြိုကျလို့ဆိုပြီး အနည်းဆုံး ၄ ယောက်လောက်သေသွားတယ်ဆိုပြီးတော့ ကြားရတယ်ခင်ဗျ၊ ဆိုတော့ ဒီဖားကန့်ကျောက်စိမ်းတွင်း တူးဖော်ရေးလုပ်ကွက်တွေမှာ ဘေးကင်းလုံခြုံမှုနဲ့ ပတ်သက်ပြီးတော့ အာဏာပိုင်တွေဘက်ကဖြစ်စေ၊ ကုမ္ပဏီတွေ ဘက်ကဖြစ်စေ ဘယ်လိုတွေများဆောင်ရွက်နေတာတွေ ရှိနေပါသလဲခင်ဗျာ။

ဦးအောင်နိုင်။              ။လောလောဆယ်ကတော့ ကျနော်တို့ ၉ လပိုင်း ၁ ရက်နေ့ကနေစပြီးမှ ကျနော်တို့ ၂ နှစ်လောက်နားထားတဲ့ လုပ်ကွက်တွေကို ပြန်ဖွင့်ပေးလိုက်တာပေါ့နော်၊ ပြန်ဖွင့်ပေးထားတော့ ဒီမှာဒေသ အာဏာပိုင်တွေနဲ့ တာဝန်ရှိတဲ့ကျောက်မျက်က ပုဂ္ဂိုလ်တွေနဲ့တော့ လုပ်ကွက်လုပ်ငန်းတွေကိုတော့ အဆင့်ဆင့် ကြီးကြပ်ကွပ်ကဲပြီးတော့ အတက်နိုင်ဆုံးတော့ လုံလုံခြုံခြုံဖြစ်အောင်တော့ ဆောင်ရွက်ပေးနေတာတော့ ရှိပါတယ်၊ လောလောဆယ်အထိတော့ အားလုံးတော့ကောင်းကောင်းမွန်မွန် အေးအေးချမ်းချမ်းတော့ လုပ်နေကြပါတယ်ဗျ။

ဦးကျော်ကျော်အောင်။             ။အရေးပေါ်ပေါ့ ဝန်ကြီးရယ် ဥပမာ မြေပြိုတာတို့၊ ကျောက်တွင်းပြိုကျတာတို့ ၊ မြေစာပုံပြိုကျတာတို့ အခြေအနေတွေနဲ့ကြုံလာခဲ့လို့ရှိရင် အရေးပေါ်ကယ်ဆယ်ရေး အသင့်အနေအထားတွေ ဘယ်လိုတွေများပြင်ဆင်ထားတာ ရှိပါသလဲခင်ဗျ။

ဦးအောင်နိုင်။              ။အဲ့ဒါတွေတော့ ဒေသမှာတော့ရှိကြပါတယ်ဗျ၊ ဒေသအာဏာပိုင်နဲ့ လူမှုရေးအသင်း အဖွဲ့ နောက်ကျောက်မျက်လုပ်ငန်းရှင်များအသင်းတွေနဲ့ သူတို့ကျောက်မျက်ဌါနက တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ နှစ်စဉ်မှာ သဘာဝဘေးအန္တရာယ်တွေ ကာကွယ်ရေးတွေပေါ့၊ ရေကြီးတာတို့ မြေပြိုတာတို့ လုပ်တဲ့အဖွဲ့တွေတော့ သူတို့ရှိ ပါတယ်၊ အဲဒီတော့ အားလုံးပေါင်းပြီးမှတော့ ဆောင်ရွက်နေကြတာပေါ့။

ဦးကျော်ကျော်အောင်။             ။ဟုတ်ကဲ့ ဝန်ကြီးကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

ဦးအောင်နိုင်။              ။ဟုတ်ကဲ့ပါဗျာ၊ ဟုတ်ကဲ့ပါဗျ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။