မြန်မာစစ်တပ်ရဲ့ရာဇဝတ်မှု သက်သေစုဆောင်းနေတဲ့ IIMM အကြီးအကဲနဲ့ မေးမြန်းချက်

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.08.19

မြန်မာနိုင်ငံမှာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တဲ့ ရာဇဝတ်မှုတွေ အရေအတွက်အရရော၊ ဆိုးဝါးပြင်းထန်မှုအရရော ပိုများလာနေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား IIMM ရဲ့ အကြီးအကဲ နီကိုလပ်စ် ကုမ်ဂျန် က ပြောပါတယ်။ မြန်မာနိုင်ငံမှာ ဆက်လက် ဖြစ်ပွားနေတဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားတွေ စုဆောင်းနေတဲ့ IIMM ရဲ့ ဆောင်ရွက်ချက်တွေအကြောင်းကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က မေးမြန်းထားပါတယ်။
-----------------
RFA : အခုလို မေးမြန်းခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ IIMM ကနေပြီးတော့ မြန်မာနိုင်ငံမှာ ဆက်ပြီးဖြစ်ပွားနေတဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ အခုနှစ်အတွက် အစီရင်ခံစာ ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။ အခုနှစ်အတွက် ဘာများ ထူးခြားတဲ့ တွေ့ရှိချက်တွေ ရှိပါသလဲ။

ကျွန်တော့် အမြင်အရတော့၊ ဒီနှစ် အစီအရင်ခံစာမှာ မြန်မာနိုင်ငံအတွင်း ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အရေအတွက်အားဖြင့် အများကြီးဖြစ်လာတာ၊ ကျူးလွန်တဲ့ အမှုတွေကလည်း ဆိုးဆိုးဝါးဝါး ကျူးလွန်လာကြတာ၊ ဒီနှစ်ချက်လုံး ဆက်ပြီးတော့ များလာဖို့ရှိနေတဲ့အချက်ဟာ အထူးခြားဆုံး တွေ့ရတာပါပဲ။ မြန်မာနိုင်ငံက အဆိုးဝါးဆုံး နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျုးလွန်တဲ့ အထောက်အထား သက်သေတွေ စုဆောင်းပြုစုဖို့ ကျွန်တော်တို့ အဖွဲ့ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဖွဲ့ပေးထားတာပါ။ စိတ်ထိခိုက်စရာပြောရရင် ဒီလို မှုခင်းတွေ မြန်မာနိုင်ငံထဲမှာ တစ်စထက်တစ်စ ပိုများလာတာတွေ့နေရပါတယ်။ စစ်တပ် အာဏာသိမ်းပြီးကတည်းက အကြမ်းဖက် တိုက်ခိုက်မှုတွေရဲ့ သားကောင် ဖြစ်ရတဲ့ ပြည်သူ အရေအတွက်ကလည်း နှစ်တိုင်း၊ လတိုင်း တိုးလာတာ တွေ့နေရပါတယ်။ အခု အစီရင်ခံစာထဲမှာ ဆိုရင် အရပ်သားပြည်သူတွေရှိတဲ့ နေရာတွေကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့ အမှုတွေအတွက် အထောက်အထားတွေ အကြောင်း ပြောထားပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေ အပါအဝင် ပြည်သူ အမြောက်အများ သေဆုံးဒဏ်ရာရကြပါတယ်။ နောက်ပြီး စစ်တပ်က ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ အရေအတွက်ရော၊ ထိန်းသိမ်းထားစဉ်မှာ နှိပ်စက်ညှဉ်းပန်းခံရတဲ့ အမှု၊ လိင်ပိုင်း အကြမ်းဖက်ခံရတဲ့ အမှုတွေပါ အရေအတွက် တိုးလာနေပါတယ်။ စစ်တပ်က ဝင်ရောက်သွားတဲ့ ဒေသတွေမှာ ရန်သူတပ်သားတွေကိုရော၊ အရပ်သားတွေကိုပါ သတ်ဖြတ်မှုတွေအကြောင်းလည်း ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့က မန္တလေးမြို့တွင်  စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတာကြောင့် ပြည်သူတစ်ဦးအား စစ်ကောင်စီတပ်သားမှ ဖမ်းဆီးထားစဉ်။  ( Photo : AFP )
၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့က မန္တလေးမြို့တွင် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတာကြောင့် ပြည်သူတစ်ဦးအား စစ်ကောင်စီတပ်သားမှ ဖမ်းဆီးထားစဉ်။ ( Photo : AFP )

RFA : အခု IIMM က ရရှိထားတဲ့ အထောက်အထားတွေ့ရှိချက်တွေအရပေါ့။ မြန်မာ စစ်တပ်နဲ့ မြန်မာနိုင်ငံက ပဋိပက္ခတွေရဲ့ လားရာက ဘယ်ကို ဦးတည်နေပါသလဲ။

အကြမ်းဖက် တိုက်ခိုက်မှုတွေ တိုးလာနေပါတယ်။ နိုင်ငံတကာက လက်ခံထားတဲ့ အခြေခံအကျဆုံး ဥပဒေစည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာတော့ပဲ ထင်သလို လုပ်နေတာတွေလည်း ပိုများလာနေပါတယ်။ စစ်ရေး ပဋိပက္ခအတွင်းမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ၊ တစ်ဖက် တိုက်ခိုက်ရေးသမားတွေကိုသာ ဦးတည်တိုက်ခိုက်ခွင့်ရှိပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး မလုပ်ရဘူးဆိုတာ နိုင်ငံတကာက ပြဋ္ဌာန်းလက်ခံထားတဲ့ ဥပဒေပါ။ အခုတော့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ပိုများလာနေပါတယ်။ ဒါက ကျွန်တော်တို့ အစိုးရိမ်ဆုံး ကိစ္စဖြစ်ပါတယ်။ ဒီအတွက် အထောက်အထားတွေ စုဆောင်းနေပါတယ်။

RFA : နောက်ပြီး ဒီနှစ်အတွက် IIMM ရဲ့ အစီရင်ခံစာထဲမှာ မြန်မာစစ်တပ်က ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်က စစ်ဆင်ရေးတွေအတွင်းမှာ ရိုဟင်ဂျာတွေကို လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့အကြောင်း ပြောထားပါတယ်။ ဒီလိင်ပိုင်း ဆိုင်ရာ ရာဇဝတ်မှုတွေဟာ IIMM က စုံစမ်းစစ်ဆေးနေတဲ့ အထဲမှာ အဆိုးဝါးဆုံးပဲ လို့လည်း အစီရင်ခံစာမှာပြောထားပါတယ်။ အဲဒီ အကြောင်း အကျယ်တဝင့် ပြောပြလို့ ရမလား။

ကျွန်တော်တို့အဖွဲ့က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အလေးအနက်ထား စုံစမ်းစစ်ဆေးနေပါတယ်။ အစဉ်အလာအရဆိုရင် စစ်ရေးပဋိပက္ခဖြစ်နေတဲ့အချိန်မှာ လိင်ပိုင်းအကြမ်းဖက်မှုတွေကို ဘယ်သူမှာ အရေးလုပ်ပြီး တိုင်ကြားလေ့မရှိပါဘူး။ ခံရတဲ့သူတွေဘက်ကလည်း တရားရုံးမှာ လာရောက်ထွက်ဆိုတာမျိုး မလုပ်ချင်ကြပါဘူး။ ဒါပေမယ့် ဒီလို အမှုတွေကို စုံစမ်းစစ်ဆေးပြီး အရေးယူဖို့ လိုအပ်ပါတယ်။ ရိုဟင်ဂျာတွေ ပြန်ပြောပြတာတွေကနေ သိရသလောက်တော့၊ ဒီအမှုတွေဟာ ကျွန်တော်တို့ ကြုံဖူးသမျှထဲမှာ အဆိုးဆုံးထဲမှာ ပါပါတယ်။ ဒီလို ဖြစ်လာတာ၊ မြန်မာ စစ်တပ်က ရိုဟင်ဂျာတွေကို လူလို့တောင် မထင်အောင် ဝါဒဖြန့်ချိပြီး သူတို့ရဲ့စစ်သားနဲ့ အခြားသူတွေကိုလည်း သူတို့ကို လူတွေနဲ့တန်းတူ မမြင်အောင် ဇာတ်သွင်း၊ သွေးထိုး ထားတာကြောင့်လို့ ထပ်ပါတယ်။ ဒါကြောင့်လည်း လိင်ပိုင်း အကြမ်းဖက်မှုတွေ အပါအဝင် ဒီလိုရာဇဝတ်မှုတွေ အမြောက်အများ ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

အဓမ္မပြုကျင့်ခံရပြီး လည်ပင်းကို ဓားဖြင့်လှီးခံခဲ့ရကြောင်း ပြန်ပြောပြနေသည့် Roshida Begum အမည်ရှိ ရိုဟင်ဂျာအမျိုးသမီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားတွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။ ( Photo : Allison Joyce/Getty Images )
အဓမ္မပြုကျင့်ခံရပြီး လည်ပင်းကို ဓားဖြင့်လှီးခံခဲ့ရကြောင်း ပြန်ပြောပြနေသည့် Roshida Begum အမည်ရှိ ရိုဟင်ဂျာအမျိုးသမီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားတွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။ ( Photo : Allison Joyce/Getty Images )

RFA : မြန်မာနိုင်ငံက ရာဇဝတ်မှုတွေအတွက် အထောက်အထား စုဆောင်းတဲ့နေရာမှာ၊ IIMM အဖွဲ့က ဘယ်လိုတိုးတက်မှုတွေ ရှိခဲ့တယ်လို့ ထင်ပါသလဲ။

တိုးတက်မှုတွေ အများကြီး ရှိခဲ့ပါတယ်။ ကျွန်တော်တို့ အထောက်အထားဖြစ်နိုင်တဲ့ အချက်အလက် သန်း ၂၀ လောက်အထိ စုဆောင်းထားပါတယ်။ ဒါတွေကို ခွဲခြမ်းစိတ်ဖြာပြီး ရာဇဝတ်မှုတွေနဲ့ သက်ဆိုင်တဲ့ အရာတွေကို သက်သေအထောက်အထား အဖြစ် စုဆောင်းသိမ်းဆည်းနေပါတယ်။ ကျွန်တော်တို့ရဲ့ တွေ့ရှိချက်တွေကို အစီရင်ခံစာ သုံးစောင် ထုတ်ဝေနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ လုပ်နေတာတွေဟာ တာဝန်ရှိသူတွေကို နောင်တစ်ချိန်မှာ အပြစ်ပေးအရေးယူနိုင်ဖို့၊ သူတို့ ကျုးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ထိုက်တန်တဲ့ အပြစ်ပေးအရေးယူ ခံရဖို့ ဖြစ်ပါတယ်။ ဒီလို ဖြစ်လာဖို့ အဝေးကြီး လိုပါသေးတယ်။ နိုင်ငံတကာအဆင့်မှာ တရားမျှတမှုရဖို့ လုပ်ရတာ နှေးကွေးပါတယ်။ ဒါပေမဲ့ အောင်မြင်ခဲ့တဲ့ သာဓကတွေ အများကြီး ရှိပါတယ်။ တစ်ချိန်တုန်းက ဘယ်လိုမှ အရေးယူလို့ မရနိုင်ဘူးလို့ ထင်ထားခဲ့တဲ့ ခေါင်းဆောင်တွေကို ရုံးတင်စစ်ဆေးနိုင်ခဲ့တယ်။ နောက်ဆုံးမှာ ထောင်ဒဏ်တွေ ကျခံရသွားရတယ်။ သူတို့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ပြန်ပေးဆပ်သွားရတာတွေ မြင်ခဲ့ရပြီး ဖြစ်ပါတယ်။

RFA : အခုလို အချိန်ပေး ဖြေကြားခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။

■ ကျေးဇူးတင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။