တိုင်းရင်းသားရေးရာနဲ့ ငြိမ်းချမ်းရေးတာဝန်ခံ ကိုမြအေးနဲ့ မေးမြန်းချက်


2015.01.06

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကိုရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက တိုင်းရင်းသားရေးရာနဲ့ ငြိမ်းချမ်းရေး တာဝန်ခံ ကိုမြအေးကို အာအက်ဖ်အေ သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မေးမြန်းချက်အပြည့်အစုံ

သီဟထွန်း။          ။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့အစည်းနဲ့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG တို့ ဒီနေ့တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်ခင်ဗျာ၊ အဓိက ဘယ်အကြောင်းအရာတွေဆွေးနွေးခဲ့လဲခင်ဗျာ။

 

ကိုမြအေး။           ။ ကျနော်တို့အနေနဲ့က အပစ်ခတ်ရပ်စဲရေး ဖြစ်စဉ်တစ်ခုကို မျှမျှတတဖြတ်သန်းနိုင်တဲ့ အခြေအနေတွေကို ရှာဖွေစေချင်တယ်ဗျာ၊ ကျနော် တို့ရဲ့ဆန္ဒကလေ၊ ကျနော်တို့ဆွေးနွေးမယ့်အချက်မှာ လာမယ့် ၇ ကြိမ်မြောက် UPWC နဲ့ NCCT နဲ့ဆွေးနွေးပွဲမှာ တိုးတက်မှုတွေ တစ်စုံတစ်ရာဖြစ်လာ ဖို့အတွက် ထောက်အကူ ပြုနိုင်မယ့် အချက်အလက်တွေကို ကျနော်တို့ရှာဖွေတဲ့ သဘောပါပဲ၊ ရင်းနှီးနေတဲ့လူ တွေဖြစ်တဲ့ အခါကျတော့ ကျနော် တို့တော်တော်လေးကို ပြောဖြစ် ပါတယ်၊ အဓိက ကတော့သူတို့ဖက်က ဆွေးနွေးတာကတော့ ရန်ကုန်ထိလာပြီး ဆွေးနွေးတယ်ဆိုတည်း က တကယ်ကို ငြိမ်းချမ်းရေးကို လိုလားလို့ဆိုတာကျနော်တို့ သိပြီးပြီလေ၊ နောက်တစ်ခု က ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ တော်တော်ခိုင်ခိုင်မာမာ ဖြစ်ရမယ်ပေါ့ဗျာ၊ ထက်ပြီးတော့မှ ငြိမ်းချမ်းရေးစာချုပ်တွေချုပ်လိုက် တိုက်ပွဲတွေဖြစ်လိုက်ဆိုတဲ့ ပုံစံမျိုးကို သူတို့မသွားချင် တော့ဘူးခင်ဗျ၊ လာမယ့်ဆွေးနွေးပွဲဟာ ၇ ကြိမ်မြောက် UPWC နဲ့ NCCT ဆွေးနွေးပွဲဟာ တိုးတက်မှုတွေရှိလာမယ်ဆိုတာ သူတို့မျှော်လင့်ပါတယ် ဆိုတာလဲပြောတယ်ခင်ဗျ၊

 

သီဟထွန်း။          ။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ သမ္မတ ဦးသိန်းစိန်ကလဲ ပြောထားတယ်ပေါ့နော်၊ အဲ့ဒီအနေအထားကရော ဘယ်လိုများဖြစ်စေချင်လဲခင်ဗျ၊

 

ကိုမြအေး။           ။ ကျနော့် အမြင်ကတော့ဗျာ၊ တော်တော်လေးတော့ နီးလာပြီ လို့ထင်တာပဲလေ၊ နီးလာဖို့လဲ လိုမယ်လို့ ကျနော်ထင်တယ်ဗျ၊ ဘာဖြစ်လို့ လဲဆိုတော့ ၂၀၁၅ ရွေးကောက်ပွဲ အခြေအနေလဲရှိနေတယ်ဗျာ၊ ကျနော်တို့ အနေနဲ့ စိုးရိမ်တာက ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ခုဟာ ပုဂ္ဂိုလ်ရေး ရင်းနှီး ခင်မင် မှုပေါ်မှာလဲ အများကြီးအရေးပါ တယ်လို့ ကျနော်တို့ ယူဆပါတယ်၊ ပုဂ္ဂိုလ်ရေး တစ်ခုခုလွဲမှားရင် ငြိမ်းချမ်းရေးဖြစ်စဉ် တွေ အားလုံးဟာ ကကြီးရေးက ကနေ ပြန်စရတဲ့ အဖြစ်မျိုးဖြစ်တယ်၊ အဲ့တော့ ကျနော်တို့က အဲ့လိုတော့ မဖြစ်ချင်ဘူးဗျာ၊ အဲ့တော့ တိကျခိုင်မာတဲ့ ငြိမ်းချမ်းရေးတစ်ခုကို အနာဂတ်အတွက် ဖက်ဒရယ်ပြည်ထောင်စုတစ်ခုကို ချမှတ် နိုင်ခဲ့မယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ်၊ ဘယ်အခြေအနေပဲရောက်ရောက် ဆက်သွား တော့မှာပဲ၊ အဲ့တော့ အဲ့အခြေ အနေပေါ်မှာ ကျနောတို့က ဆွေးနွေးခြင်း ဖြစ်ပါတယ် ခင်ဗျ၊

 

သီဟထွန်း။          ။ အခုဦးမြအေးတို့ တိုင်းရင်းသားတွေနဲ့ ဒေသခံတွေရဲ့တွေ့ရှိ ချက်တွေကို အစိုးရကို ဘယ်လိုမျိုး ဖော်ထုတ်သွားဖို့ရှိလဲဗျ၊

 

ကိုမြအေး။           ။ ကျနော်ပြောမှာပါ၊ တိုင်းရင်းသားတွေရဲ့အခြေအနေတွေကို ဒီနေရာမှာတော့ ကျနော့်အနေနဲ့ပေါ့ဗျာ၊ တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ကျနော်ရဲ့ ကိုယ်ပိုင်အယူအဆအရဆိုရင် တကယ့်နိုင်ငံရေးလို့ ကျနော်မြင်တယ်ဗျ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်မရှိပဲနဲ့ ဘယ်လိုမှ ဒီမိုကရက်တစ်နိုင်ငံရေးကို မတည်ဆောက်နိုင်ဘူး၊ ဘယ်လို မှလဲ တရားမျှတ လွတ်လပ်တဲ့ နိုင်ငံတစ်ခုလို့လဲ မထင်ဘူးလေ၊ အဲ့တော့ ကျနော်က ငြိမ်းချမ်းရေးအတွက်ကို အလွန် အားသန်ပါတယ်၊ ကျနော်တို့ဖက်ကတော့ အတတ် နိုင်ဆုံး ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ဆုံးဖြတ် လုပ်ပိုင်ခွင့်မရှိပေမယ့်လဲ အတတ်နိုင်ဆုံး နှစ်ဖက်ကြားမှာ အခြေအနေတစ်ရပ်ကို အကောင်းဆုံးဖြစ်အောင် ဖော်ဆောင်နိုင်ဖို့ အတွက် နှစ်ဖက်လုံးကို တွန်းတွန်းတိုက်တိုက် ပြောကြားသွားမှာဖြစ်ပါတယ်၊ အစိုးရဖက် လဲပြောမှာပါ။

 

သီဟထွန်း။          ။ ဒါဆို ကျနော်တို့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေဖက်ကလဲပြောတာရှိတယ်၊ အပစ်အခတ်ရပ်စဲပြီး မခိုင်မာဘူးဆိုရင် အပစ်ခတ်ရပ်စဲရေးဟာ အလကားဖြစ်တယ်ပေါ့နော်၊ အစိုးရဖက်ကလဲ အပစ်အခတ်ရပ်စဲရေးကို အရင်လုပ်ပြီးမှ လက်မှတ်ထိုးမယ်ဆိုတဲ့ အနေ အထားဆိုတော့ အဲ့ကြားထဲမှာ ဘယ်လိုမျိုးညှိနှိုင်းလို့ရမလဲ၊ ဘယ်လိုမြင်လဲ ခင်ဗျ၊

 

ကိုမြအေး။           ။ ဒီလိုဗျ၊ အပစ်အခတ်ရပ်စဲရေးဆိုတာကတော့ မခိုင်မာလို့မရဘူး၊ ခိုင်မာအောင်လုပ်ဖို့တော့ လိုတယ်ဗျ၊ ဒါကတော့ ကျနော်တို့ အစိုးရကို တိုက်တွန်း ရမှာပဲလေ၊ အပစ်အခတ်ရပ်စဲရေးကို ပြီးပြီးရောချုပ်လိုက်တယ်ဗျာ၊ အဲ့လိုချုပ်လိုက်ပြီး တိုက်ပွဲတွေပြန်ဖြစ်လာမယ်၊ အဲ့လိုဆိုရင် တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှုတွေပိုပြီးတော့ လွဲလာမယ်ဗျာ၊ အခုပဲတိုးတက်မှုတွေရှိလာပြီး မထင်မှတ်ပဲနောက်ပြန်ဆုတ်တဲ့ အဖြစ် မျိုးတွေဖြစ်ခဲ့ပြီးပြီဗျာ၊ ကျနော်ကတော့ အဲ့အဖြစ် မျိုးတွေထပ်ပြီးတော့ မဖြစ်စေချင် ဘူးဗျာ၊ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်တဲ့အခါမှာ နှစ်ဖက်လုံး မျှတတဲ့ ဟာမျိုး ဖြစ်စေချင်တယ်ဗျာ၊ ဥပမာ အားဖြင့်ပြော မယ်ဆိုရင် ဒီကြားကာလမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေတည်ရှိမှုကိုလဲ တစ်ဖက်က အသိအမှတ်ပြုပေးဖို့ လိုသလို တည်ရှိမှုကို အနှောက် အယှက်ပေးတာမျိုးကို မလုပ်ဖို့ကိုလဲ ကျနော်အဓိက ညွှန်းချင်ပါတယ်၊ ဒီဖက်ကလဲ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး တကယ့်ကို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆွေးနွေးပွဲတွေပေါ်ပေါက်လာရေး အတွက်ကိုလဲ အာမခံချက်တွေ အစိုးရဖက်ကလဲပေးမယ်၊ ဒီဖက်ကလဲပါဝင်မယ်ဆို ဖြစ်သွားမှာပါ၊ ကျနော်မြင်တာကတော့လေ နီးစပ်တယ်လို့ထင်ပါတယ်၊ အဲ့ဒီအပေါ်မှာ ကျနော်တို့ကတော့ အတတ်နိုင်ဆုံး သဟဇာတဖြစ်တဲ့ တစ်ဖက်ကတစ်ဖက်ကို မစီးပိုးတဲ့ အပစ်အခတ်ရပ်စဲရေး ဖြစ်လာအောင် ကျနော်တို့ တိုက်တွန်းမှာပါ

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။