ရန်ကုန်မြို့မှာပျံ့နှံ့နေတဲ့စိတ်ကြွဆေးအကြောင်း ကိုဝေဠုနဲ့ မေးမြန်းချက်


2014.12.10

နိုင်ငံအန့ှံမှာ မူးယစ်ဆေးဝါးတွေ ပျံ့နှံ့မှု ကြီးမားကျယ်ပြန့်နေရာမှာ ရန်ကုန်မြို့က တချို့ မြို့နယ်တွေမှာလည်း စိတ်ကြွဆေးတွေ ပျံ့နှံ့နေတဲ့အကြောင်း Face Book စာမျက်နှာတွေမှာ ရေးသားသတိပေးနေတာတွေ တွေ့ရပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်က နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဝေဠုကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဝေဠုနဲ့ မေးမြန်းချက်အပြည့်အစုံ

ကိုနေရိန်ကျော်။    ။ ကိုဝေဠုရေ အခုရန်ကုန်တိုင်းထဲမှာပေါ့နော် မြောက်ဥက္ကလာထဲမှာပေါ့ဗျာ မူးယစ်ဆေးဝါးတွေ က တော်တော်ကို ပေါနေတယ်ဆိုတာကို ကိုဝေဠု Face Book တွေပေါ်မှာရေးထားတာ တွေ့လို့ အဲ့ဒါဘယ်လောက်ထိ ဆိုးနေလို့လဲဗျာ။

ကိုဝေဠု။     ။ လက်ရှိအခြေအနေက ကျနော်တို့ဒီမြို့နယ်မှာရှိနေတဲ့ မြို့နယ်သူ၊ မြို့နယ်သားတွေ တော်တော်ကို ဂရုစိုက်ရမယ်ဆိုတဲ့ အခြေအနေဖြစ်လာတယ်ဗျ၊ ကျနော်မြင်တဲ့ အမြင်က ၇တန်း၊ ၈တန်း ဆိုတဲ့ ကလေးတွေကအစ အလွယ်တကူနဲ့ ဝယ်ယူသုံးစွဲလို့ရတဲ့ ငွေကြေးပမာဏနှုန်းနဲ့ ဆေးမျိုးစုံကိုဝယ်နေတယ်၊ ဘယ်လိုနည်မျိုးစုံနဲ့ ဘယ်လို ဝယ်နေတယ်ဆိုတာကိုတော့ မသိဘူး ဒါပေမယ့် ဒီကလေးတွေနဲ့ နီးစပ်တဲ့အခြေအနေကနေ ကျနော်တို့ လေ့လာ ပြီးသိထားတဲ့ အပိုင်းက တစ်ရာဖိုးကို ၅ လုံးလောက်ရတဲ့ေဆေးတွေကအစ ရှိနေတယ်ဆိုတာကို ကျနော်တို့သိထား တယ်၊ ရပ်ကွက်တွေထဲမှာဆိုရင် ကျနော်တို့အရင်တုန်း ကဆိုရင် ဆေးခြောက်ဆိုတဲ့ အဆင့်လောက်ကိုပဲရ ဖို့ တော်တော်လေး ကို ခက်ခဲတယ်၊ အခုတော့ လက်ရှိအခြေအနေက WY လို့ခေါ်တဲ့ စိတ်ကြွမူးယစ်ဆေး ဝါးတွေကို ပဲလှော်ဝယ်လို့ရသလိုမျိုးကို ဖြစ်လာပြီ၊ အဲ့ဒါကနေရာတိုင်းလိုလိုမှာ ကျနော်တို့ကြားသိ၊ မြင်နေရတယ်၊ နောက်ကျနော် သွားလာလှုပ်ရှားနေတဲ့ မြို့နယ်တွေထဲမှာဆိုရင် နောက်ထပ်ဆိုးဆိုးဝါးဝါးဖြစ်နေတာက လှိုင်သာယာ၊ အခုလှိုင်သာယာ မှာ ဖြစ်နေတဲ့ လူတွေရဲ့ လူသတ်မှုတွေဖြစ်တယ်၊ မုဒိန်းမှုတွေဖြစ်တယ်၊ စသည်ဖြင့် ဖြစ်ပြီးသားပြဿနာတွေရဲ့ ဇစ်မြစ် ဟာဆိုရင် သူရဲ့ဆိုးကျိုးတွေပေါ့ဗျာ အဲ့ဒီဆေးပြားလေးတွေ သုံးစွဲပြီးတဲ့အခါကျရင် လူတွေကသူတို့ရဲ့စိတ်တွေကို မထိန်း သိမ်းနိုင်တော့ဘူး၊ အချင်းချင်းရန်လိုလာကြတယ်၊ ပြဿနာ အမျိုးမျိုးကြုံလာကြရတယ်၊ ရပ်ကွက်တွေထဲမှာ အခု ကျနော်တို့ ရပ်ကွက်တွေထဲမှာဆိုရင် တော်တော်ကိုဆိုးနေပြီ၊

ကိုနေရိန်ကျော်။    ။ WY ဆေးပြားတစ်မျိုးထဲလား၊ ဘာအမျိုးတွေ သူတို့က တော်တော်ပေါပေါလောလောဖြန့်လဲ

ကိုဝေဠု။     ။ WY ကိုပဲနာမည်မျိုးစုံ၊ တံဆိပ်မျိုးစုံဖြစ်နေတာဗျ၊ ဘယ်လောက်ထိအောင်ဖြစ်လာလဲဆိုရင် ၁ လုံးကို ၂၅၀၀၊ ၃၀၀၀ ဆိုတဲ့ သာမန်လူဝယ်လို့ရတဲ့ ဈေးနှုန်းမျိုးတွေအဆင့်ထိ ပုံစံအမျိုးမျိုးနဲ့ ဖြန့်ကျက်နေတာပေါ့နော်၊ အဲ့ဒါက တော်တော်ဆိုးလာပြီဗျ၊ တော်တော်ကို့ ဆိုးလာလို့ ကျနော်လဲရေးပြီးတင်လိုက်တာပါ၊ အဲ့ဒီအတွက်လဲ ကျနော့်ကို ခြိမ်းခြောက်မှုတွေနဲ့ ရန်လိုမှုတွေ အဲ့ဒါမျိုးတွေလဲ ဒီရက်ပိုင်းတွေမှာ ကြုံတွေ့ရပါတယ်။

ကိုနေရိန်ကျော်။    ။ ဘယ်သူတွေခြိမ်းခြောက်တာလဲ

ကိုဝေဠု။     ။ အဲနာမည်တွေတော့ မသိဘူးဗျ၊ ဖုန်းတွေနဲ့ ဆက်ပြီးရင် အဲ့ဖုန်းတွေက ပြန်ခေါ်လို့လဲမရဘူး၊

ကိုနေရိန်ကျော်။    ။ ဘယ်လိုခြိမ်းခြောက်တာလဲ

ကိုဝေဠု။     ။ အဓိက ကတော့ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲပေါ့ ဒီကိစ္စ၊ ကိုယ့်အသက်ကို မနှမြောဘူးလား၊ ဆိုတဲ့ဟာမျိုး

ကိုနေရိန်ကျော်။    ။ ဟုတ်ကဲ့၊ အဲ့တော့ ကိုဝေဠု တို့ဘယ်လိုစဉ်းစားလဲဗျ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လေ၊ နဲနဲ ထိထိရောက်ရောက် ကိုင်တွယ်နိုင်မယ့် နည်းလမ်းတွေစဉ်းစားမိလား

ကိုဝေဠု။     ။ အခု ကျနော်ဒီသတင်းကိုတင်တယ်ဆိုရင်ပဲ မြို့နယ်ကလည်းပဲ သူတို့ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အာရုံစိုက်ပြီးတော့လုပ်ဆောင်ဖို့ အသင့်ရှိပါတယ်၊ သူတို့ဘယ်နေရာတွေကို ဖမ်းဆီးအရေးယူရမလဲဆိုပြီး လာရောက်မေးမြန်းပါတယ်၊ ဒါပေမယ့် ကျနော့်အနေနဲ့က ဘယ်နေရာကိုဖမ်းပါ၊ ဘယ်သူ့ကိုအရေးယူပါဆိုတဲ့ ဟာမျိုး၊ ကိုယ်ပြောလိုက်တဲ့ အခြေအနေတစ်ခုမှာ သတင်းပေါက်ကြားပြီးတော့ ဝင်စစ်တဲ့၊ ဝင်ရှာတဲ့ အခြေအနေကျတော့မှ မရှိဘူးဆိုရင် ကိုယ့်ဘက်ကိုပြန်လှည့်လာမယ်၊ သို့မဟုတ် ဒါဟာသူပြောတာပါဆိုပြီး ပြန်လည်ရန်တိုက်ပေးတဲ့ အခြေအနေတွေမျိုးတွေ ဒါတွေဟာမဖြစ်လာနိုင်ဘူးလို့ မပြောနိုင်ဘူးလေ အဲ့တော့ ကျနော်အနေနဲ့ သက်ဆိုင်ရာက ကိုင်တွယ်ရမယ့် ကိစ္စဖြစ်နေတာဖြစ်တဲ့အတွက် ဘယ်အခြေအနေကနေ ဘယ်လိုပုံစံတွေဖြစ်နေတယ်ဆိုတာကိုတော့ ကိုယ်တိုင်သတင်းရယူတာပိုကောင်းပါတယ် ဆိုပြီးပြောပြလိုက်ပါတယ်၊

ကိုနေရိန်ကျော်။    ။ လွှတ်တော်ကိုယ်စားလှယ်တွေ ဘာတွေရော စာတွေဘာတွေရေးပြီးတင်ပြတာမျိုးတွေ လုပ်လိုက်သေးလား

ကိုဝေဠု။     ။ ဟုတ်ကဲ့အခု ကျနော် လွှတ်တော်ထဲမှာ ရှိနေတဲ့ မိတ်ဆွေ သူငယ်ချင်းတစ်ယောက်ကိုတော့ message box ကနေ၊ တရားဝင်နည်းနဲ့ အရ စာတွေဘာတွေ ရေးသားတင်ပို့တာမဟုတ်ဘူး၊ ဒါပေမယ့် ဒီအခြေအနေမျိုးတွေရှိနေတယ်၊ ကျွနု်ပ်တို့ တစ်ခုခုတော့ပြောင်းလဲ ပြင်ဆင်ဖို့ လိုတယ်ဆိုတဲ့ ဟာမျိုးတော့ ကျနော်တို့လှမ်းပြီးဆွေးနွေးတာတော့ရှိပါတယ်။

ကိုနေရိန်ကျော်။    ။ ဟုတ်ကဲ့၊ ဟုတ်ကဲ့ ကျေးဇူးပဲနော် ကိုဝေဠု။

ကိုဝေဠု။     ။ ဟုတ်ကဲ့၊ ဟုတ်ကဲ့။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။