ဒေါ်ခင်ဝင်းရဲ့ သမီးကြီးနဲ့ RFA ဆက်သွယ်မေးမြန်းချက်


2014.12.27

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ တောင်သူ ဒေါ်ခင်ဝင်းရဲ့ မိသားစုကို တရုတ်ဝမ်ပေါင် ကုမ္ပဏီ က မြန်မာငွေ ကျပ်သိန်း ၂၀၀ ကူညီထောက်ပံ့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒေါ်ခင်ဝင်းရဲ့ သမီးကြီးဖြစ်သူ မဝင်းခိုင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မဝင်းခိုင်နဲ့ မေးမြန်းချက်အပြည့်အစုံ

ကိုကျော်ကျော်အောင်။    ။ ဒေါ်ခင်ဝင်းသေဆုံးမှုအတွက် ဝမ်ပေါင်ကုမ္ပဏီဘက်က မိသားစုကို ငွေကြေးကူညီမယ်လို့ ကြားရပါတယ်ခင်ဗျ၊ အဲ့ဒါတိုက်ရိုက် ကမ်းလှမ်းတာရော ရှိပြီလားခင်ဗျ၊

မဝင်းခိုင်။    ။ မရှိသေးပါဘူးရှင့်၊ သူတို့ကပေးခဲ့မယ် ဆိုရင်လဲကျမရဲ့ အမေအသက် တစ်ချောင်းကို ဘာနဲ့မှအစားမထိုးနိုင်ပါဘူးရှင့်၊ ကျမငွေလဲမမက်ပါဘူးရှင့်၊

ကိုကျော်ကျော်အောင်။    ။ မဝင်းခိုင်တို့ မိခင်ကြီးမရှိတော့တဲ့ နောက်ပိုင်းဘယ်လိုများ ရပ်တည်နေလဲဆိုတာ သိခွင့်ရမလားဗျ။

မဝင်းခိုင်။    ။ ကျမတို့အမေမရှိတော့တဲ့နောက်ပိုင်း ကြေကွဲဝမ်းနည်းရတယ်ရှင့်၊ အခုအလုပ်မှန်းမသိ၊ အကိုင်မှန်းမသိ မစားနိုင်မသောက်နိုင်ဖြစ်နေရပါတယ်၊ ရင်ထဲပူဆွေးနေရပါတယ်ရှင့်၊

ကိုကျော်ကျော်အောင်။    ။ မိသားစုစီးပွားရေးပေါ့နော်၊ ဘာတွေများလုပ်ကိုင် စားသောက်ရလဲဆိုတာ သိပါ့ရစေလားခင်ဗျာ၊

မဝင်းခိုင်။    ။ ကျမတို့အမေ ဒေါ်ခင်ဝင်းကဒီရွာမှာနေပြီး တောင်သူပဲလုပ်ပါတယ်ရှင်၊

ကိုကျော်ကျော်အောင်။    ။ ဒီရက်ပိုင်းမှာ အာဏာပိုင်တွေဘက်က အစိုးရဘက်ကနေပြီး ကူညီထောက်ပံ့ဖို့ ဒါမှမဟုတ် တစ်ခုခု ကမ်းလှမ်းတာများရှိလား၊ ဘာတွေများကူညီထားတာရှိလဲ။

မဝင်းခိုင်။    ။ အခုချိန်ထိ ဘာမှမကူညီပါဘူးရှင့်၊ ဘာအကြောင်းမှလဲ လာမပြောသေးပါဘူးရှင့်။

ကိုကျော်ကျော်အောင်။    ။ ဒေါ်ခင်ဝင်းက ဆန္ဒပြတဲ့ထဲမှာမပါဘူး၊ ဘေးကနေရပ်ကြည့်နေတာလို့ အစိုးရဖက်ကပြောတယ်ခင်ဗျ၊ မဝင်းခိုင်တို့ သိသလောက်ပေါ့၊ အဲ့နေ့က ဒေါ်ခင်ဝင်းက ဘယ်လိုပုံစံမျိုးနဲ့ ပါဝင်ခဲ့တယ်ဆိုတာလေး သိပါရစေလားခင်ဗျာ။

မဝင်းခိုင်။    ။ ကျမတို့အမေက ဒီရွာမှာပဲနေပြီး၊ ကျမတို့မြေကလဲ ၇ ဧကလောက်ပါပါတယ်ရှင်၊ သူတို့က ပြောင်းခင်း၊ ပဲစင်းငုံခင်းတွေထဲ စက်ယန္တရားကြီးမောင်း ပြီးတော့ သံဇကာတွေခတ်နေတဲ့အခါမှာ ကျမရဲ့အမေကလဲ သွားကြည့်တော့ သူတို့ကလဲပစ်ခတ်နေတော့ ကျမအမေကိုမှန်သွားတာပါရှင့်။

ကိုကျော်ကျော်အောင်။    ။ မှန်သွားတဲ့ကျည်ဆန်ကလဲ အစစ်မဟုတ်ဘူး၊ ရော်ဘာကျည်ဆန်အတုလို့ပြောနေတယ် အစိုးရဖက်က အဲ့ဒါရော ဘယ်လိုသဲလွန်စ ရှိလဲ၊ ဘယ်လိုကျည်ဆန်လဲ။

မဝင်းခိုင်။    ။ ရော်ဘာကျည်ဆန်တော့ မဟုတ်ပါဘူးရှင်၊ ကျမတို့ဆီမှာ ရော်ဘာ ကျည်ဆန်မှန်လို့ ဒဏ်ရာရတဲ့သူ ၁၅ ယောက်လောက် ရှိပါတယ်၊ ရော်ဘာ ကျည်ဆန်က ဒဏ်ရာလောက်ပဲရတာပါ၊ သေတဲ့လက်နက်နဲ့ ပစ်လို့ကျမအမေက ဦးခွံလန်ပြီး အဲ့နား မှာတင်သေသွားတာပါရှင့်၊ သက်သေလဲပြနိုင်ပါတယ်ရှင့်၊ တစ်ရွာလုံးကလဲ အထောက် အထားနဲ့ပြနိုင်ပါတယ်ရှင့်၊ ဒေါ်ခင်ဝင်းကျဆုံးတဲ့နေရာမှာလဲ ထန်းပင်ကိုကျည်ဆန်က ဟိုဖက်ဒီဖက်ပေါက်သွားပါတယ်ရှင့်၊ ကျည် ဆန်ခွံတွေလဲရပါတယ်ရှင့်၊ အခုဒီနေ့မှာလဲ တွေ့ပါတယ်ရှင့်၊ ဒေါ်ခင်ဝင်းဈာပနာ မလုပ်ခင် ပထမရက်မှာလဲ ဗိုလ်မှူးမြင့်မျိုးဆွေ ရွာမှာ ရောက်လာ လို့ ဒေါ်ခင်ဝင်း ကျဆုံးတဲ့နေရာမှာ သွားကြည့်လို့ ကျည်ဆန်ခွံတွေလဲတွေ့ သွားပါတယ်ရှင်၊ ဗိုလ်မှူးမြင့်မျိုးဆွေဆီမှာလဲ ကျည်ဆန်ခွံပါသွားပါတယ်ရှင့်။

ကိုကျော်ကျော်အောင်။    ။ မိသားစုအနေနဲ့ပေါ့ဗျာ၊ ဘာတွေများဆက်လုပ်ဖို့ အစီအစဉ်ရှိလဲဗျ၊ ဒေါ်ခင်ဝင်းခုလို ပစ်သတ်ခံရတဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး တော့ပေါ့လေ။

မဝင်းခိုင်။    ။ ကျမအမေသေဆုံးတာနဲ့ ပတ်သက်ပြီးတော့ ကျမတို့ကတော့ တရားဥပဒေအတိုင်း ဆောင်ရွက်ချင်တယ်၊ ကျမတို့ငွေလဲမမက်ဘူးရှင့်၊ ကျမအမေ ကို ငွေနဲ့လဲမလဲနိုင်ဘူးရှင့်၊ ကျမအမေအသက်နဲ့သာပြန်ပြီးတော့ လုပ်ရမယ်ဆိုရင် အဲ့ဒီဝမ်ပေါင်တွေကို ကျမအမေအတိုင်းပြန်ပြီးတော့ဖြစ်စေချင်တယ်ရှင့်၊ ကျမ တို့ငွေကို လုံးဝမမက်ဘူးရှင့်။

ကိုကျော်ကျော်အောင်။    ။ အခုမြေ ၇ ဧကခွဲပါသွားတယ်ဆိုတော့ ဘယ်လိုတွေများ ရပ်တည်ကြမလဲ ခင်ဗျ။

မဝင်းခိုင်။    ။ ကျမတို့ဘဝတွေရှေ့ဆက်ပြီးတော့ ဘယ်လိုတွေးပြီး၊ ဘယ်လိုမှန်းဆရ မှန်းကိုမသိဘူးရှင့်၊ မြေယာတွေမရှိတဲ့အခါမှာ ဘယ်လိုလုပ်ကိုင်ပြီး၊ ဘယ်လိုစားသောက်ရမယ်ဆိုတာ အမေသေလို့ပူနေတာနဲ့ ရှေ့ကိုမစဉ်းစားရသေးပါဘူးရှင့်။

ကိုကျော်ကျော်အောင်။    ။ အခုအဲ့ဒီဒေသမှာ လိပ်ခွံတောင်အနောက်ဖက်မှာ မိုးကြိုးပြင်အလယ်ဖက်မှာ ဒေါ်ခင်ဝင်းတို့ မိသားစု အပြင်ပေါ့နော်၊ မြေယာတွေ ဆုံးရှုံးလို့ ရပ်တည်ရခက်နေတဲ့ မိသားစုတွေတော်တော်များလားဗျ။

မဝင်းခိုင်။    ။ တော်တော်များပါတယ်ရှင့်၊ အခုလောလောဆယ် ဒုက္ခရောက်နေတာက ပဲစင်းငုံတွေ ရိတ်ချိန်ဆဲဆဲ၊ ပြောင်းတွေရိတ်ချိန်ဆဲဆဲ အခုတောင်သူ လယ်သမားတွေ ငုတ်တုတ်မေ့ပြီးတော့ နွားတွေကိုလဲ အစာမကျွေးနိုင်ပါဘူးရှင့်၊

ကိုကျော်ကျော်အောင်။    ။ ကျနော်တို့ သိရသလောက်က ဒေါ်ခင်ဝင်းတို့ မိသားစုက လယ်ယာလျော်ကြေးငွေကိုလဲ မယူထားဘူးလို့သိရပါတယ်၊ အဲ့ဒါဘာလို့ အယူထား တာပါလဲခင်ဗျာ။

မဝင်းခိုင်။    ။ ကျမတို့ ဘိုးဘွားလက်ထက်တည်းက နှစ်စဉ်နှစ်တိုင်းလုပ်ကိုင် စားသောက်နေတဲ့ လယ်ယာမြေမို့လို့ မယူတာပါရှင့်၊ တိုင်းတစ်ပါးကနေ စီးပွားရေး လာလုပ်တဲ့ တရုတ်တွေကြောင့် ကျမတို့ လယ်ယာမြေတွေကို အပျက်အဆီးမခံနိုင်ပါဘူးရှင့်။

ကိုကျော်ကျော်အောင်။    ။ မယူတဲ့သူ တော်တော်များလားဗျ။

မဝင်းခိုင်။    ။ တော်တော်များပါတယ်ရှင့်၊ တချို့ယူတဲ့သူတွေကတော့ ဧကနည်းတဲ့သူတွေ၊ နောက်အစိုးရ ရဲ့အာဏာကိုကြောက်တဲ့သူလောက်ပဲယူတာ ပါရှင့်၊ တောင်သူအယောက် ၇၀ ရှိရင် ၁၅ ယောက်လောက်ပဲယူကြတာပါရှင့်၊ ကျန်တဲ့ ယောက် ၆၀ လောက်က မယူကြပါဘူးရှင့်။

ကိုကျော်ကျော်အောင်။    ။ ယူတဲ့သူတွေ ၁ ဧကကို ဘယ်လောက်များရကြပါလဲဗျ၊ သူတို့ရှေ့ဆက်အသက်မွေးကျောင်းပြုဖို့လုံလောက်ရဲ့လားဗျ။

မဝင်းခိုင်။    ။ မလုံလောက်ပါဘူးရှင့်၊ ၁ ဧကကို ၃ နှစ်စာသီးနှံ လျော်ကြေးပေးပြီးတဲ့နောက်မှာ ၁၀ သိန်းပေးပါတယ်ရှင့်၊ ၁၀ သိန်းပေးပြီးတော့ နောက်တစ်ခါ ၈ သိန်းပေးပါတယ်ရှင့်၊ အစားစားခွဲပေးပါတယ်ရှင့်၊ အခုနောက်ဆုံး ဘဏ်စာအုပ်တွေ ဘာတွေလုပ်တယ်ဆိုတာကလဲ ဧကဘယ်လောက်ပဲရှိရှိ ၁၀ သိန်းပေးပြီး အကုန်လုံးသတ်မှတ်ချက်ချထားပါတယ်ရှင့်၊ နည်းနည်းများများ၊ အဲ့ဒါကြောင့်ကျမတို့ကတော့ ကိုယ့်မြေကိုယ့်ယာကလွဲပြီး ဘာမှမယူချင်ပါဘူးရှင့်။

ကိုကျော်ကျော်အောင်။    ။ အစိုးရဖက်ကရော မဝင်းခိုင်တို့တင်ပြသလို လိုက်လျောပြီး ကျေနပ်အောင်လုပ်ဆောင်ပေးမယ့် အရိပ်အယောင် လက္ခဏာ မျိုးရောတွေ့ရလားခင်ဗျ။

မဝင်းခိုင်။    ။ မတွေ့ရသေးပါဘူးရှင့်၊ အခုချိန်ထိလူထုကျေနပ်အောင် ညှိနှိုင်းမပေး၊ လူထုကျေနပ်အောင်လဲ အကောင်အထည်ဖော်ပေးတာတွေလဲ ဘာမှ မလုပ်သေးပါဘူးရှင့်၊

ကိုကျော်ကျော်အောင်။    ။ ဒေါ်ခင်ဝင်းဆုံးပါးသွားပြီးတဲ့နောက်ပိုင်းမှာ ဘာတွေများပြောသံ၊ ဆိုသံကြားရသေးလဲဗျ၊ ရပ်ထဲရွာထဲမှာ။

မဝင်းခိုင်။    ။ ဒေါ်ခင်ဝင်းသေဆုံးတာနဲ့ ရွာသူရွာသားတွေက ယုံလဲမယုံပါဘူးရှင့်၊ မစားနိုင်မသောက်နိုင်နဲ့ နေ့မှန်းမသိ၊ ညမှန်းမသိ စိတ်ညစ်ပြီး ပူဆွေးပြီးဘာမှန်းကို မသိပါဘူးရှင့်၊ ထွေပြားပြီးတော့။

ကိုကျော်ကျော်အောင်။    ။ ဟုတ်ကဲ့ မဝင်းခိုင်ရေ အခုလိုဖြေကြားပေးတာ ကျေးဇူး တင်ပါတယ်ခင်ဗျာ။

 

 

 

 

 

 

 

 

 

 

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။