Covid-19 ကာကွယ်ထိန်းချုပ်ရေး အစိုးရနဲ့ ပြည်သူပူးပေါင်းဖို့ အဓိကကျတယ်လို့ဆို
2021.06.30
လက်ရှိဖြစ်ပွားနေတဲ့ Covid-19 တတိယလှိုင်းကို စစ်ကောင်စီက ထိန်းချုပ်ဖို့ခက်ခဲနေပြီး သူ့အာဏာ တည်မြဲရေးကိုပဲ အာရုံစိုက်နေတယ်လို့ ယူဆကြောင်း အမည်မဖော်လိုတဲ့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဆရာဝန်ကြီးတစ်ဦးက သုံးသပ်ပြောပါတယ်။
ကာကွယ်ထိန်းချုပ်ရေးအပိုင်းမှာ အစိုးရရဲ့ စီမံခန့်ခွဲမှုက အဓိကကျပြီး ကျန်းမာရေးဝန်ထမ်းတွေ အာဏာဖီဆန်ရေး CDM လုပ်နေလို့ ထိန်းချုပ်ဖို့ ခက်ခဲတယ်ဆိုပြီး ယူဆနေကြတာတွေဟာ အဓိကမကျဘူးလို့လည်း ပြောပါတယ်။
ကာကွယ်ထိန်းချုပ်ရေးပိုင်းမှာ အစိုးရက ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး ပြည်သူလူထုကပါ ပူးပေါင်းပါဝင်နိုင်ဖို့ အစိုးရရဲ့ စီမံခန့်ခွဲရေးပိုင်းက အဓိကကျတယ်လို့ ပြောပါတယ်။