နိုင်ငံရေးခေါင်းဆောင်တွေ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဦးဇိုဇမ် ကို မေးမြန်းချက်
2015.01.13
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လွှတ်တော် ဥက္ကဌတွေနဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေ တိုင်းရင်းသား ရေးရာဝန်ကြီးတွေ စုစုပေါင်း ၄၈ ဦးရဲ့ တွေ့ဆုံ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးဇိုဇမ်ကို RFA သတင်းထောက် မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဥက္ကဌ ဦးဇိုဇမ်မေးမြန်းချက်အပြည့်အစုံ
ဝေယံမိုးမြင့်။ ။ ဒီနေ့တွေ့ဆုံပွဲမှာ သမ္မတနဲ့ ကာချုပ်တို့က ဘာတွေကိုအဓိကထား ပြောဆိုဆွေးနွေးခဲ့ပါသလဲရှင့်။
ဦးဇိုဇမ်။ ။ သူတို့ကတော့ သူတို့ပေးထားတဲ့ခေါင်းစဉ် ၃ ခုပေါ်မှာမူတည်ပြီးတော့ ပြောဆိုဆွေးနွေးပါတယ်၊ သူတို့ဖြစ်ချင်တဲ့ ပုံစံလေးတွေပေါ့၊ အဓိကကတော့ ငြိမ်းချမ်းရေးစာချုပ် အမြန်ဆုံးရေးထိုးနိုင်ဖို့ကိစ္စ ပြီးတော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံးကျင်းပနိုင်ဖို့ကိစ္စ နောက်တစ်ခုက အခြေခံဥပဒေပြင်ဆင်နိုင်ဖို့ ကိစ္စ ချောချောမောမောနဲ့ ပြသနာမတတ်အောင် လုပ်နိုင်ဖို့ ၂၀၁၅ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ဖို့ကိစ္စ အဲ့ဒီကိစ္စတွေပါပဲ။
ဝေယံမိုးမြင့်။ ။ ဒီနေ့တက်ရောက်တဲ့သူတွေကို တစ်ဦးကို ၁၀ မိနစ်စီတင်ပြဆွေးနွေးခွင့်ပြုတယ်လို့ သိရပါတယ်၊ ဆရာကရော ဘာတွေဆွေးနွေးခဲ့ပါသလဲရှင့်။
ဦးဇိုဇမ်။ ။ ကျွန်တော်ကအဓီက ဒီငြိမ်းချမ်းရေးမှာ အမြန်ဆုံးသဘောတူညီမှုတစ်ခု အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုလုပ်ဖို့ အရေးကြီးတယ် နောက်ပြီးတော့အဲ့ဒါပြီးတာနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတစ်ခု ကိုကြိုတင်ပြင်ဆင်ထားတဲ့သူတွေလဲရှိတာပေါ့လေ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲဆိုတာ အဓိက အမြန်ဆုံးလုပ်ဖို့လိုတယ် ဘာဖြစ်လို့လဲဆိုတော့ အပစ်ရပ်ရေး သဘောတူညီချက်ရထားတဲ့ အဖွဲ့ ၁၂ ဖွဲ့ ၁၃ ဖွဲ့လောက်ရှိတယ်။ ဒီအဖွဲ့တွေက ၃ နှစ် ၄ နှစ်ထဲဝင်ပြီ သူတို့ လက်မှတ်ထိုးထားတာလေ။ ဒီလူတွေကလဲ သွေးအေးကုန်မယ် ဆိုတော့ သွေးမအေးခင် ပူပူ နွေးနွေးဖြစ်တုန်း နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲအခြေအနေတစ်ခုကို အမြန်ဆုံးဖန်တီးပေးဖို့လိုတယ်လို့ ကျွန်တော်ပြောပါတယ်။ နောက်အဓိကအရေးကြီးတာက IDPD စစ်ဘေးရှောင်တဲ့ ပြည်သူတွေက တအားဒုက္ခရောက်နေပြီ နိုင်ငံခြားအကူအညီကလဲ အခုနောက်ပိုင်းမှာ လုံးဝရပ်စဲသလောက်ဖြစ်သွား တယ်။ ကျွန်တော်တို့အစိုးရ အနေနဲ့ကလဲ ဘာမှဟုတ်တိပတ်တိမကူညီနိုင်ဘူးလေ။ ဒီ IDPD က တစ်ဖြည်းဖြည်းကိုအခြေအနေ ဆိုးဝါးလာတာကို တွေ့ရတယ် နော် အဲ့ဒါကကျွန်တော်တို့က ဒီအတိုင်းကြည့်နေလို့တော့ မဖြစ်ဘူး အဲ့ဒါကြောင့် ဒီငြိမ်းချမ်းရေးဟာ ဘယ်သူ့အတွက် မရှိမဖြစ်လို အပ်နေပြီလဲဆိုတော့ IDPD သူတို့ဘဝတွေက ဒီအတိုင်းကြည့်နေမယ်ဆိုရင် မတရားဘူးပေါ့ IDPD တွေရဲ့ကိစ္စကို စိတ်ထဲမှာ ကိုယ်ချင်းစာတရားထားကြပါလို့ ကျွန်တော်ပြောထားပါတယ်။
ဝေယံမိုးမြင့်။ ။ ဒီနေ့တွေ့ဆုံဆွေးနွေးဖို့အတွက် သမ္မတကပေးထားတဲ့ ခေါင်းစဉ် ၃ခုမှာ ဘယ်အကြောင်းအရာကို အတိုက်အခံပြောဆိုဆွေးနွေးခဲ့ရပါသလဲရှင့်။
ဦးဇိုဇမ်။ ။ ဒီခေါင်းစဉ် ၃ ခုမှာ ကျနော်တို့ သဘောထားကွဲပြားတာတော့ မရှိသလောက်ပါပဲ အနည်းအကျဉ်းလောက်ပဲကွဲတာပါ။ အားလုံးနီးပါးက အပြုသဘောနဲ့ သူပေးထားတဲ့ခေါင်းစဉ် ၃ ခုအပေါ်မှာ သူတို့က ဝိုင်းပြီးတော့မှ ဆန္ဒဖော်ထုတ်ပြီးတော့ ဒီဟာတွေကို လွတ်လွတ်လပ်လပ်နဲ့ ကျွန်တော်တို့က ပြောဆိုနိုင်ခဲ့ပါတယ်။
ဝေယံမိုးမြင့်။ ။ ဒီတစ်ခါတွေ့ဆုံမှုဟာ ပထမအကြိမ် သမ္မတခေါ်ယူတွေ့ဆုံမှုတွေနဲ့ နှိုင်းယှဉ်ရင် ဘာတွေများ ထူးခြားဆွေးနွေးဖြစ်ခဲ့ပါသလဲရှင့်။
ဦးဇိုဇမ်။ ။ ထူးခြားတာပေါ့ဗျာ ထူးခြားတာပေါ့ ပထမ သမ္မတ တွေ့ခဲ့တဲ့ အချိန်အခါတုန်းက ဘာခေါင်းစဉ်မှ မရှိဘူးလေ ဘာအကြောင်းအရာမှမရှိဘူးလေ ဒါတကယ့်အစမှ အစတွေ့တဲ့ သဘောပါပဲ ဆိုတော့အခုဟာက သမ္မတကိုယ်တိုင်က ခေါင်းစဉ်ပေးထားတယ် ဆွေးနွေးဖို့ အချက် ၃ ချက်နဲ့ ပေးထားတယ် ဒီလို ခေါင်းစဉ်ပါတဲ့ဆွေးနွေးပွဲက ခေါင်းစဉ်မပါတဲ့ ဆွေးနွေးပွဲနဲ့တော့ တော်တော် ကွာပါတယ်။ ကျွန်တော်တို့ ၁၀ မိနစ်လို့သာပြောတာ ၁၀ မိနစ်ထက် အများကြီး အချိန်တွေပေး ပါတယ်အားရပါးရ ဆွေးနွေးနိုင်တဲ့ အခြေအနေတစ်ခု ကျနော်ရလိုက်ပါတယ်။ အဲ့ဒီအတွက်လဲ ကျွန်တော် ကျေနပ်ပါတယ်။
ဝေယံမိုးမြင့်။ ။ ဒီနေ့ဆွေးနွေးပွဲကနေပြီးတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြောင်းလဲမှုတွေကရော ဘယ်လောက်ထိ ပြောင်းလဲနိုင်မလဲရှင့်။
ဦးဇိုဇမ်။ ။ ကျွန်တော် ဒီဟာကတော့ အကောင်းမြင်ပါတယ်။ အများကြီးအကျိုးဖြစ်ထွန်းမှာပါလို့ ကျွန်တော် အဲ့လိုပဲ ပြောချင်ပါတယ်။ ပြုပြင်ပြောင်းလဲဖို့ဆိုတာက ၁၀၀ မှာ ၁၀၀ ရာခိုင်နှုန်းအောင်မြင် ဖို့ဆိုတာက လွယ်တဲ့ကိစ္စမဟုတ်ဘူးလေ ကျွန်တော်ထင်ပါတယ် ၃ ပုံ ၂ ပုံ တစ်ဝက်လောက်ကတော့ အများကြီး အထောက်အကူပြုလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒီလိုတွေ့ဆုံဆွေးနွေးပွဲမျိုးက ဒါအရေးကြီးပါတယ်။ ဒါလူပေါ်မှာမူတည်တဲ့ ဟာမျိုး မဖြစ်သင့်ဘူး ကျွန်တော်တို့ မူလို့ခေါ်တဲ့ ပေါ်လစီ ပေါ်လစီပေါ်မှာမူတည်တဲ့ ကျွန်တော်တို့ ခေါင်းစဉ်မျိုးချတဲ့ ဆွေးနွေးပွဲမျိုးပဲဖြစ်သင့်တာပေါ့လေ အဲ့ဒါမှသာလျှင် ကျွန်တော်တို့က အဓိပ္ပါယ်ရှိတဲ့ဆွေးနွေးပွဲမျိုးဖြစ်မှာပေါ့။ ဒီလိုခြေလှမ်းမျိုးလှမ်းတဲ့ အခြေအနေမျိုးတွေ ကျွန်တော်တွေ့ပါတယ်။
ဝေယံမိုးမြင့်။ ။ ဒီနေ့ဆွေးနွေးပွဲကနေပြီးတော့ကော ဘာတွေများသဘောတူညီမှု ရခဲ့ပါသလဲရှင့်။
ဦးဇိုဇမ်။ ။ သဘောတူညီမှုရယ်တော့မဟုတ်ပေမယ့် ကျွန်တော်တို့ ဆုံမှတ်ပေါ့ဗျာ ဆုံမှတ်ဆိုတာ ဒီဟာကို အားလုံးက အကောင်းမြင်ပါတယ်။ နောက်များမှာလဲ ဒါမျိုးတွေ ခဏခဏ ကျင်းပဖို့ရှိပါတယ်။ အဲ့ဒါကတော့ သေချာပါတယ်။
ဝေယံမိုးမြင့်။ ။ အခုလိုမျိုး သမ္မတရဲ့ ခေါ်ယူတွေ့ဆုံမှုဟာ အရင်က ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားတဲ့ လေးပွင့်ဆိုင်ကိစ္စနဲ့ပတ်သက်ပြီးတော့ လွတ်တော်အသီးသီးက တင်ပြထားတဲ့ ၆ ပွင့်ဆိုင် ၁၂ ပွင့်ဆိုင် ဆိုကဲ့ကိစ္စရပ်တွေအပေါ် ဒီနေ့တွေ့ဆုံမှုဟာ ဘယ်လောက်ထိလွမ်းမိုးသွားနိုင် မလဲလို့ ထင်ပါသလဲရှင့်။
ဦးဇိုဇမ်။ ။ ကျွန်တော်ထင်ပါတယ် လွမ်းမိုးမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေက တကယ့် အရေးကြီးတဲ့ အခြေအနေကိုရောက်နေပါတယ်။ ၂ပွင့်ဆိုင် ၅ ပွင့်ဆိုင် ၆ပွင့်ဆိုင် ၁၄ ပွင့်ဆိုင်လောက်နဲ့ ရှင်းလို့ ရနိုင်တဲ့ အခြေအနေ မဟုတ်ဘူး နော် ဒါတွေက အပွင့်များစွာ အတူတကွ ခဏခဏတွေ့ ဆွေးနွေးပြီးမှရမယ့်ကိစ္စ အဲ့ဒါကြောင့် ကျွန်တော်ထင်ပါတယ် ဒီ ၆ပွင့်ဆိုင် ၅ ပွင့်ဆိုင်ကိစ္စက ဇတ်လမ်းတော့ ပြီးသွားလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ် ကျွန်တော်အထင်ပါ။
ဝေယံမိုးမြင့်။ ။ ဒီလိုမျိုးအဖွဲ့အစည်းတွေ ကိုယ်စားပြုတဲ့သူတွေ အများကြီးနဲ့ပေါ့နော် သမ္မတနဲ့ တွေ့ဆုံမှုဟာ ထိရောက်မှုနည်းပါးတယ်လို့ အပြင်မှာ ပြောဆိုမှုတွေရှိနေပါတယ်ရှင့် အဲ့ဒီအပေါ်မှာရော ဆရာအနေနဲ့ ဘာများပြောချင်ပါသလဲရှင့်။
ဦးဇိုဇမ်။ ။ ဘာထိရောက်မှာလဲဗျာ အခုမှ ဆွေးနွေးတာကိုး အခုမှဆွေးနွေးခန်းထဲကနေ ကျွန်တော်တို့ ထွက်လာကြတာ ဒီဟာတွေက ဝေဖန်ရတာ စောတယ်လို့ပဲ ကျွန်တော်ထင်ပါတယ်။ ဒါတွေက အကောင်းမြင်တဲ့သူတွေ ဝေဖန်တာမဟုတ်လောက်ဘူးလို့ ကျွန်တော်ကတော့ အဲ့လိုပဲ ယူဆပါတယ်။
ဝေယံမိုးမြင့်။ ။ အခုလိုဖြေကြားပေးတဲ့အတွက် ဆရာကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။