ပြည်သူ ၅၅ သန်း ဓားစာခံမဖြစ်သင့်ကြောင်း ကန်သံအမတ်ဟောင်းပြော

2021.11.10

လူကြီးမင်းအနေနဲ့ ပြီးခဲ့တဲ့လက မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးတဲ့ အတွေ့အကြုံ ဘယ်လိုရှိသလဲ ခင်ဗျ။ ဒီ စစ်ခေါင်းဆောင်ဟာ နိုင်ငံတကာနဲ့ လက်တွဲ အလုပ်လုပ်လို့ ရနိုင်တဲ့သူမျိုး လို့ ထင်ပါသလား။

ကျွန်တော်သူနဲ့ တစ်နာရီခွဲလောက် တွေ့ဆုံခဲ့ပါတယ်။ ကျွန်တော်တို့ ကိုဗစ် ကပ်ရောဂါနဲ့ လူသားချင်း စာနာမှု အကူအညီတွေပေးမယ့် ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။ ဖမ်းဆီးခံထားရတဲ့ ကျွန်တော်တို့ ဝန်ထမ်း မအေးမော် အကြောင်းကို ပြောပြခဲ့တဲ့အတွက်၊ နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ကြည့်ရတာ တော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အခြေအနေအားလုံးကို နားလည်သဘောပေါက်တဲ့ ပုံရပါတယ်။ သူပြောချင်တာပဲ စွတ်ပြောတာမျိုးမဟုတ်ဘဲ ကျွန်တော်ပြောပြတာတွေကိုလည်း ကောင်းကောင်း နားထောင် ပါတယ်။ သူဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့ရဲ့ ဝန်ကြီးတွေကလည်း အနားမှာ အတူရှိနေပါတယ်။ ကျွန်တော် မြန်မာနိုင်ငံကို လာတာ လူသားချင်းစာနာမှု အကူအညီပေးဖို့ ကိစ္စအတွက် သက်သက်ပဲဆိုတာလည်း သူနားလည်ပုံရပါတယ်။ ကျွန်တော် အရင်ကလည်း မြန်မာနိုင်ငံကို အကြိမ်ကြိမ် လာရောက်ခဲ့ဖူးတာကို သူသိပါတယ်။ အခြေအနေတွေ ပိုကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။ အခုအချိန်မှာတော့ ကျွန်တော်က ဒီခရီးကနေ ပြန်ရောက်ကာစ ဖြစ်လို့၊ သူတို့ ဘာဆက်လုပ်မလဲဆိုတာ အချိန်ပေးစောင့်ကြည့်ဖို့ လိုပါဦးမယ်။ ကျွန်တော့်ရဲ့ ခရီးစဉ်အတွင်းမှာ စစ်ခေါင်းဆောင်အပြင်၊ ကုလသမဂ္ဂသံအမတ်နဲ့ ဝန်ထမ်းတွေ၊ အမေရိကန်၊ အီးယူနဲ့ ဂျပန် သံအမတ်တွေနဲ့လည်း တွေ့ဆုံစကားပြောခဲ့ပါတယ်။ ကျွန်တော်က ခုအချိန်မှာ အားလုံး အတူပူးပေါင်းပြီး အလုပ်လုပ်ဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။ တိုးတက်မှုအချို့ ရှိခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် လူသားချင်း စာနာမှု အကူအညီတွေ ခွင့်ပြုဖို့နဲ့ ကိုဗစ်ကာကွယ်ဆေး ကိစ္စတွေအတွက် စစ်အစိုးရကို ခင်ဗျားတို့ အားလုံးနဲ့ ပူးပေါင်း အလုပ်လုပ်ဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူသားချင်း စာနာမှု အရေး ကိစ္စ အတွက်ဆိုရင် တော့ ထိတွေ့ ဆက်ဆံမှုတွေ ရှိဖို့လိုတယ်လို့ ပြောခဲ့ပါတယ်။ နောက်ပိုင်း တိုးတက် ပြောင်းလဲမှုတွေ ရှိလာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ဧပြီလက အာဆီယံ ခေါင်းဆောင်တွေကို ပေးခဲ့တဲ့ အချက် ငါးချက်ပါ သဘောတူညီချက် ကတိကဝတ်တွေကို မလိုက်နာခဲ့တာ တွေ့ရပါတယ်။ အခုတစ်ကြိမ်မှာလည်း လူကြီးမင်းနဲ့ ပြောဆိုထားတဲ့ အချက်တွေကို မလိုက်နာတာမျိုး ထပ်ဖြစ်လာမယ် ထင်ပါသလား။

ဒါကတော့ ဆက်ပြီး စောင့်ကြည့်ရမှာပါ။ သူတို့ ကတိတည်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ပျော့ပျောင်းတဲ့ တိုးတက်မှုအချို့ ရှိလာမယ်လို့ ကျွန်တော် ထင်ပါတယ်။

ကျွန်တော့်ဘက်ကတော့ ကုလ အထူးသံတမန်နဲ့ အာဆီယံ အထူးသံတွေကို လာရောက် အလုပ်လုပ်ခွင့် ပေးသင့်တဲ့အကြောင်း တိုက်တွန်းခဲ့ပါတယ်။ တကယ် လုပ်၊ မလုပ်ကတော့ သူ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ မူတည်ပါတယ်။ အထူးသဖြင့် အငြင်းပွားစရာ မဖြစ်ရအောင် နိုင်ငံရေးဆန်တဲ့ ကိစ္စတွေကို တတ်နိုင်သမျှ ရှောင်ပြီး၊ လူသားချင်း စာနာမှု အကူအညီပေးရေးကိစ္စကိုပဲ ပြောပါတယ်။ မြန်မာပြည်သူတွေအတွက် ကိုဗစ် ကာကွယ်ဆေး၊ အစားအစာ နဲ့ အကူအညီတွေပေးအပ်ဖို့ အကြောင်းတွေပဲ အဓိကထား ပြောခဲ့ပါတယ်။ အကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူ ၅၅ သန်းဟာ နိုင်ငံရေး အမြင်ကွဲပြားမှုတွေနဲ့ နောက်ဆက်တွဲ ဖြစ်လာတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေရဲ့ ဓားစာခံ မဖြစ်သင့်ပါဘူး။

အခု မြန်မာနိုင်ငံမှာ လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်နေတဲ့ အခြေအနေတွေရော ဘယ်လို ရှိပါသလဲ။

အခုအချိန်မှာတော့ တော်တော် ဆိုးဝါးပြင်းထန်တဲ့ အခြေအနေ ဖြစ်နေပါတယ်။ ကာကွယ်ဆေးတွေ၊ အစားအသောက်နဲ့ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေတဲ့ ပြည်သူတွေအတွက် ဘာမှမပေးနိုင်တဲ့ အခြေအနေ ဖြစ်နေပါတယ်။ နိုင်ငံတကာမှာ အာဖဂန်နစ္စတန်နဲ့ အခြားအရေးကိစ္စတွေ ပေါ်လာလို့ ဒုက္ခရောက်နေတဲ့ မြန်မာ ပြည်သူတွေကို ကမ္ဘာကြီးက မေ့သွားတာမျိုး မဖြစ်စေချင်ပါဘူး။ ကျွန်တော် အဲဒီ ရည်ရွက်ချက်အတွက်ပဲ မြန်မာနိုင်ငံကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

နောက်ပြီးတော့ လူကြီးမင်းရဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် ထားတဲ့ သဘောထားနဲ့ ပတ်သက်ပြီး မေးချင်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှု ဖြစ်ပြီးတဲ့အချိန်မှာ လူကြီးမင်းက တွစ်တာမှာ ပို့စ်တစ်ခု ရေးသားခဲ့ပါတယ်။ အဲဒီပို့စ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင် တစ်ဦးအနေနဲ့ ဒီမိုကရေစီ တိုးတက်အောင်လုပ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ပြောထားပါတယ်။ ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံရေးမှာ ဝင်မပါတော့ဘဲ၊ ဘေးထွက် ထိုင်နေသင့်နေပြီ၊ အခြား ဒီမိုကရေစီ ခေါင်းဆောင်တွေကို အလှည့်ပေးဖို့သင့်နေပြီလို့ ရေးသားခဲ့တာ တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့၊ ရှင်းပြလို့ ရမလား။ ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီ ဖော်ဆောင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ယူဆပါသလဲ။

ကျွန်တော် သူနဲ့ သဘောထား အမြင်မတူတာတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကာလတွေအတွင်း ကျွန်တော် ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ပုံစံအမျိုးမျိုးနဲ့ ကူညီခဲ့ပါတယ်။ သူမရဲ့ အစိုးရက သတင်းသမားတွေကို တရားစွဲဆို ထောင်ချတာတွေ လုပ်ခဲ့တာကို ပြန်လွှတ်ပေးဖို့ ကျွန်တော် တောင်းဆိုခဲ့ပါတယ်။ တစ်ဘက်နိုင်ငံ မှာ ရောက်နေတဲ့ ရိုဟင်ဂျာ တစ်သန်းလောက်ကို သူမရဲ့ ပြုမူပုံကလည်း လုံးဝမှားယွင်းတယ်လို့ ထင်ပါတယ်။ ကျွန်တော် သူ့ကို တော်တော်လေး မကျေမနပ် ဖြစ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရက ဖွဲ့လိုက်တဲ့ ကော်မရှင်ဟာ ရုပ်ပြသက်သက်ပဲလို့ ထင်မြင်ယူဆမိတဲ့အတွက် အဲဒီကော်မရှင်ကနေ နုတ်ထွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ ပြန်ပြီး ကျင်းပနိုင်တာကိုလည်း မြင်ချင်မိပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော် လုပ်ရမယ့် ကိစ္စမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ အခန်းကဏ္ဍက လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်အောင် ညှိနှိုင်းပေးဖို့အတွက်ပဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

S
2021-11-11 03:44

ကန်သံအမတ်ဟောင်းဟာ တရားမဝင်နစကနဲ့ ပျော့ပျောင်းအောင်ဆောင်ရွက်နေတယ်ထင်ပါတယ်၊ ဒါပေမယ့် မှားပါလိမ့်မယ်၊ အကြမ်းဖက်နစကဟာ လူသားချင်းစာနာအကူညီတွေကို ပြည်သူဆီမရောက်အောင်လုပ်ပါလိမ့်မယ်။ သူတို့နဲ့ဆွေးနွေးပြီး နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးမယ်ဆိုတာဟာလည်း ရယ်စရာပါပဲ၊ နစကဟာ ပြည်သူတွေကို အမြဲဖမ်းဆီးနေတာ နိုင်ငံတကာမသိဘူးလား၊ နိုင်ငံတကာကစောင့်ကြည့်နေတာဟာ ဘာတွေကြည့်နေတာလဲ။
I think the former US ambassador is working to soften the illegal Nasaka. But it would be wrong. Terrorism will prevent humanitarian aid from reaching the people. It is ridiculous to talk to them and release political prisoners. Doesn't the international community know that Nasaka is always arresting people? What is the international community watching?

ပြည်သူလူထု
2021-11-13 06:33

လူထု ကန်သံအမတ်ဟောင်းကြီး အတော်စိတ်ပျက်မိပါတယ် ပြည်သူလူထုက လေးစားစွာတခဲနက်ထောက်ခံတင်မြှောက်ထားတဲ့ခေါင်းဆောင် နိုဘယ်ဆုရှင်ကို ပုတ်ခတ်ရှုံ့ချခြင်း သာမက စော်ကားပြောဆိုပြီး တစ်နိုင်ငံလုံး ရွံရှာမုန်းတီး နာကျည်းနေသော ပြည်သူအပေါ် သက်ညှာခြင်း အလျဉ်းမရှိသည့် အာဏာရှင် အား ချီးမြှောက်နေခြင်းအပေါ် ကျမတို့ မြန်မာများအနေဖြင့် လက်အရှိမေရီကန် သံအမတ် မဖြစ်နေခြင်အပေါ်မျှတသော အမေရီကန် ကိုကျေးဇူးအထူးတင်ရှိပါကြောင်း ။

michael
2021-11-17 09:19

ဘဲကြီးက ကလေးစိတ်ပဲ မုံ့မပေရင် ငိုမယ်အော်မယ်ဆိုတဲ့ပုံပဲ