NCA ပါဝင်ခွင့် AA စိုးရိမ်
2016.07.30
ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF၊ မြန်မာနိုင်ငံ အမျိုးသား မဟာမိတ်တပ်မတော် MNDAA ကိုးကန့်အဖွဲ့တွေရဲ့ မဟာမိတ်အဖွဲ့ ဖြစ်တဲ့ ရက္ခိုင့်တပ်မတော် AA အဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းအဝေးမှာ တက်ရောက်နေပါတယ်။ လက်ရှိ အခြေအနေတွေနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်မတော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှုးချုပ် ထွန်းမြတ်နိုင် ကို RFA သတင်းထောက် ကိုရဲထက် က တွေ့ဆုံမေးမြန်းထားပါတယ်။
မေး - ရခိုင့်တပ်မတော် AA အနေနဲ့ ဒီအစည်းအဝေး တက်ရတဲ့အကြောင်းအရင်း ပြောပေးပါအုံးခင်ဗျ။
"ကျနော်တို့ အစည်းအဝေးမှာတော့ တအာင်းရော၊ ကျနော်တို့ရဲ့မဟာမိတ် ကိုးကန့်ရော သူတို့လည်း တက်ရောက်ဖို့ စိတ်ဝင်စားပါတယ်၊ သူတို့လည်း သူတို့ရဲ့ သွားရေးလာရေးအခြေအနေက အစစပေါ့လေ ဒါမျိုးခက်ခဲလို့ မရောက်ရှိခြင်းပဲဖြစ်တယ်၊ ကျနော်တို့က သူတို့ မှာလိုက်ပါတယ် နှစ်ပေါင်းများစွာ အတူတကွလုပ်လာတဲ့ မိတ်ဆွေတွေရဲ့အစည်းအဝေးပေါ့၊ အဲ့ဒါကို သူတို့ရောက်ချင်သော်လည်းပဲ တခြားသော ရှေ့မှာလည်း ပိတ်ဆို့နေတဲ့ နိုင်ငံရေးအကြပ်အတည်းတွေကြောင့် ကျနော်တို့မှာလည်း စဉ်းစားနေရတယ်ပေါ့၊ ချင့်ချိန်နေရတဲ့အနေအထားတွေလည်း အများကြီးရှိပါတယ်၊ ကျနော်ကျတော့ ဒီမှာ သွားရလာရတာလဲ နီးနီးနားနားရှိတယ် လွယ်တယ်၊ ဒါကြောင့် ကျနော်ရောက်လာရင်လည်း ပိုကောင်း တာပေါ့နော၊ ဒီမှာ ဘာရှိတယ် ဘာမရှိဘူး ဘယ်လိုဘယ်လို တိုးတက်မှုရှိတယ်ဆိုတာလည်း ပြန်တိုင် ပင်ဆွေးနွေးလို့ ရတာပေါ့"
မေး -- AA အနေနဲ့ အစည်းအဝေးမှာ ဘာတွေများဆွေးနွေးဖြစ်သေးလဲဗျ။
"ကျနော်တို့ကတော့ သုံးပွင့်ဆိုင်ကိစ္စတွေပေါ့ တချို့ကိစ္စမှာကျတော့ အရင်လက်ခံထားပြီးသား မူတွေရှိတယ် ဒါပေမဲ့ ကျနော်တို့ရဲ့ ဖြစ်ချင်တဲ့သဘောတရားကိုလည်း ဒီမှာ လွတ်လွတ်လပ်လပ် တင်ပြလို့ရပါတယ်၊ သုံးပွင့်ဆိုင်ဆွေးနွေးဖို့ ကိစ္စတွေပေါ့၊ အခုလက်ရှိအစိုးရက ပရိုပို့စ် လုပ်ထားတဲ့ အခင်းအကျင်းရှိမယ်၊ ကျနော်တို့အတွက် ဒါဟာ သဟဇာတ မဖြစ်တော့ဘူးပေါ့လေ၊ အရင်တုန်းက နိုင်ငံရေးအခင်းအကျင်းနဲ့ အခုနိုင်ငံရေးအခင်းအကျင်း မတူညီတဲ့ အနေအထားတွေအပေါ်မှာ ပြန်ပြီးတော့ ပြောင်းလဲသင့်တာတွေ ကိုလည်း ကျနော်တို့ ဒါမျိုး ဝင်ရောက်ဆွေးနွေးတာတွေတော့ ရှိပါတယ်"
မေး - ဟုတ်ကဲ့ အစိုးရနဲ့တပ်မတော်လုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်လို့ AA အနေနဲ့ ဘယ်လိုသဘောထားပါလဲ၊ ခွဲခြားပြီးမြင်လား အစိုးရက သပ်သပ်လား တပ်မတော်က သပ်သပ်လား သဘောထားတွေက အဲ့လိုများရှိလားဗျ။
"အမြင်အရတော့ ကွဲလွဲနေတယ်လို့ ထင်ရပါတယ်၊ သို့သော်တချို့ကိစ္စတွေမှာကျတော့ နောက်ကွယ်မှာ နားလည်မှုတစုံတရာ ရထားသလိုပဲ၊ ဒါတော့ ကျနော့်ပုဂ္ဂိုလ်ရေးအမြင်ပေါ့လေ အဲ့လိုထင်ရတာတွေလည်း ရှိပါတယ်၊ ဥပမာအားဖြင့် အရင် ၃ ပွင့်ဆိုင် ပြောထားပီးမှ ၅ ပွင့်ဆိုင်လိုမျိုး အမြင်မှာ ဖြစ်နေတဲ့ ဟာတွေပေါ့၊ လူဦးရေ ကိုယ်စားလှယ်အရေအတွက်တွေ စုဖွဲ့မှုပုံစံတွေက အစပေါ့လေ၊ အဲ့ဒီပုံစံတွေက ကျတော့ ခွဲပြီးလုပ်နေတာနဲ့ မတူတော့ဘူး"
မေး - ဝ အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်၊ အဲ့ဒီတွေ့တဲ့အပေါ်မှာရော AA အနေနဲ့ ဘယ်လို သဘောထားလဲ မသိဘူး၊ သူတို့ ပုံစံတစ်မျိုးနဲ့လားမသိဘူး အရင်တုန်းက AA နဲ့ မဟာမိတ်တွေကိုးဗျ။
"ဒါကတော့ သူတို့လည်း အရင်တုန်းက တသီတခြား သွားလေ့သွားထ ရှိပါတယ်၊ နေပြည်တော်တွေ ဘာတွေကျတော့ ဒါကလည်း သိပ်ပြီးတော့ အရမ်းထူးခြားနေတယ်လို့မမြင်ဘူး ဒါပေမဲ့ အချိန်ကာလ အားဖြင့် တိုက်ဆိုင်နေတယ်ပေါ့၊ သူတို့အနေနဲ့လည်း အခုမြန်မာနိုင်ငံမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို မချခင် နားလည်မှုတွေကို တည်ဆောက်ထားချင်တဲ့ သဘောတွေလည်း ဖြစ်ပါလိမ့်မယ်၊ ဘာကြောင့်လဲ ဆိုတော့ သူတို့ လူငယ်တွေရောပဲ တွေ့ပြီးမှ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့တွေ့တာလည်း တွေ့ရ တယ်လေ၊ အဲ့ဒါတော့ အဝေးကိုသွားတဲ့ခြေလှမ်းလို့ မမြင်ဘူး၊ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက် လိုတဲ့ နွေးထွေးတဲ့သဘောလို့ပဲ မြင်တွေ့ပါတယ်"
မေး - လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လက်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ဆွေးနွေးတာ အပါအဝင်ပေါ့ဗျာ၊ လက်ရှိနိုင်ငံရေး အခင်းအကျင်းအပေါ်မှာ AA အနေနဲ့ ဘယ်လိုသဘောထားလဲဗျ။
"ကျနော်ကတော့ ရှေ့ကိုရောက်စေချင်တယ်၊ နိုင်ငံရေးအခင်းအကျဉ်းအရ တိုးတက်မှုပေါ့လေ ၊ ပြည်ထောင်စုတရပ်လုံး ဒီမိုကရေစီ ဆုံးရှုံးနေတဲ့ ပြည်သူတွေအတွက်ရော ရှေ့ကိုရောက်စေချင်တာပေါ့၊ သို့သော်လည်းပဲ ဒီညီလာခံကြီးပြီးရင် ကျနော်တို့က NCA ပရိုဆက်ကို စဉ်းစားရတော့မယ်၊ NCA မကျော်ပဲနဲ့ ဘယ်လိုလုပ်ပြီးမှ ညီလာခံကို ရောက်မလဲ၊ အဲ့လိုဆိုရင် ကျနော်တို့တွေ ရပ်တည်ထားတဲ့ အကုန်လုံး ပါဝင်ရေးပေါ့၊ ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်ရေးဆိုတဲ့ ကိစ္စမှာ ကျနော်တို့ နည်းနည်းလောက် စိန်ခေါ်မှုတွေများ ကြုံရမလားပေါ့၊ အဲ့ဒါကို ကြုံခဲ့မယ်ဆိုခဲ့ရင် ကျနော်တို့ အကုန်လုံးက စုစုစည်းစည်းနဲ့ဖြေ ရှင်းမှုမှာ ဒါဟာ စဉ်းစားစရာမေးခွန်းအနေနဲ့တော့ ရှိနေပါသေးတယ်၊ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျနော်တို့ လိုချင်တဲ့ ပုံစံပေါ့၊ စုစုစည်းစည်းနဲ့ ဆွေးနွေးခွင့်ရသွားရင်တော့ အဲ့လိုမျိုးမဖြစ်ခဲ့ဘူးဆို ရင်တော့ ဝေလေလေ ဖြစ်နေမှာလားဆိုတာ တွေးပူရတာပေါ့"
ဒါကတော့ လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေတွေနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်မတော် AA က စစ်ဦးစီးချုပ် ဗိုလ်မှုးချုပ် ထွန်းမြတ်နိုင် ကို RFA သတင်းထောက် ကိုရဲထက် က တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။