လှည်းကူးမြို့က ရပ်ကွက်ကြီးသုံးခု ရေမြုပ်နေ
ရန်ကုန်တိုင်း၊ လှည်းကူးမြို့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ၂၀၂၃ အောက်တိုဘာ ၇ နေ့ညကစပြီး လမ်းတွေနဲ့ နေအိမ်တွေပါ ရေနစ်မြုပ်နေတယ်လို့ သာသနာ့ရိပ်သာ ရပ်ကွက်မှာနေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2023-10-09 -
-
-
မိုးအဆက်မပြတ်ရွာတာကြောင့် ရန်ကုန်တိုင်း၊ လှည်းကူးမြို့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ၂၀၂၃ အောက်တိုဘာ ၇ နေ့ညကစပြီး လမ်းတွေနဲ့ နေအိမ်တွေပါ ရေနစ်မြုပ်နေတယ်လို့ သာသနာ့ရိပ်သာ ရပ်ကွက်မှာနေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။
ငမိုးရိပ်ဆည်ကနေလည်း ရေလျှံတာတွေဖြစ်နေတာကြောင့် အခုလို ရပ်ကွက်တွေထဲအထိ ရေနစ်မြုပ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။
ရေဘေးသင့်သူတွေကို အစားအသောက်ကူညီဆောင်ရွက်နေသူတစ်ဦးကလည်း လှည်းကူးမှာ ရိပ်သာရပ်ကွက်က အဆိုးဆုံးရေမြုပ်နေပြီး အောင်သုခနဲ့ အောင်သပြေ ရပ်ကွက်က နေအိမ်တွေလည်း ရေဝင်နေတယ်လို့ RFA ကို ပြောပါတယ်။
နေအိမ်ရေနစ်မြုပ်နေတဲ့ ဒေသခံတစ်ဦးကလည်း ထပ်ခိုးလုပ်ပြီးနေဖို့လုပ်နေရတယ်လို့ RFA ကို ပြောပါတယ်။
“မိုးတွေကလည်း ဆက်တိုက်ရွာနေတာ ရေက တဖြည်းဖြည်းတက်လာတယ်။ ဒီနေ့မနက်ကဆို (အောက်တိုဘာ ၈ ရက်) အိမ်အောက်မှာ ရေတွေ ရင်ဆို့ လည်ပင်းလောက် ရောက်နေတယ်။ လှည်းကူးမှာ ကယ်ဆယ်ရေးစခန်းတွေတော့ ခုထိ မရှိသေးဘူး။ တချို့တွေက နီးစပ်ရာ ဘုန်းကြီးကျောင်းနဲ့ ကုန်းမြင့်နေရာက အမျိုးတွေဆီ သွားနေကြတာရှိတယ်။ ရေမြုပ်နေတဲ့နေအိမ်ကို ဝါးကပ်နဲ့ ထပ်ခိုးအဆင့်ထပ်မြင့်ပြီးနေဖို့ လုပ်နေတယ်”
စစ်ကောင်စီရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက အသုံးပြုနေတဲ့ Ngamoeyeik ID အမည်နဲ့ လူမှုကွန်ရက်စာမျက်နှာမှာလည်း ဒီနှစ်အတွင်း မိုးရေချိန် ၁၁၆ ဒသမ ၃၃ အထိ စံချိန်တင် မိုးရေချိန် ဖြစ်နေတာကြောင့် တမံတွေရဲ့ လက်ခံနိုင်တဲ့ အခြေအနေမရှိတော့တာကြောင့် တမံအောက်ပိုင်းတွေမှာ ရေကြီးရေလျှံတာတွေ ဖြစ်နိုင်တယ်လို့ ရေးသားထားပါတယ်။
လှည်းကူးမြို့က ရေဘေးသင့်ပြည်သူအရေအတွက် အတိအကျကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။