NLD ရပ်ကျေးအလုပ်အမှုဆောင် ဖမ်းဆီးခံရမှု KNU နဲ့ ညှိနှိုင်းနေ


2019.07.09
zawhtay-press-622.jpg နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကို ၂၀၁၉ ဇူလိုင် ၉ ရက်နေ့က NRPC ရုံးမှာ တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကျုံဘွယ်ကျေးရွာက NLD ရပ်ကျေးအလုပ်အမှုဆောင် တစ်ဦးဖြစ်တဲ့ ဦးစောကောင်းမြတ်ကို KNU ဖမ်းဆီးခေါ်ဆောင်သွားတဲ့ကိစ္စကို KNU အဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။

အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ KNU ကိုယ်စားလှယ်တွေ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်က အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC မှာ ဒီနေ့တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ နိုင်ငံတော်သမ္မတရုံပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေး ညှိနှိုင်းနေကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

အဲဒါက ဒီနေ့အစည်းအဝေးမှာ မဆွေးနွေးဘူး၊ ဒါပေမဲ့လို့ KNU နဲ့ ကျွန်တော်တို့ ဆက်သွယ်ပြီးတော့ ပြောနေ တာတွေရှိပါတယ်၊ အဓိကတော့ စည်းမျဉ်းစည်းကမ်းတွေ တစ်ဖက်ဖက်က ဖောက်ဖျက်ကျူးလွန်တယ်ဆိုရင် ဖြေရှင်းရမယ့်လုပ်ငန်းစဉ်တွေရှိပါတယ်၊ အဲဒါနဲ့ အထူးသဖြင့်ဆိုင်တာက JMCU၊ JMCS တွေရှိပါတယ်၊ အဲဒါတွေ ကလည်း ယာယီရပ်ဆိုင်းထားတဲ့ အနေအထားရှိတော့ အစိုးရနဲ့ KNU တိုက်ရိုက်ဆက်သွယ်လုပ်ရမယ့် သဘောရှိပါတယ်

ဒါပေမဲ့ ဘယ်အခြေအနေရှိလည်းဆိုတာကိုတော့ တိတိကျကျထည့်သွင်းပြောဆိုခဲ့တာမရှိပါဘူး။

ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကျုံဘွယ်ကျေးရွာက NLD ရပ်ကျေးအလုပ်အမှုဆောင် တစ်ဦးဖြစ်တဲ့ ဦးစောကောင်းမြတ်ကို တွေ့ရစဉ်

ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ KNU ကိုယ်စားလှယ် ပဒိုစောဆဲပွယ် ကတော့ ဦးစောကောင်းမြတ်ကို ဖမ်းဆီး ထားတဲ့ကိစ္စကို သူတို့အနေနဲ့ မသိရှိသေးကြောင်း ပြောပါတယ်။

"အဲ့သတင်းကျွန်တော်တို့ မသိသေးဘူး"

KNU ကျုံဒိုးမြို့နယ်ဥက္ကဋ္ဌ အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိအချိန်မှာ ကျိုက်မရောမြို့နယ် NLD သတင်းနဲ့ ပြန်ကြားရေးကော်မတီ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးစောကောင်းမြတ်ကို မြေယာကိစ္စ အငြင်းပွားမှုတစ်ခုနဲ့ KNU အဖွဲ့က ဇူလိုင်လ ၅ ရက်နေ့မှာ ဖမ်းဆီးသွားတာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

ဒီနေ့အချိန်ထိ ဦးစောကောင်းမြတ်ကို ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာကို မသိရသေးပဲ မိသားစုဝင်တွေက စိုးရိမ်နေတယ်လို့ သိရပါတယ်။

ဦးစောကောင်းမြတ်ကိစ္စကို အစိုးရအနေနဲ့ KNU အဖွဲ့နဲ့ သီးခြားချိတ်ဆက်ဆောင်ရွက် သွားမယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

ဦးစောကောင်းမြတ်ဟာ မြေယာပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ကိစ္စတစ်ခုကို ဖြေရှင်းဖို့အတွက် ကျုံဘွယ်ကျေးရွာကို သွားရောက်ပြီး မြန်မာ့တပ်မတော်၊ မြိ့နယ်မြေစာရင်းဌာနတို့နဲ့ မြေယာကိစ္စတွေ ရှင်းလင်းပြောဆိုအပြီးမှာ KNU အဖွဲ့က ဖမ်းဆီးသွားတာဖြစ်ပါတယ်။
(မြေယာအငြင်းပွားမှုဖြစ်နေတဲ့ ဒေသခံတစ်ဦးကို KNU ဖမ်းဆီး - သတင်းဖတ်ရှုရန်)

အငြင်းပွားမှုဖြစ်နေတဲ့ မြေနေရာကို ဦးစောကောင်းမြတ်က ပြည်ထောင်စု အစိုးရကချပေးထားတဲ့ မြေယာပိုင်မှု အထောက်အထား အပြည့်အစုံရှိပြီး သူနဲ့ ပြဿနာဖြစ်တဲ့ သူစီမှာလည်း KNU က ထုတ်ပေးထားတဲ့ မြေယာ ပိုင်ဆိုင်မှု အထောက်အထားတွေရှိနေတာကြောင့် ပိုင်ဆိုင်မှု အငြင်းပွားမှု ဖြစ်နေတာလို့ သိရပါတယ်။

(RFA သတင်းထောက် လွေးနှင်းနှင်းဝေ ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။