ပျက်စီးခဲ့တဲ့အနာဂတ်ကို နိုင်ငံတော်သစ်မှာ ပြန်တည်ဆောက်ဖို့ လူငယ်တွေ ရည်မှန်းထား
အာဏာသိမ်းမှုကြောင့် လူငယ်တွေရဲ့အနာဂတ် ဖျက်ဆီး ခံရပေမယ့် နိုင်ငံတော်သစ်ကို ဇွဲမလျှော့ပဲ တည်ဆောက်သွားမယ်လို့ ပြောလိုက်ပါတယ်။
- 2022-01-28
-
-
-
စစ်အာဏာသိမ်းမှုကြောင့် လူငယ်တွေရဲ့အနာဂတ် ဖျက်ဆီးခံရတာ မကြာခင် တစ်နှစ် ပြည့်တော့မှာ ဖြစ်ပေမယ့် ဇွဲမလျှော့ဘဲ နိုင်ငံတော်သစ်တစ်ခုကို ဆက်လက်တည်ဆောက် သွားမယ်လို့ လူငယ်တွေက ပြောလိုက်ပါတယ်။
၂၀၂၂ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် RFA က ဆက်သွယ်မေးမြန်းစဥ် အလွှာအသီးသီးမှာရှိတဲ့ လူငယ်တွေက အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုနဲ့အတူ လူငယ်တွေရဲ့ အနာဂတ် အိမ်မက်တွေ ရိုက်ချိုး ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက် လူငယ်တွေ ဦးဆောင်တဲ့ မြို့ပြသပိတ်တွေနဲ့ လက်နက်ကိုင်တော်လှန်မှုတွေဟာ နိုင်ငံတစ်ဝန်းမှာ အရှိန်အဟုန်နဲ့ ဆက်လက်ဖြစ်ပွားနေပါတယ်။
လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့ကို စစ်အာဏာသိမ်း တစ်နှစ်ပြည့်လို့ ပြောမယ့်အစား မြန်မာပြည်ကြီး ဖျက်ဆီးခံရတာ တစ်နှစ်ပြည့်တဲ့နေ့လို့သာ ပြောရမယ်လို့ လူငယ် တစ်ယောက် ဖြစ်တဲ့ ရန်ကုန်မြို့က တတိယနှစ်တက္ကသိုလ်ကျောင်းသား ကိုဝေမိုးက RFA ကို ပြောပါတယ်။
“အာဏာသိမ်းတာ တစ်နှစ်ပြည့်တယ်လို့ ပြောရမယ့်အစား မြန်မာပြည်ကြီးကို ဖျက်ဆီးလိုက်တာ တစ်နှစ်ပြည့်တော့မယ်လို့ ပြောတာက ပိုကောင်းမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူငယ်တန်းကနေ စပြီးတော့ နောက်ဆုံးနှစ် တက္ကသိုလ် ကျောင်းသား ဘဝအထိကို တော်တော်ကို ပညာရေးကဏ္ဍမှာဆိုရင် အဲလောက်အထိကို အကုန်လုံးက တစ်စစီ ကောက်လို့မရအောင် ကျိုးပဲ့သွားပြီ။ လုံးဝကို ကလေးတွေရော လူကြီးတွေရော၊ တက္ကသိုလ်ဝင်တန်းတွေရော ကိုယ်ကိုတိုင်ရောပေါ့နော်၊ မျှော်လင့်ချက် ဆိုတာ ဘာလဲဆိုတာ တောင်မေးယူရတဲ့အဆင့် ရောက်သွားပြီ”
ဂျင်နရေးရှင်း ဇက်လို့ခေါ်တဲ့ လူငယ်တွေဟာ ၂၀၁၀ အသွင်ကူးပြောင်းရေးကာလကနေ ၂၀၂၀ ရွေးကောက်ပွဲကာလအထိ ဆယ်နှစ်တာကလအတွင်း ဒီမိုကရေစီရဲ့ အသီးအပွင့်တွေ ကို ထိုက်သင့်သလောက် ခံစားခဲ့ရသူတွေ ဖြစ်ပါတယ်။
တိုင်းပြည်ပွင့်လင်းလာတာနဲ့အမျှ လူငယ်တွေအတွက် အလုပ်အကိုင်နဲ့ ပညာသင်ခွင့် အပါအဝင် အနာဂတ် မျှော်လင့်ချက်တွေကလည်း အရင် စစ်အစိုးရအဆက်ဆက် အမှောင်ခေတ်တွေထက် ပိုမြင့်တက်လာခဲ့တယ်လို့ RFA က ဆက်သွယ်မေးမြန်းခွင့်ရတဲ့ လူငယ်တွေက ပြောကြပါတယ်။ ဒါ့ကြောင့် စစ်တပ်က ရုတ်တရက် အာဏာသိမ်းလိုက်တဲ့ အခါ ဒီရရှိထားတဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တွေအတွက် ဒီလူငယ်တွေကပဲ ရှေ့တန်းက နေ ရဲရဲရင့်ရင့် ဆန့်ကျင်နေကြတာလို့ ဆိုကြပါတယ်။
မြန်မာပြည်ရဲ့ သမိုင်းကြောင်းမှာ လူငယ်တွေဟာ စစ်အာဏာရှင်အဆက်ဆက်ကို နည်းလမ်း ပေါင်းစုံနဲ့ ဆန့်ကျင်ခဲ့သလို အခု ၂၀၂၁ နွေဦးတော်လှန်ရေးမှာလည်း ရွပ်ရွပ်ချွံချွံနဲ့ ပါဝင်နေဆဲလို့ တကသ ကျောင်းသားဟောင်းများအဖွဲ့ဝင် ကိုနန်းလင်း က ပြောပါတယ်။
“တစ်နှစ်ပြည့်ကာလမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍလို့ပြောရရင် သေချာတာပေါ့ဗျာ။ ကျနော်တို့ မြန်မာပြည်ရဲ့ သမိုင်းအဆက်ဆက်ပဲကြည့်ကြည့်၊ ကမ္ကာ့နိုင်ငံအသီးသီးရဲ့ သမိုင်း အဆက်ဆက်ပဲကြည့်ကြည့် လူငယ်တွေရဲ့ တက်ကြွစွာပါဝင်မှု၊ ရဲဝံ့မှုတွေ၊ စွန့်လွှတ်စွန့်စားမှုတွေက လူငယ်ဟေ့ဆိုတာနဲ့ ဒီစရိုက်လက္ခဏာနဲ့ ပြည့်စုံနေတဲ့ အခါကျတော့ မတရားမှုကို ကျနော်တို့ ဆန့်ကျင်တယ်ဆိုတဲ့ဟာမျိုးတွေပေါ့လေ။ မြန်မာပြည်ရဲ့ သမိုင်းကြောင်းမှာလည်း နည်းလမ်းပေါင်းစုံ ပုံသဏ္ဍန်ပေါင်းစုံရှိခဲ့တာ တွေ့ရလိမ့်မယ်။ ဒီ ၂၀၂၁ နွေဦးတော်လှန်ရေးမှာလည်း ဒီလိုပဲ လူငယ်တွေက တကယ့်ကို ရွပ်ရွပ်ချွံချွံနဲ့ ပါဝင်နေကြတယ်။ လက်ရှိ နွေဦးတော်လှန်ရေးရဲ့ လူငယ်မျိုးဆက်တွေနဲ့ မျိုးဆက်အသီးသီးရဲ့ပေါင်းစပ်မှုနဲ့ ဒီနွေဦးတော်လှန်ရေးဟာ ရှေ့ကိုဆက်နေတယ်လို့ ကျနော်တို့မြင်တယ်”
လူငယ်တွေဟာ သူတို့ရဲ့အနာဂတ်တွေ ပြန်ရဖို့အတွက် စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်နေရတာလို့ လက်နက်ကိုင်တပ်ရင်းတစ်ခုဖြစ်တဲ့ ကျားဖြူ PDF တပ်ခွဲ (၂) ခေါင်းဆောင် ကိုဇေယျာလွင် က RFA ကို ပြောပါတယ်။
“လူတစ်ယောက်ချင်းစီမှာ သူရှေ့ဆက်လုပ်မယ့် လုပ်ငန်းစဉ်တွေ လုပ်ဆောင်မယ့် ရည်မှန်းချက်တွေ၊ မျှော်လင့်ချက်တွေ အဲဒါတွေ အများကြီးရှိကြတာကိုး၊ အဲဒီ မျှော်လင့်ချက်တွေ အိမ်မက်တွေ၊ ရည်မှန်းချက်တွေ၊ ပန်းတိုင်တွေ လုပ်ဆောင်မယ့် အရာတွေအားလုံးက ဒီအာဏာသိမ်းမှုကြောင့် ပျက်စီးသွားတယ်။ ဒီအာဏာသိမ်းမှု မတိုင်ခင်မှာဆိုရင် လူငယ်တွေအားလုံးဟာ ဆရာဝန်၊ ကျောင်းဆရာ၊ သာသနာ့ဝန်ထမ်း၊ ရှေ့နေ၊ ဂျင်ထရိန်နာ (Gym Trainer) မျိုးစုံပဲပေါ့။ အဲလိုအခြေအနေမျိုးကနေ အာဏာ သိမ်းလိုက်တဲ့အတွက်ကြောင့် တောထဲရောက်လာတဲ့အခါမျိုးမှာ သူတို့က စစ်ကောင်စီ ကို ပြန်တိုက်မယ်ဆိုတဲ့ နာကျည်းစိတ်ပဲရှိကြတာ”
လက်နက်ကိုင်တော်လှန်ရေး လုပ်နေရပေမဲ့ လူငယ်တွေက တောထဲမှာ၊ တောင်ပေါ်မှာ၊ ကျည်ဆံတွေ၊ ဗုံးဆံတွေကြား မနေလိုဘဲ၊ ငြိမ်းချမ်းတဲ့ ပုံမှန်ဘဝတစ်ခုမှာ သူတို့ရဲ့အနာဂတ် အိပ်မက်တွေကိုပဲ အေးအေးချမ်းချမ်း ပုံဖော်ချင်ကြတာလို့လည်း ကိုဇေယျာလွင် က ပြောပါတယ်။
အာဏာမသိမ်းခင်က မန္တလေးတက္ကသိုလ်မှာ နိုင်ငံရေးဘာသာရပ်ဆိုင်ရာ မဟာဝိဇ္ဇာဘွဲ့ကို ဆည်းပူးနေတဲ့ ကိုဝေကြီး ဟာ အာဏာသိမ်းလိုက်တဲ့အတွက် ပညာရေးတစ်ပိုင်းတစ်စနဲ့ မကွေးတိုင်း၊ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဦးဆောင်နေတဲ့ ရဲဘော် ဝေကြီး ဖြစ်လာခဲ့ပါတယ်။
တော်လှန်ရေးကြီးပြီးတဲ့အခါ မပြီးဆုံးသေးတဲ့ ပညာတွေကို ဆက်သင်ချင်ပြီး၊ သူ့ကြောင့် စစ်ကောင်စီရဲ့ ဒုက္ခအမျိုးမျိုးပေးတာကို ရင်ဆိုင်နေရတဲ့ မိခင်ဖြစ်သူကို ကျေးဇူးပြန်ဆပ် ချင်တယ်လို့ ကိုဝေကြီးက ပြောလာပါတယ်။
“တော်လှန်ရေးအလွန်ကာလမှာတော့ မပြီးမြောက်သေးတဲ့ ပညာတွေ ဆက်သင်မယ် ပေါ့ဗျာ။ ဒီလောက်ပါပဲ။ နောက်ပြီး အမေပေါ့ဗျာ။ အမေ့အတွက် ကျနော် တော်လှန်ရေး ထဲမှာ ပါဝင်ခဲ့တဲ့အခါ ကျနော့်မှာ အမေ တစ်ယောက်ပဲရှိတယ်။ ဒါပေမဲ့ အဲဒီ အမေ ကလည်း စစ်ကောင်စီရဲ့ ဒုက္ခပေးခြင်း အမျိုးမျိုးကို ခံရတဲ့အတွက် သူလည်း ဒုက္ခတွေ ကြားထဲ ဟိုပြေး ဒီပြေးနဲ့ တိမ်းရှောင်နေရတဲ့ဘ၀ ရောက်တယ်ပေါ့။ အဲဒီတော့ ကိုယ့်ရဲ့ ရွေးချယ်မှုဖြစ်တဲ့ အခါကျတော့ ဘယ်သူမှတော့ အပြစ်မတင်ပါဘူး။ ဒါပေမဲ့ အမေ့ကို တော့ အားနာမိတယ်။ တော်လှန်ရေးကြီးပြီးရင်တော့ ပညာသင်စရာရှိတာ ဆက်သင် မယ်။ အလုပ်တွေလုပ်မယ်။ ပြီးရင် အမေ့ကိုပြန်ပြီးတော့ အကြွေးတွေဆပ်မယ်ပေါ့”
စစ်အာဏာသိမ်းလိုက်လို့သာ လူငယ်တွေရဲ့ ဘဝတွေ၊ ရည်မှန်းချက်တွေ ပျက်ဆီးကုန်ပြီး သူတို့ မကျွမ်းကျင်တဲ့ လက်နက်ကိုင်တော်လှန်ရေးကို သမိုင်းပေးတာဝန်အရ လုပ်နေရတာ လို့လည်း ကိုဝေကြီးက ဆိုပါတယ်။
စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ စစ်တပ်က အာဏာသိမ်းလိုက်လို့ လူငယ်တွေ အနာဂတ် ပျောက်သွားတယ်ဆိုတဲ့ အချက်ကို လက်မခံပါဘူး။
လက်ရှိမှာ ကျောင်းတွေ ပြန်ဖွင့်ပေးနေပါရဲ့နဲ့ လက်နက်ကိုင်ဖို့ ဆုံးဖြတ်ခဲ့သူတွေအတွက် စစ်ကောင်စီမှာ တာဝန်မရှိဘူးလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက တုံ့ပြန်ပါတယ်။
"လူငယ်တွေအတွက် အာမခံချက် ဘာရှိမတုန်းဆိုတော့ ကျောင်းတွေ အခုပိတ်ထားတဲ့ ဟာတွေ ဖွင့်ပေးနေတယ်။ ပညာရေး အားပေးဆောင်ရွက်လျက် ရှိတယ်။ တစ်ခုတော့ ရှိတာပေါ့ အစိုးရကို ဆန့်ကျင်ပြီး ကျောင်းမတက်တာတို့၊ တောထဲမှာသွားတာတို့ ဒီလိုမျိုး လူမျိုးတွေကတော့ ကျနော်တို့ ဘယ်လိုမျိုးလုပ်မလဲ။ သူ့ဆုံးဖြတ်ချက်နဲ့ သူတို့ သွားတဲ့ဟာပဲ။ သွားခဲ့တဲ့သူတွေတောင်မှ ပြစ်မှုကျူးလွန်ထားခြင်းမရှိရင် အမြဲတမ်း ကျနော်တို့ ဖိတ်ခေါ်နေတာပဲ။ ပြစ်မှုကျူးလွန်ထားခြင်းမရှိရင် ဝင်လာလို့ရတယ် အရေးယူခြင်းမပြုပါဘူးဆိုတာ ကျနော်တို့ ပြောပြီးဖြစ်တယ်။ ဒါထက် ကျနော်တို့က ဘာကို အာမခံရမလဲ။ ဒါထက် ကျနော်တို့က ဘာကိုလုပ်ပေးရဦးမလဲ"
ဗိုလ်ချုပ် ဇော်မင်းထွန်းက အခုလို ပြောဆိုနေပေမယ့် အာဏာသိမ်းမှုကို အစောဆုံး ဆန့်ကျင်သူတွေထဲက တစ်ဦးဖြစ်တဲ့ မန္တလေးမြို့သပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာဆန်း ဟာ အာဏာမသိမ်းခင်က လူငယ်တွေ အသိပညာ တိုးပွားဖို့ ရည်ရွယ်ပြီး အခမဲ့စာကြည့်တိုက်လုပ်ငန်းတွေ လုပ်ကိုင်ခဲ့သလို ဆရာဝန်ဖြစ်တဲ့အတွက် အခမဲ့ ပရဟိတဆေးခန်း ဖွင့်ပြီး ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့သူ ဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအပြီး သူ့လုပ်နေတဲ့ အသိပညာပေးလုပ်ငန်းတွေကို အရှိန်မြှင့်ဖို့ ကြိုးစားနေချိန်မှာပဲ စစ်တပ်က ရုတ်တရက် အာဏာထသိမ်းလိုက်တဲ့အတွက် သူ့ရဲ့ တစ်သီးပုဂ္ဂလ ရည်မှန်းချက်တွေ ပျက်ဆီးခဲ့ရတယ်လို့ ကိုတေဇာဆန်းက ဆိုပါတယ်။
"ကျနော်တို့ မျိုးဆက်သစ်တွေအားလုံး အေးအေးချမ်းချမ်း၊ ပျော်ပျော်ရွှင်ရွှင်နဲ့ နေခွင့်ရမယ့်ဘဝကို ဒါကိုပဲ မျှော်လင့်မိပါတယ်"
ဒါကြောင့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တော်လှန်ပြီးရင်တော့ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနဲ့ ပြည့်ဝတဲ့ နေချင်စဖွယ် မြန်မာပြည်အဖြစ်ကို ရည်မှန်းပုံဖော်မိတယ်လို့ မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာဆန်းက ပြောပါတယ်။
“ကျနော်တို့ မျှော်ရည်တဲ့ တစ်သီးပုဂ္ဂလဘဝတွေ၊ အိမ်မက်တွေရော အကုန်လုံး ပြီးပြည့်စုံတဲ့ နိုင်ငံတော်သစ် တစ်ခုကလည်း ဒီတိုက်ပွဲအောင်ပွဲနဲ့အတူ တည်ဆောက် ရရှိမယ်လို့ ကျနော်က ယုံကြည်ပါတယ်။ ဒီတော်လှန်ရေးကြီးပြီးရင်တော့ ကျနော်တို့ နိုင်ငံက သေချာတယ်၊ ငြိမ်းချမ်းသာယာတဲ့ နေချင်စဖွယ် နိုင်ငံတစ်ခု ပေါ့ဗျာ။ လူ့အခွင့်အရေးတွေ၊ လူ့ဂုဏ်သိက္ခာတွေနဲ့ ပြည့်စုံတဲ့ နိုင်ငံတော်သစ်တစ်ခု၊ စနစ်သစ် တစ်ခု ဖြစ်သွားမယ်လို့ ယုံကြည်တာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့နေပျော်တဲ့ နိုင်ငံအသစ်တစ်ခုမှာ ကျနော်တို့တွေ အားလုံး ကျနော်တို့ မျိုးဆက်သစ်တွေအားလုံး အေးအေးချမ်းချမ်း ကျနော်တို့ ပျော်ပျော်ရွှင်ရွှင်နဲ့ နေခွင့်ရမယ့်ဘဝကို ဒါကိုပဲ မျှော်လင့်မိပါတယ်”
လူငယ်တွေရဲ့ ပင်ကိုယ်ဗီဇအရ ပေါ့ပေါ့ပါးပါးနေကြတယ်၊ လွပ်လွပ်လပ်လပ် တွေးခေါ်တယ်၊ ဒါပေမဲ့ တိုင်းပြည်အတွက် အရေးကြုံလာတဲ့အခါ ဓမ္မနဲ့ အဓမ္မကို ခွဲခြားသိပြိး အဓမ္မဝါဒကို တွန်းလှန်ရာမှာ ပါဝင်ဖို့ ဘယ်တော့မှ နှစ်ခါ ပြန်မစဉ်းစားဘူး လို့လည်း ဒေါက်တာ တေဇာဆန်းက ပြောသွားပါတယ်။
မြန်မာနိုင်ငံသမိုင်းမှာ ကိုလိုနီခေတ် လွပ်လပ်ရေး ကြိုးပမ်းမှုကနေ ဒီကနေ့ ၂၁-ရာစု စစ်အာဏာသိမ်း ဆန့်ကျင်တော်လှန်တဲ့ခေတ်အထိ အလွှာမျိုးစုံက လူငယ်တွေဟာ ရှေ့တန်းကနေ တက်တက်ကြွကြွ ရဲရဲရင့်ရင့်နဲ့ ပါဝင်ခဲ့ ပါဝင်နေကြဆဲ ဖြစ်ပါတယ်။
အခု စစ်အာဏာသိမ်း တစ်နှစ်တာကာလအတွင်း ဖိနှိပ်မှု၊ သတ်ဖြတ်မှု၊ ထောင်သွင်း အကျဉ်းချမှု တွေကြောင့် အသက်ပေါင်း ဘဝပေါင်းများစွာ ပေးဆပ်ထားရပေမယ့် လူ့ဂုဏ်သိက္ခာနဲ့ ပြည့်စုံတဲ့ အနာဂတ်နိုင်ငံတော်သစ် တစ်ခုကို ပုံဖော်တည်ဆောက်နိုင်ဖို့ လူငယ်တွေက ဆက်လက်ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။