မြို့နယ်ငါးခုမှာ ညမထွက်ရအမိန့် အချိန်တိုးမြှင့်ပြီး အသွားအလာတင်းကျပ်
ဒလ၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေးနဲ့ ဆိပ်ကြီးခနောင်တို မြို့နယ်တွေမှာ ညမထွက်ရအမိန့်ကို စစ်ကောင်စီက အချိန်ထပ်တိုး သတ်မှတ်လိုက်ပါတယ်။
-
RFA Burmese
2024-05-03 -
-
-
ရန်ကုန်တိုင်းထဲက ဒလ၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေးနဲ့ ဆိပ်ကြီးခနောင်တို မြို့နယ်တွေမှာ ပုဒ်မ-၁၄၄ အရ ညမထွက်ရအမိန့်ကို ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ စစ်ကောင်စီက အချိန်ထပ်တိုး သတ်မှတ်လိုက်ပါတယ်။ အရင်ကတော့ မနက် ၁ နာရီကနေ ၃ နာရီထိပဲ အချိန်ကန့်သတ်ထားတာပါ။
ဧပြီလ ၂၄ ရက်နေ့က ကွမ်းခြံကုန်းမြို့နယ် ကသစ်ကုန်းရွာက ရာအိမ်မှူးနဲ့ မြေးဖြစ်သူတို့ကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးနောက် နောက်တစ်ရက်မှာပဲ ညမထွက်ရအမိန့်ကို စစ်ကောင်စီဘက်က အချိန်တိုးထုတ်ပြန်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
"ရန်ကုန်ကိုတက်ပြီး အလုပ်လုပ်တဲ့ ကလေးတွေရှိတယ်။ သူတို့အတွက် အခက်အခဲဖြစ်တာပေါ့"
ဒီအပြင် ဒလ၊ တွံတေးနဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ်တွေက ရပ်ကွက်တွေထဲမှာလည်း ဧည့်စာရင်းစစ်တာနဲ့ လမ်းသွားလမ်းလာတွေကို လုံခြုံရေးအတွက် စစ်ဆေးတာတွေကိုပါ တင်းတင်းကျပ်ကျပ် လုပ်ဆောင်လာတာလို့ ဆိုပါတယ်။
ဒါကြောင့် ဒေသခံပြည်သူတွေ ဖမ်းဆီးခံရမှာစိုးရိမ်ပြီး ညပိုင်းအပြင်ထွက်တာတွေ မလုပ်တော့ဘူးလို့ လုံခြုံရေးကြောင့် အမည်ဖော်လိုတဲ့ ဒလမြို့ခံတစ်ဦးက ပြောပါတယ်။
"ကျွန်တော်တို့ သိတာကတော့ တွံတေးခရိုင် တစ်ခုလုံးလို့ အသံကြားတာပဲ အဲဒီမထွက်ရအမိန့်က။ ကျွန်တော်တို့ဘက်ကျတော့ တွံတေးခရိုင် တောင်ပိုင်းခရိုင် ကျတယ်လေ။ ရပ်ကွက်ထဲတော့ လိုက်ကြေညာတာ သူတို့ ပြောသံကြားတော့။ ကျွန်တော်တို့ဘက်က ဆင်ခြင်တယ်။ မထွက်တော့ဘူး။ ကိုးနာရီလောက်အထိပဲ ဝယ်စရာရှိတာဝယ်ပြီး ကိုယ့်အိမ်ထဲကိုယ်နေကြတာပဲ။ ဘာသံမှရယ်လို့ အဲဒီလိုထုတ်ပြီးနောက်ပိုင်း မကြားရဘူး။ ဘာလို့ဆို လူတွေကဆင်ခြင်ပြီးနေကြတာလေ"
အခုလို ညမထွက်ရအချိန်ကို ထပ်တိုးလိုက်တာဟာ ဆိပ်ကြီးခနောင်တို၊ တွံတေးနဲ့ ဒလမြို့နယ်တွေကနေ မြစ်ကိုဖြတ်ပြီး ရန်ကုန်မြို့ပေါ်ကို နေ့စဉ်သွားရောက် အလုပ်လုပ်ကိုင်နေသူတွေအတွက်တော့ အခက်အခဲဖြစ်ရတယ်လို့ တွံတေးမြို့နယ်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ပြည်သူကတော့ ခက်ခဲသွားတယ်လေ။ ပြည်သူတွေမှာ သွားရမှာ၊ လာရမှာတွေရှိတယ်။ ရန်ကုန်ကိုတက်ပြီး အလုပ်လုပ်တဲ့ ကလေးတွေရှိတယ်။ သူတို့အတွက် အခက်အခဲဖြစ်တာပေါ့။ အခုဟာက လူတွေက ဒီလိုရာသီဥတု အချိန်မှာ ညဘက်ဆိုလည်း တော်ရုံတန်ရုံ မအိပ်ကြတော့ဘူး။ အဲဒီလို အခြေအနေမှာ ထုတ်လိုက်တာက အဆင်မပြေဘူး။ သူတို့လည်း တော်တော်လေး စိတ်ပျက်သွားကြတာပေါ့"
ရန်ကုန်တိုင်းထဲက စစ်ကောင်စီရဲ့ စစ်ရေးပစ်မှတ်တွေကို လိုက်လံတိုက်ခိုက်လေ့ရှိတဲ့ ရန်ကုန်မြေအောက် လှုပ်ရှားမှုအဖွဲ့ (Yangon UG Association) ရဲ့ တာဝန်ခံ ဆရာကျောင်းကတော့ စစ်ကောင်စီအနေနဲ့ လုံခြုံရေးအတွက် အန္တရာယ်ရှိနိုင်တယ်လို့ ယူဆတဲ့ ရန်ကုန်တိုင်း အစွန်အဖျားက မြို့နယ်တွေကို ပိုပြီးလုံခြုံရေးတင်းကျပ်လာတာလို့ ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးဌေးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
လူငယ်တွေကို စစ်မှုထမ်းဖို့ဆင့်ခေါ်နိုင်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီဘက်က အသက်သွင်းလိုက်တဲ့နောက် ရန်ကုန်မြို့က ရပ်ကျေးအဆင့်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ တိုက်ခိုက်ခံလာရတာပါ။
ဒီဥပဒေကိုအသက်သွင်းပြီးတဲ့နောက် ရန်ကုန်တိုင်းထဲက မြို့နယ် ၁၀ ခုထက်မနည်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ နေအိမ်အနီးမှာ ဗုံးပေါက်ကွဲမှုတွေလည်း ခပ်စိတ်စိတ်ဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေကြောင့် ရန်ကုန်မြို့ပတ်ဝန်းကျင်မှာ စစ်ကောင်စီဘက်က လုံခြုံရေးတင်းကျပ်မှုတွေ လုပ်လာတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
"ရန်ကုန်ရဲ့ လုံခြုံရေးနဲ့ ပက်သတ်ပြီး စိုးရိမ်လာတယ်။ အထူးသဖြင့် မြို့ပြပြောက်ကျားတွေဟာ မြို့တွင်းထက် မြို့တော်ရဲ့ အနီးဝန်းကျင်ရှိနေတဲ့နေရာတွေမှာ အဓိက အခြေပြုနေတယ်ဆိုပြီး သူတို့က ယူဆပုံရတယ်။ အဲဒါကြောင့် သူတို့က ရန်ကုန်မြို့ပတ်ဝန်းကျင်မှာ လုံခြုံရေးတင်းကျပ်လာတယ်လို့ ကျွန်တော် ထင်မြင်မိပါတယ်"
အာဏာသိမ်းပြီးနောက် ရန်ကုန်တိုင်းထဲက မြို့နယ်အများစုမှာ စစ်ကောင်စီက ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းနဲ့ တောင်ပိုင်းမြို့နယ်တွေကိုတော့ စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။