နေပြည်တော်က သက်ငယ်မုဒိမ်းမှုအတွက် သံသယဖြစ်သူကို ဖမ်းလိုက်ပြီ
နေပြည်တော် Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက အသက် ၂ နှစ်နဲ့ ၁၁ လအရွယ် ကလေးငယ် လိင်အကြမ်းဖက်ခံရမှုရဲ့ သံသယတရားခံအဖြစ် မူကြိုကျောင်းကြီးကြပ်ရေးမှူးရဲ့ ယာဉ်မောင်း အောင်ကြီး (ခ) အောင်ကျော်မျိုးကို ဖမ်းဆီးလိုက်ပြီး နေပြည်တော်ထောင်ချုပ်ကို ပို့လိုက်ပြီလို့ ဒက္ခိဏခရိုင် ဒုတိယ တရားသူကြီး ဦးညိုဌေး က RFA ကို ပြောပါတယ်။
-
2019-07-04 -
-
-
Your browser doesn’t support HTML5 audio
နေပြည်တော်ကောင်စီနယ်မြေ သပြေကုန်းမှာ တည်ထောင်ဖွင့်လှစ်ထားတဲ့ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက အသက် ၂ နှစ်နဲ့ ၁၁ လအရွယ် ကလေးငယ် လိင်အကြမ်းဖက်ခံရမှုရဲ့ သံသယတရားခံအဖြစ် မူကြိုကျောင်းကြီးကြပ်ရေးမှူးရဲ့ယာဉ်မောင်း အောင်ကြီး (ခ) အောင်ကျော်မျိုးကို ဖမ်းဆီးလိုက်ပြီး နေပြည်တော်ထောင်ချုပ်ကို ပို့လိုက်ပြီလို့ ဒက္ခိဏခရိုင် ဒုတိယ တရားသူကြီး ဦးညိုဌေး က RFA ကို ပြောပါတယ်။
“ကျနော်တို့ ဒီနေ့ တရားစွဲတင်ပို့လိုက်ပါပြီ။ ကျနော်တို့ ခရိုင်ရုံးကို တရားစွဲတင်ပို့လို့ ဒီနေ့ အမှုနဲ့ ပတ်သက်ပြီး စပြီးစစ်ဖို့ပေါ့ ၃၇၆ နဲ့ပါ။ ကျနော်တို့ နေပြည်တော်အချုပ်ထောင်ကို ပို့လိုက်ပါပြီ။ ၁၅ ရက်နေ့ ရုံးထုတ်ပြီး စစ်ဆေးဖို့ လုပ်ထားပါတယ် ”
အဲဒီကလေးငယ် တရားမျှတမှုရဖို့ ဆောင်ရွက်နေသူတွေက သူ့အမည်ကို Victoria လို့ ပေးထားကြ ပါတယ်။ တရားခံ အသက် ၂၉ နှစ်အရွယ်ရှိ အောင်ကြီး(ခ) အောင်ကျော်မျိုးဟာ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်း ကြီးကြပ်ရေးမှူးရဲ့ ယာဉ်မောင်းဖြစ်တယ်လို့ သိရပါတယ်။ ဖမ်းထားတဲ့ တရားခံရဲ့ ဒီအခြေအနေနဲ့ပတ်သက်ပြီး ကလေးငယ် Victoria ရဲ့ မိသားစုဝင်တွေကို RFA က ဆက်သွယ်ကြည့်တော့ လောလောဆယ် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြေကြားလိုစိတ်မရှိသေးကြောင်း နီးစပ်သူ ကတဆင့် ပြောဆိုပါတယ်။ Victioria အမှု အခု တရားခံဖမ်းမိတဲ့ကိစ္စနဲ့ ပတ်သက်ပြီး Wisdom Hill မူကြိုကျောင်းရဲ့ကျောင်းအုပ် ဒေါ်သဇင်ကိုလည်း RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
“ကျမ ဒီကိစ္စမပြောတတ်ဘူးရှင့်။ ဘယ်လိုမှလည်း မထင်မှတ်ထားတဲ့ကိစ္စ ဖြစ်နေတာပေါ့နော်။ ကျောင်းအနေနဲ့ ဒါကြောင့် အခုကိစ္စနဲ့ပတ်သက်ပြီး ဘာမှမပြောနိုင်ဘူးဖြစ်နေတယ် ”
အခု ဖမ်းဆီးခံထားရတဲ့ ယာဉ်မောင်း အောင်ကြီး(ခ) အောင်ကျော်မျိုးကို ပြီးခဲ့သည့် မေလ ၃ဝ ရက်နေ့က သံသယတရားခံအဖြစ်နဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့ပါသေးတယ်။ မှုခင်းရဲတပ်ဖွဲ့ CID က အမှုကို လွှဲပြောင်းစစ်ဆေး ပြီးနောက် အမှုပေါ်ပေါက်ခြင်း မရှိဘူးဆိုပြီး ဇွန်လ ၂၄ ရက်နေ့က သူ့ကို ပြန်လွှတ်ပေးခဲ့ပြီး ၁ဝ ရက်အကြာမှာ ထပ်မံဖမ်းဆီးခံရတာဖြစ်ပါတယ်။ အခုတရားခံဖမ်းမိတဲ့ကိစ္စနဲ့ ပတ်သက်ပြီး Victoria ရဲ့ အမှုကို ကူညီနေတဲ့ နေပြည်တော် ဇဗ္ဗူသီရိလွှတ်တော်ကိုယ်စားလှယ် ဦးညဖိုးဇေယျာသော်က အခုလိုပြောပါတယ်။
“ဒီအမှုစဖြစ်ထဲက ကျနော်ရဲ့ မဲဆန္ဒနယ်မှာဖြစ်နေတော့ ကျနော်က ဘက်စုံ ထောင့်စုံက ပုဂ္ဂိုလ်အစုံနဲ့ တွေ့နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ သမီးလေးရဲ့မိသားစုတွေရော ကျောင်းဘက်ပိုင်းဆိုင်ရာရော အခုတရားခံဆိုပြီးတော့ နောက်တကြိမ် ဖမ်းခံရသူရဲ့မိသားစုဝင်တွေရော ကျနော်တွေ့ခဲ့ပါတယ်။ ဆွေးနွေးခဲ့ပါတယ်။ ကျနော့်အနေနဲ့ ကတော့ ဒါတရားခံပါ ဒါတရားခံမဟုတ်ပါဘူး ပြောဖို့ ခက်ခဲတယ်ဗျ။ အမှုကိစ္စအရ အမှန်တကယ် ကျူးလွန်သူကို ဖမ်းမိနိုင်ဖို့ရယ်။ မကျူးလွန်တဲ့သူကို မှားယွင်းစွာ အပြစ်ပေးတာမျိုး မဖြစ်အောင်အတွက်ရယ်။ တရားရုံးမှာ စွဲတင်လာပြီဆိုရင်တော့ ကျနော်တို့နဲ့အတူ ပူးပေါင်းဆောင်ရွက်မယ့် ရှေ့နေရှေ့ရပ်တွေက အစွမ်းကုန်ကြိုး စားမှာပါ”
ဗစ်တိုးရီးယားဟာ မေလ ၁၆ ရက်နေ့က Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းမှာတက်နေစဉ် မတရားပြုကျင့်ခံရတာ ဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်ခံရတဲ့ ဗစ်တိုးရီးယားအတွက် အမှုမှန် ပေါ်ပေါက်စေဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မန္တလေးမြို့က တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် နဲ့ နေပြည်တော် လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦးတို့က လိုက်ပါဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။
(RFA ဝိုင်းတော်သူ မခင်ခင်အိ စုစည်းတင်ပြသည်)