ရွေးကောက်ပွဲ မရေရာတဲ့ဒေသမှာ မဲဆန္ဒရှင်တွေ တုံ့ပြန်ပုံ မတူညီ

မြို့နယ်တချို့မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်တဲ့အတွက် အဲဒီဒေသတွေမှာ နေထိုင်သူ ၁ သန်းကျော်ဟာ နိုင်ငံသား အခွင့်အရေးဖြစ်တဲ့ မဲပေးခွင့် ဆုံးရှုံးရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါပြီ။

စစ်တွေမြို့ မင်းဂံရပ်ကွက်ကော်မရှင်ရုံးမှာ ၂၀၂၀ အောက်တိုဘာ ၇ ရက်နေ့က မဲစာရင်းကိုလာကြည့်သူကို တွေ့ရစဉ်။ Photo: Min Thein Aung/RFA

မြို့နယ်တချို့မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်တဲ့အတွက် အဲဒီ ဒေသတွေမှာ နေထိုင်သူ ၁ သန်းကျော်ဟာ   နိုင်ငံသားအခွင့်အရေးဖြစ်တဲ့ မဲပေးခွင့် ဆုံးရှုံးရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါပြီ။

ရွေးကောက်ပွဲအပေါ်မှာ ဘာမျှော်လင့်ချက်မှ မထားဘူးလို့ ပြောသူတွေလည်းရှိသလို မဲပေးဖို့ မျှော်လင့်နေသူတွေ လည်း ရှိပါတယ်။

ရခိုင်နဲ့ ရှမ်းပြည်နယ်က ၁၅ မြို့နယ်နဲ့   ကချင်၊ ကရင် ၊ မွန် ပြည်နယ်နဲ့ ပဲခူးတိုင်းအပါအဝင် မြို့နယ်ပေါင်း ၅၆ မြို့ နယ်က ကျေးရွာအုပ်စု ၅၀၀ ကျော်မှာပါ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူး ဆိုတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ အောက်တိုဘာ ကြေညာချက်ဟာ  အငြင်းပွားစရာ၊ ပြောဆိုဆွေးနွေးစရာ  ဖြစ်နေပါတယ်။

ကြေညာချက်မှာ ပါဝင်တဲ့  မြို့နယ်အားလုံးနီးပါးဟာ ၂၀၁၅ ရွေးကောက်ပွဲမှာတုန်းက တိုင်းရင်းသားပါတီတွေ အနိုင်ရရှိခဲ့တဲ့ မဲဆန္ဒနယ်မြေတွေ ဖြစ်ပါတယ်။

ကိုယ့်ရပ်ရွာတိုးတက်ဖို့ ပြည်သူ့ကိုယ်စားလှယ်ကို ရွေးချယ်မယ်ဆိုပြီး အားခဲထားတဲ့ ရှမ်းပြည်နယ် မိုင်းမောက်မြို့၊ ချုံးကျေးရွာဒေသခံ ဦးသောင်းရွှေကတော့ မဲပေးခွင့် ဆုံးရှုံးသွားတာကို စိတ်မကောင်းဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ နှစ်သက်တဲ့ ပြည်သူ့ကိုယ်စား လွှတ်တော်ကိုယ်စားလှယ်တွေရွေးမယ်၊ ပြီးတော့ ရလာတဲ့ လွှတ်တော်ကိုယ်စားလှယ်သည် ကျွန်တော်တို့ပြည်သူလူထုအတွက် အစစအရာရာပေါ့၊ ဖွံ့ဖြိုးမှုမှာရော စံပြကျေးရွာလေးလည်း ဖြစ်ဖို့ရာ ကျွန်တော်တို့ကိုယ်စားပေါ့ဗျာ ရွေးကောက်တင်မြှောက်ချင်တယ်၊ သူများ မဲပေးခွင့်ရှိလည်း ကျွန်တော်တို့လည်း ကိုယ်ကြိုက်တဲ့ပါတီကို မဲပေးချင်တယ်ပေါ့ဗျာ၊ မပေးရတော့ ဘယ်လို ဝမ်းနည်းမှန်းလဲ မသိဘူး၊ ကျွန်တော်တို့ကို ဘယ်လိုကြောင့် ချန်ထားခဲ့တာလဲ ကျွန်တော်တို့ မသိဘူးပေါ့၊ ဖြစ်နိုင်ရင်တော့ ကျွန်တော်တို့ သူများလို မဲပေးချင်တယ်၊ ဒီအခွင့်အရေး ဆိုတာလည်း ငါးနှစ်မှ တစ်ကြိမ် ရတာလေ၊ နိုင်ငံသားတစ်ယောက်အနေနဲ့ သူများလို မဲပေးပိုင်ခွင့် မရှိဘူး ဆိုတော့ ဝမ်းနည်းတယ်ပေ့ါဗျာ”

ရှမ်းပြည်နယ်မှာ မူဆယ်၊ ကုန်းကြမ်း၊ မန်တုံ၊ မိုင်းခတ်၊ တန့်ယန်း၊ မိုင်းယန်း၊ မိုင်းယောင်း၊ မိုင်းတုံ၊ မက်မန်း၊ ဟိုပန်၊ လားရှိုး၊ ကျောက်မဲ၊ ကွတ်ခိုင်၊ နမ့်ဆန်၊ နောင်ချို၊ ကွမ်းလုံ၊ မိုင်းဖြတ်စတဲ့ စုစုပေါင်း ၁၇ မြို့နယ်ထဲက ကျေးရွာ အုပ်စု ၁၄၁ စုမှာ ရွေးကောက်ပွဲ မကျင်းပနိုင်တော့တာပါ။

မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲ ဖျက်သိမ်းခံရတဲ့  ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က ဒေသခံ ဦးဝင်းနိုင် ကလည်း မဲပေးခွင့်ဆုံးရှုံးသွားတဲ့အတွက် ရခိုင်ပြည်နယ်ကို ကိုယ်စားပြုတဲ့ အစိုးရတစ်ရပ်ဖြစ်လာဖို့ မျှော်လင့်ချက် မရှိတော့ဘူးလို့ ပြောပါတယ်။

“တရားမမျှတဘူးလို့ပဲ ကျွန်တော်တို့က ထင်တယ်ပေါ့လေ၊ မဲပေးခွင့်မရဘူးဆိုရင် ကျွန်တော်တို့က နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားတာပေါ့၊ ငါးနှစ်မှတစ်ကြိမ် ကျွန်တော်တို့ လိုလားတဲ့ အစိုးရ တစ်ရပ်ကို ကျွန်တော်တို့ကိုယ်တိုင် ရွေးချယ်ပိုင်ခွင့်တွေ ဆုံးရှုံးသွားတယ်၊ ကျွန်တော်တို့က ၂၀၂၀ မှာ ကျွန်တော်တို့ ရခိုင်ပြည်နယ်ကို ကိုယ်စားပြုတဲ့ ပါတီတချို့က အစိုးရ ဖွဲ့နိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်၊ ကျွန်တော်တို့ မျှော်လင့်ထား မျှော်လင့်ချက်တွေက မရှိတော့ဘူးပေါ့လေ”

ရခိုင်ပြည်နယ်က ပဋိပက္ခတွေကို ဘယ်သူတွေက ကိုင်တွယ်ဖြေရှင်းမလဲဆိုတဲ့ အခက်အခဲတွေလည်း အများကြီး ကြုံလာရနိုင်တယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

ရခိုင်ပြည်နယ်ထဲက ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနဲ့ မြောက်ဦးမြို့နယ်တွေမှာ ရွေးကောက်ပွဲကို မြို့နယ်လုံးကျွတ် ဖျက်သိမ်းတာ ဖြစ်ပြီး ကျောက်ဖြူ မြို့နယ်က ရပ်ကွက် ၂ ခုနဲ့ ကျေးရွာ ၅၂ အုပ်စု၊ အမ်းမြို့နယ်ထဲက ရပ်ကွက် ၃ ခု၊ ကျေးရွာ ၂၉ အုပ်စု၊ စစ်တွေ မြို့နယ်မှာ ကျေးရွာအုပ်စု ၄ အုပ်စုနဲ့ တောင်ကုတ်မြို့နယ်မှာတော့ ရပ်ကွက် ၁၀ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၅၂ အုပ်စု ပါဝင်နေပါတယ်။

မဲပေးခွင့်ဆုံးရှုံးသွားတဲ့ဒေသခံတွေထဲမှာ မဲပေးချင်တဲ့သူတွေရှိပေမယ့် ကိုယ့်ဒေသအတွက် အကျိုးမရှိလို့   ရွေးကောက်ပွဲမှာ မပါဝင်ဖို့    စိတ်ပိုင်းဖြတ်ထားသူတချို့လည်းရှိပါတယ်။

သူတို့ထဲက တယောက်ကတော့ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ရွာ ဒေသခံ ဦးသံညွန့် ဖြစ်ပါတယ်။

“ကျွန်တော်တို့ကတော့ ဘာမှမခံစားရပါဘူး၊ ဟိုတုန်းကတည်းကလည်း မဲမပေးဘူးလို့ သတ်မှတ်ထားတယ် ဆိုတော့ ဘာတစ်ခုမှ မခံစားရပါဘူး၊ မဲမပေးချင်တာက မဲပေးလိုက်လို့ တက်လာတဲ့ ကျွန်တော်တို့ ရခိုင်ပြည်က တက်လာတဲ့ ရွေးကောက်ပွဲ တင်ပေးလိုက်တဲ့အမတ်တွေရှိလည်း ကျွန်တော်တို့ အမတ်တွေက တောင်းဆိုတဲ့ ဟာတွေလည်း ဘာတစ်ခုမှအကျိုးမရှိလို့ ကျွန်တော်တို့ မပေးတာ ကောင်းတယ်၊ ရခိုင်ပါတီကိုတော့ မဲပေးဖို့ တွေးထားတာ နဲနဲပါးပါးတော့ ရှိပါတယ်၊ ဒါပေမဲ့ အခုအချိန်ကတော့ မဲပေးလိုက်ရင်လည်း ဘာမှအကျိုးထူးမှာ မဟုတ်လို့ ကျွန်တော်တို့မပေးပါလို့ မှတ်ထားပါတယ်”

ဒါ့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ် ၉ မြို့နယ်ထဲက ပေါက်တောမြို့နယ်မှာလည်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တိုက်ပွဲတွေ ဖြစ်ပွားတာ မရှိသလို၊ စစ်တွေမြို့နယ်က ကျေးရွာအုပ်စု လေးခုဟာလည်း တိုက်ပွဲဖြစ်ပွားတာ မရှိတဲ့ ‌ဒေသတွေ ဖြစ်ပါတယ်။

နောက်ထပ် မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တဲ့ မြောက်ဦးဒေသခံ ဦးမောင်သန်းကလည်း မဲပေးမှုကြောင့် ထူးခြားလာမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“ကျွန်တော်တို့ ရခိုင်ပြည်နယ် ရခိုင်လူထုအနေနဲ့ မဲပေးဖို့ အခွင့်အရေးကိုတော့ သိပ်ပြီးတော့ မျှော်လင့်ချက် မထားကြဘူး၊ သိပ်စိတ်မဝင်စားဘူး၊ ကျွန်တော်ခန့်မှန်းရသလောက် ရာနှုန်းအရပြောရရမယ်ဆိုရင် ကိုးဆယ် ရာခိုင်နှုန်းလောက်တော့ ဒီမဲပေးဖို့၊ မပေးဖို့ဆိုတဲ့ကိစ္စအတွက်ကတော့ တော်တော်လေး စိတ်မဝင်စားကြဘူး၊ ဘယ်လိုမှလည်း ခံစားချက်မရှိဘူး၊ တိုက်ပွဲကလည်းဖြစ်နေတယ်၊ ကိုဗစ်ကလည်းဖြစ်နေတယ်၊ ပြီးတော့ ကျွန်တော်တို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အနေနဲ့ ဘာမှလည်း ရခိုင်လူထုရဲ့ ကိုယ်စားပြု ဘာမှလည်းမလုပ်ပေး နိုင်ဘူးဆိုတော့ ယုံကြည်မှု မရှိဘူးပေါ့၊ ပါတီတွေကိုလည်း ကျွန်တော် အယုံအကြည် မရှိဘူး၊ ရခိုင်ပြည်သူရဲ့ အနာဂတ်အတွက် ဒီလွှတ်တော်ကလည်း ဘာမှအဆုံးအဖြတ်မပေးနိုင်ဘူး၊ အစိုးရကလည်း ဘာတစ်ခုမှ မလုပ်ပေးနိုင်ဘူး၊ အဲဒါကြောင့် ကျွန်တော်ကတော့ အစကတည်းက လုံး၀ မဲမပေးဘူးလို့ ကျွန်တော်ဆုံးဖြတ် ထားတယ်”

၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်ပါတီတွေကို မဲပေးရွေးချယ်ခဲ့ပေမယ့် ဘာမှမကြောင်းမထူးသလို ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ထွက်ပေါ်လာလည်း ရခိုင်ပြည်သူတွေအတွက် ဘာတစ်ခုမှ အကျိုးပြုမယ်လို့ မယုံကြည်ဘူးလို့ ဦးမောင်သန်း က ဆိုပါတယ်။

ကချင်ပြည်နယ်ကတော့ ၂၀၁၅ ခုနှစ်တုန်းက မြို့နယ် ၁၁ ခုရဲ့ ကျေးရွာအုပ်စု ၂၁၁ စုမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပါဘူး။ ဒီတခါလည်း  အဲဒီမြို့နယ် ၁၁ ခုကပဲ ကျေးရွာအုပ်စု ၁၉၂ စုမှာ မကျင်းပနိုင်တာဖြစ်လို့ အရင်ကထက် အရေအတွက် လျော့သွားပါတယ်။

UEC ရဲ့ကြေညာချက်ထဲမှာတော့ တရားမျှတတဲ့ရွေးကောက်ပွဲကျင်းပဖို့ အခြေအနေမရှိတဲ့အတွက်လို့ပဲ ပါရှိပေမယ့် အခုလို ရွှေးကောက်ပွဲမကျင်းပမယ့်နယ်မြေ ကြေညာဖို့ အစိုးရသဘောထားရယူခဲ့တယ်လို့ အောက်တိုဘာလ ၂၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောဆိုခဲ့ပါတယ်။

ပယ်ဖျက်လိုက်တဲ့ဒေသတွေမှာ ဘေးကင်းလုံခြုံရင် နိုဝင်ဘာ ၈ ရွေးကောက်ပွဲမှာ ပါဝင်အောင် စီစဉ်ပေးမယ်လို့ ကော်မရှင်က ပြောပါတယ်။

၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတုန်းက မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မြို့နယ် ၇ မြို့နယ်နဲ့ ကျေးရွာအုပ်စုပေါင်း ၆၀၀ ကျော်ရှိခဲ့ပြီး လာမယ့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာတော့ မြို့နယ်လုံး ကျွတ် ရွေးကောက်ပွဲဖျက်သိမ်းတာ   ၁၅ မြို့နယ်နဲ့  ကျေးရွာအုပ်စု ၅၀၀ ကျော် ရှိပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org