သေနတ်ပြောင်းကိုင်တဲ့ အနုပညာလက်
ကိုအောင်သွေးဟာ သူ့လိုပဲ အာဏာရှင်ကို တိုက်ထုတ်လိုတဲ့ ရည်ရွယ်ချက်တူ လူငယ်တွေနဲ့ တောထဲမှာအတူ စစ်သင်တန်း တက်ရောက်ခဲ့ပါတယ်။
-
ခင်ခင်အိ(ဝါရှင်တန်ဒီစီ)
2022-02-18 -
-
-
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် ပေါ်ပေါက်လာခဲ့တဲ့ ဆန္ဒပြပြည်သူတွေရဲ့ ဆန္ဒပြပွဲတွေကနေ စစ်တပ်က အကြမ်းဖက်ပစ်ခတ် ဖြိုခွဲလာခဲ့အပြီး လက်နက်ကို လက်နက်နဲ့ ပြန်လည်ခုခံနိုင်မယ်လို့ ယုံကြည်ခဲ့ကြသူတွေထဲမှာ ဂီတအနုပညာသမားတစ်ဦးဖြစ်တဲ့ တယော ကိုအောင်သွေးလဲ ပါဝင်ခဲ့ပါတယ်။
“ကျတော် နိုင်ငံရေးကတော့ ငယ်ငယ်ထဲက စိတ်ဝင်စားတာပေါ့။ ၈၈ အရေးအခင်းကိုလဲ ကလေးဘဝက ကြုံဖူးတယ်၊ ၂ဝဝ၇ ရွှေဝါရောင်သပိတ်ကြုံခဲ့ဖူးတာကိုး၊ နောက် အဖေကလဲ BBC, RFA အစရှိတဲ့ ရေဒီယိုတွေကို နားထောင်တော့ ကလေးဘဝထဲက နိုင်ငံရေးဆိုတာကို နားလည်ခဲ့တယ်၊ ဒါကြောင့် မှန်တဲ့ဘက် ရပ်တည်ခဲ့တာပေါ့၊ မတရားအာဏာသိမ်းမှုကို မနှစ်သက်လို့ ဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့တာပါ”
သူဟာ အာဏာသိမ်းပြီးနောက် ဆန္ဒပြ သပိတ်စစ်ကြောင်းတွေမှာ တယောတီးပြီး ပါဝင်ဆင်နွှဲခဲ့တာပါ။ စစ်တပ်က ဆန္ဒပြမှုတွေကို ဖြိုခွင်းလာတဲ့အချိန်မှာ လွတ်မြောက်နယ်မြေကို ထွက်ခွာဖို့ သူ ဆုံးဖြတ်ခဲ့တယ်လို့ဆိုပါတယ်။
“ကျတော်တို့မှာ နောက် ဆိုတာ မရှိတော့ဘူး။ ကျနော်တို့ တိုက်ကိုတိုက်ရမယ်၊ ဒီပွဲဟာ အာဏာရှင်ကို အမြစ်ပြုတ်အောင် လုပ်ရမဲ့ပွဲ ဖြစ်တယ်။”
အနုပညာအလုပ်ကိုသာ တစိုက်မတ်မတ်လုပ်ခဲ့တဲ့သူတယောက် တော်လှန်ရေးနယ်မြေကိုရောက်လာတဲ့အခါ ကြုံရတာ ခံစားရတာတွေကို ကိုအောင်သွေးကအခုလို ပြောပြပါတယ်။
“ အနပညာ နဲ့ စစ်ရေးစစ်ရာပိုင်းတွေကတော့ အကုန်လုံးက ဆန့်ကျင်ဘက်ဘဲ၊ အနုပညာသမားဘဝက အိပ်ချင်တဲ့အချိန် အိပ်မယ်၊ စားချင်တဲ့အချိန်စားမယ်၊ ကိုယ့်ရဲ့ခံစားချက်ကို ဦးစားပေးပြီး ဖန်တီးမှုတွေလုပ်ခဲ့တယ် ဘဝကို။ စစ်သားဘဝကျတော့ အဲလိုမဟုတ်ဘူး ကိုယ့်ခံစားချက်တွေကိုလည်း ဦးစားပေးလို့မရဘူး၊ အများနဲ့နည်းတူ အများအိပ်ချိန်အိပ်မယ် အများထချင်တဲ့အချိန် ထရတယ်၊ အများစားချင်သလို စားရတယ်၊ အနုပညာဘဝမှာတော့ ကိုယ်လုပ်ချင်တာကို လုပ်ချင်သလိုလုပ်ခွင့်ရှိပေမဲ့ စစ်သားဘဝမှာတော့ ကိုယ်လုပ်ချင်တာ မလုပ်ရသလို ကိုယ်မလုပ်ချင်တာလဲ လုပ်ရတယ်၊ လုပ်ချင်တာကို လုပ်လို့ရချင်မှရမယ်၊ အခက်အခဲတော့ ရှိတာပေါ့ ဒါပေမဲ့ ကျတော့် အတွက်ကတော့ အသက်တောင်ပေးပြီးတော့ တောထဲတောင်ထွက်လာခဲ့သေးတာဘဲ၊ ဒီအခက်အခဲလောက်တော့ မမှုပါဘူး”
ကိုအောင်သွေးဟာ သူ့လိုဘဲ အာဏာရှင်ကိုတိုက်ထုတ်လိုတဲ့ ရည်ရွယ်ချက်တူ လူငယ်တွေနဲ့ တောထဲမှာ အတူစစ်သင်တန်းတက်ရောက်ခဲ့ပါတယ်။ တောထဲရောက်တဲ့အချိန် အစပိုင်းမှာ သေနတ်ကိုင်ဖို့ သူစိတ်မဝင်စားခဲ့ပေမဲ့ တော်လှန်ရေးစိတ်ဓါတ်အခြေခံကြောင့် နောက်ပိုင်း သေနတ်ကိုင်ဆောင်ပြီး တိုက်ပွဲဝင်ဖို့ လေ့ကျင့်ခဲ့ပါတယ်တဲ့။ အခုလက်ရှိမှာ တိုက်ပွဲထဲရောက်နေပေမဲ့ သူတို့မှာ လက်နက်အင်အား နည်းပါးတဲ့အတွက် ရှေ့တန်းကို အလှည့်ကျ ထွက်ရတာတွေ ရှိတယ်လို့ ဆိုပါတယ်။
“အခုလက်ရှိကတော့ တိုက်ပွဲထဲရောက်နေတာပေါ့။ စစ်ကောင်စီက ကျတော်တို့ PDF တွေကို အပြတ်တိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တောင်ပိုင်းတိုင်း ကရင်ပြည်နယ်ဘက်ကို အဓိက ထိုးစစ်တွေ ဆင်နေကြတယ်။ ထိုးစစ်ဆင်တဲ့အချိန်မှာ ကျတော်တို့အဖွဲ့တွေက လက်နက်နဲ့ လူအင်အားက မမျှဘူး လက်နက်ကနည်းပြီး လူအင်အားကများနေတဲ့အခါကျတော့ ရှေ့တန်းကို အလှည့်ကျထွက်ရတာပေါ့၊ ရှေ့တန်းက နေ့တိုင်းထွက်နေတာပါ၊ မနေ့ကလဲထွက်တာဘဲ ဒီနေ့လဲထွက်တာဘဲ။ အဲဒီအလှည့်ကျထဲမှာ ကျတော် မပါသေးဘူး၊ မပါပေမဲ့ နောက်တန်းမှာလဲ နေလို့မရဘူး၊ ရွာသူရွာသားတွေနဲ့အတူ စစ်ဘေးရှောင်အဖြစ် နေနေရတယ်”
တိုက်ပွဲတွေပြင်းထန်တဲ့အခါ စစ်ဘေးရှောင်အဖြစ် ပြေးလွှားပုန်းအောင်းရတာတွေ အစားအသောက်အခက်အခဲတွေ ရှိခဲ့ ကြုံခဲ့ရပေမဲ့ စစ်အာဏာရှင်ကို တော်လှန်ချင်တဲ့စိတ်ကြောင့် ဒီအခက်အခဲတွေကို ကိုအောင်သွေး ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ တဖက်မှာလဲ သူ တော်လှန်ရေးမှာ ပါဝင်ခဲ့တာကြောင့် မိသားစုအသိုင်းအဝိုင်းမှာ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ဆိုပါတယ်။
“ ကျတော် အခုလို တော်လှန်ရေးသမားလုပ်နေတယ်ဆိုတဲ့ သတင်းက ကျတော် တင်လိုက်တဲ့ ဖေစ့်ဘုတ်ပို့စ်တခု ပျံ့နှံ့သွားတဲ့ပေါ်မူတည်ပြီး ကျတော့်မိသားစုမှာ ရိုက်ခတ်မှုရှိတယ်၊ နယ်မှာရှိတဲ့ကျတော့်မိသားစုကို လာပြီး စုံစမ်းတာတို့၊ ခြိမ်းခြောက်တာမျိုးတွေ ရှိတယ်၊ တချို့ဆို အိုးပစ်အိမ်ပစ် ရှောင်ပြေးရတာတွေ ရှိတယ်”
ဒီလိုဒုက္ခအခက်အခဲတွေကို သူတဦးတည်းသာခံစားရတာမဟုတ်ဘဲ တော်လှန်ရေးမှာပါဝင်ကြသူအားလုံး တော်လှန်ရေးကို ပံ့ပိုးကူညီသူတွေအားလုံးပါ ခံစားနေကြရတာဖြစ်တယ်။ စစ်တပ်က သူတို့ကိုခုခံသူမှန်သမျှကို ရက်ရက်စက်စက်သတ်ဖြတ် နေအိမ်တွေမီးရှို့ စတဲ့လုပ်ရပ်တွေကြောင့် နေအိမ်တွေစွန့်ခွာပြီး တောတောင်တွေထဲ ထွက်ပြေးရသူ နိုင်ငံနဲ့အဝှမ်း သိန်းနဲ့ချီရှိနေတယ်။ ဒီလိုရက်စက်တဲ့ စစ်အာဏာရှင်အမြစ်ပြုတ်ရေးအတွက် ပြည်သူတွေရဲ့နွေဦးတော်လှန်ရေးကို အောင်မြင်အောင်လုပ်ရမှာဖြစ်တယ်လို့ သူက သံဓိဌာန်ချထားတာပါ။ စုပေါင်းအားနဲ့ ဆိုရင် ဒီတော်လှန်ရေးက အောင်မြင်မှာဖြစ်တဲ့အတွက် ပြည်သူတွေအားလုံး ပါဝင်ပေးကြဖို့လဲ သူက မေတ္တာရပ်ခံပါတယ်။
“နွေဦးတော်လှန်ရေးက ပြည်သူတွေအားလုံးသိတဲ့အတိုင်း ပြည်သူတွေရော တိုင်းရင်းသားတွေအားလုံး အခုသိနေရတာဘဲ အောင်မြင်ဖို့ဘဲရှိတယ်၊ အောင်မြင်အောင်လဲ လုပ်ရမယ် ကျတော်တို့မှာ နောက် ဆိုတာ မရှိတော့ဘူး၊ ကျတော်တို့ဖောင်ဖျက်သလိုဘဲ ကျနော်တို့ တိုက်ကိုတိုက်ရမယ်၊ ပြီးအောင်လုပ်မှ ရမယ်၊ ဒီပွဲဟာ အာဏာရှင်ကို အမြစ်ပြုတ်အောင်လုပ်ရမဲ့ပွဲဖြစ်တယ်၊ ဘယ်တော့ပြီးမှာလဲ ဘယ်တော့အောင်မှာလဲတို့ဆိုတဲ့ ပုံစံမျိုးနဲ့စာရင် ကျတော်တို့ကို အများကြီးပံ့ပိုးနေတာကို အရမ်းကျေးဇူးတင်ပြီး အတူတူတိုက်ပွဲဝင်သွားမယ်ဆိုတဲ့အကြောင်း ပြောချင်ပါတယ်။ ကျတော်တို့ အတူတူတိုက်ပွဲဝင်ကြမယ်လေ၊ အခုလဲ အတူတူတိုက်ပွဲဝင်နေကြတာဘဲလေ ပြည်သူတွေနဲ့ ကျတော်တို့ ပူးပေါင်းပြီးတော့၊ ဘာဖြစ်လို့လဲဆိုရင် သူတို့လက်ထဲရောက်သွားရင် အသက်သေဖို့ဘဲရှိတယ်၊ အဲဒီတော့ အသက်သေမဲ့အတူတူ ဒီကောင်တွေကိုတိုက်ပြီး သေမယ်ဆိုတဲ့စိတ်မျိုး အားလုံးမှာ ထားစေချင်တယ်၊ ဒါကျတော်တို့ PDF ရယ် EAO ရယ် NUG ရယ်မှ မဟုတ်ဘဲနဲ့ ပြည်သူလူထုအားလုံး ကျတော်တို့ PDF ဆိုတာလဲ ပြည်သူလူထုအားလုံးရဲ့ PDF ပါဘဲ၊ အကုန်လုံးလည်း ပါဝင်စေချင်တယ်၊ တိုက်ပွဲကလဲ အောင်တော့မယ်ဆိုတာ ပြောချင်ပါတယ်”
“ ပြည်သူတွေကျွေးတဲ့ ထမင်း ဟင်းတွေကို ကျတော်တို့စားနေတာဘဲ ပြည်သူတွေရဲ့မေတ္တာတွေ ကျတော်တို့ ရနေတာဘဲ၊ ပြည်သူတွေရဲ့မေတ္တာကြောင့် ကျတော်တို့ ဘေးမသီရန်မခ နေလို့ရတယ်၊ နောက်ပြီး တနိုင်ငံလုံးရဲ့မေတ္တာရထားတယ် အဲဒီအတွက် တော်လှန်ရေး အောင်ကိုအောင်ရမယ်ဆိုတာ ကျတော်တို့ ယုံကြည်တယ်၊ ပြည်သူနဲ့ ကျတော်တို့ရဲ့ မေတ္တာတွေကြောင့် စစ်ကောင်စီကို ကျတော်တို့ နိုင်ကိုနိုင်ရမယ်၊ အရေးတော်ပုံ အောင်တော့မှာပါ”
သူ့အနေနဲ့ကတော့ တော်လှန်ရေးကြီးပြီးသွားပြီဆိုရင် သူမြတ်နိုးတဲ့ တယောပညာနဲ့ ဘဝကို ဆက်လက်ရပ်တည်သွားမှာဖြစ်သလို သူတတ်ထားတဲ့ပညာကိုလဲ လူငယ်တွေကို မျှဝေသွားမယ်လို့ ကိုအောင်သွေးက ဆိုပါတယ်။ တော်လှန်ရေးမှာပါဝင်ကြသူတွေအားလုံးရဲ့ တူညီတဲ့စိတ်ဓါတ်တခုကတော့ မိမိတို့တိုင်းသူပြည်သားတွေ အာဏာရှင်လက်အောက်က လွတ်မြောက်ပြီး အေးချမ်းသာယာတဲ့ဘဝတွေကို အမြန်ဆုံးပိုင်ဆိုင်နိုင်ဖို့ နဲ့ ကိုယ်တတ်တဲ့ပညာနဲ့ တိုင်းပြည်ထူထောင်ရေးမှာ တဖက်တလမ်းက ပါဝင်လိုကြတာကို တွေ့မြင်ကြားသိနေရပါတယ်။