လွှတ်တော်သစ်မစခင် လက်ရှိလွှတ်တော်ကို နောက်ဆုံးအကြိမ် ခေါ်ယူပေးဖို့ USDP မျှော်လင့်

အနိုင်ရကိုယ်စားလှယ်တွေပါဝင်မယ့် လွှတ်တော်သစ် ခေါ်ယူဖို့ တရားဝင် ကြေညာထားပြီးဖြစ်ပေမယ့် လက်ရှိလွှတ်တော်ကို နောက်ဆုံးအကြိမ် ခေါ်ယူပိတ်သိမ်းတာ မလုပ်ဘူးဆိုရင် လက်ရှိလွှတ်တော်ဟာ အဓိပ္ပာယ်မဲ့သလို ဖြစ်သွားမယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တစ်ချို့က ထောက်ပြ ဝေဖန်လိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ၂၀၂၀ သြဂုတ် ၂၈ ရက်နေ့က ကျင်းပစဉ် Photo: Pyidaungsu Hluttaw

ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်မယ့် တတိယအကြိမ် လွှတ်တော်သစ်ကို လာမယ့်နှစ် ဖေဖော်ဝါရီ ပထမပတ်ထဲမှာကျင်းပဖို့ လျာထားတဲ့အတွက်၊ လက်ရှိလွှတ်တော် ကိုယ်စားလှယ် တွေပါဝင်တဲ့ ဒုတိယအကြိမ်လွှတ်တော် နောက်ဆုံးပိတ်အစည်းအဝေးကို ခေါ်ယူဖို့ ဖြစ်နိုင်ချေ နည်းနေတယ် လို့ လွှတ်တော်စောင့်ကြည့်လေ့လာရေးအဖွဲ့တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက သမ္မတကိုယ်တိုင် လွှတ်တော်အမတ်တွေကို နှုတ်ဆက်ပြိး ပိတ်သိမ်း ခဲ့တာမို့၊ အခုလက်ရှိ လွှတ်တော်ပိတ်သိမ်းတဲ့ လုပ်ငန်းတွေကို ပြီးပြတ်အောင်မလုပ်ဘူးဆိုရင် အဓိပ္ပာယ်မဲ့တဲ့ လွှတ်တော် ဖြစ်သွားမယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လက်ရှိ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေး က ပြောပါတယ်။

"လွှတ်တော်ကြီး တစ်ခုလုံးကတော့ ဒီလိုတော့ပြီးသွားလို့မရဘူး ထင်တယ်လေ၊ သူရဲ့ လုပ်ထုံးလုပ်နည်း အရတော့ အရင် ၂၀၁၅ တုန်းက မှတ်မိတာတော့ သမ္မတ ကိုယ်တိုင်ပါ လာပြီးတော့ ဒါအစိုးရတစ်ရပ်ရဲ့ လုပ်ငန်းလုပ်ဆောင်ချက် ငါးနှစ်တာကာလအတွင်း အခြေအနေတွေ သူပြောပြီးတော့ ဒီကိုယ်စားလှယ်တွေ ကို နှုတ်ဆက်တာရှိတယ်၊ နောက်သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌတွေ၊ နာယကတွေကလည်းပဲ ဒီလွှတ်တော်ပိတ်သိမ်းတဲ့ကိစ္စကို ပြီးပြတ်အောင် ဆောင်ရွက်တာရှိတယ်၊ အဲဒါတွေ မရှိဘဲနဲ့တော့ မပိတ်သိမ်းလောက်ဘူးထင်တယ်၊ ဘာကြောင့်လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖွဲ့စည်းဆောင်ရွက် ထားတဲ့ ဒီလွှတ်တော်ကြီးဟာ အဓိပ္ပာယ်မဲ့သလို ဖြစ်သွားမှာပေါ့။"

လက်ရှိ ဒုတိယအကြိမ်လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးခွန်းတွေ၊ အဆိုတွေကို အပြီးအပြတ်ဆွေးနွေးဖို့ ကျန်နေသေးတယ်လို့လည်း ဦးသောင်းအေးက ဆက်ပြောပါတယ်။

လက်ရှိ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းက လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့မှာ ကုန်ဆုံးမှာ ဖြစ်ပြီး၊ မူလလွှတ်တော်အစီအစဉ်မှာ လာမယ့် ဇန်နဝါရီလအတွင်း နောက်ဆုံးအကြိမ် လွှတ်တော်ခေါ်ယူဖို့ လျာထားပြီးသားဖြစ်ပါတယ်။

ဒါပေမဲ့ အခု ဒီဇင်ဘာလလယ်ထိ လက်ရှိ ဒုတိယအကြိမ် လွှတ်‌တော်သက်တမ်းအတွက် နောက်ဆုံးပိတ် အစည်းအဝေးကို ခေါ်ယူကျင်းပမယ့် အရိပ်အယောင် မတွေ့ရသေးပါဘူး။

အမျိုးသားလွှတ်တော် အမြဲတမ်းအတွင်းဝန် ဦးလွင်ဦး ကတော့ “ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲအပြီး သိပ်မကြာခင်မှာပဲ ပထမအကြိမ် လွှတ်တော်ဟောင်းကို အမြန်ဆုံးခေါ်ယူခဲ့တာက၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှမ်းမိုးတဲ့ လွှတ်တော်ဟောင်းကနေ ရွေးကောက်ပွဲအနိုင်ရ NLD လွှမ်းမိုးတဲ့ လွှတ်တော်သစ်ကို လုပ်ငန်းတာဝန်တွေ လွှဲပြောင်းဖို့ရှိတာကြောင့်ဖြစ်တယ်” လို့ RFA ကို ပြောပါတယ်။

‌"ခေါ်ဖို့အစီအစဉ်ကတော့ လောလောဆယ်မရှိသေးဘူး၊ ကိုဗစ်လည်း ရှိတယ်လေဗျာ၊ အဓိကကတော့ ကိုဗစ်ပေါ့၊ ပထမတစ်ကြိမ် စတုန်းကလည်း ဒီလိုပဲ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ခေါ်ခဲ့တာပဲ၊ ဒုတိယအကြိမ် လည်း အလားတူပဲလေ၊ ဒုတိယအကြိမ်ကတော့ လွှတ်တော်အသစ်တွေ၊ အဟောင်းတွေ၊ ဘာတွေ ညာတွေ သူ့ဘာသာရှုပ်ကြတာပေါ့၊ အခုဟာကတော့ ရှုပ်စရာမှ မရှိတာ။"

လာမယ့် တတိယအကြိမ် လွှတ်တော်သစ်မှာတော့ အဲဒီလိုလွှဲပြောင်းဖို့ မလိုတဲ့အပြင်၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စိုးရိမ်ရတဲ့ကာလဖြစ်လို့ အခုချိန်ထိ လွှတ်တော်ခေါ်ဖို့ အစီအစဉ် မရှိသေးဘူးလို့ ဦးလွင်ဦးက ပြောခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၄) ပုဒ်မ (၇၉) မှာတော့ ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးကို တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် ကျင်းပပေးရမယ်လို့သာ ဖော်ပြထားပါတယ်။

လွှတ်တော် စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကလည်း လွှတ်တော်ခေါ်ယူရေးနဲ့ ပတ်သက်ရင် အပြီးအပြတ် ဆုံးဖြတ်နိုင်တဲ့ အခွင့်အာဏာဟာ လွှတ်တော်ဥက္ကဋ္ဌတွေမှာပဲ ရှိပြီး၊ ဘယ်အချိန်မှာ လွှတ်တော် ပိတ်သိမ်းတဲ့ အစည်းအဝေးမျိုး မဖြစ်မနေလုပ်ရမယ်ဆိုတဲ့ ဥပဒေပြဌာန်းချက် မရှိဘူးလို့ ပြောပါတယ်။

ဒါပေမဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ဦးရေ လေးပုံတစ်ပုံက လက်မှတ်ရေးထိုး တောင်းဆိုရင်တော့ လွှတ်တော်ခေါ်ယူပေးဖို့ ဥပဒေမှာ ပြဌာန်းထားတယ်လို့ လွှတ်တော်အစည်းအဝေးတွေကို စောင့်ကြည့်လေ့လာ နေတဲ့ ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့က ဦးအေးကျော် က ပြောပါတယ်။

"လွှတ်တော်ကိုယ်စားလှယ်တွေမှာ အဲလို ဆွေးနွေးချင်တာတွေ၊ မေးခွန်း မေးချင်တာတွေ၊ လွှတ်တော်ကို တင်ပြချင်တာတွေ ရှိကောင်းရှိနေနိုင်တာပေါ့နော်၊ အဲတော့ အဲလို လွှတ်တော်ကိုယ်စားလှယ်တွေမှာ သူတို့မှာလည်း လွှတ်တော်ခေါ်ယူခွင့် အခွင့်အာဏာတော့ ရှိတယ်ဗျ၊ ပြည်ထောင်စုလွှတ်တော်မှာ ဆိုရင်ပေါ့နော်၊ လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ စုစုပေါင်းရဲ့ လေးပုံတစ်ပုံက လွှတ်တော်ခေါ်ပေးဖို့ တောင်းဆိုရင် ဒါက ခေါ်ပေးရတာမျိုးရှိတယ်ဗျ၊ အဲတော့ သူတို့အနေနဲ့ ဆန္ဒရှိရင်တော့ အဲဒီလို လုပ်လို့ရတာတော့ တွေ့ရပါတယ်။"

ကိုယ်စားလှယ်ဦးရေ လေးပုံတစ်ပုံက လွှတ်တော်ခေါ်ယူရေး လက်မှတ်ရေးထိုးတောင်းဆိုဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှာ အစီအစဉ် ရှိ၊ မရှိဆိုတာကတော့ အခြေအနေကို ယတိပြတ် မသိရသေးလို့ မှတ်ချက် မပေးနိုင် သေးဘူးလို့ ဦးသောင်းအေးက ပြောပါတယ်။

အခု ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က လွတ်လွတ်ကျွတ်ကျွတ် အစိုးရ ဖွဲ့ နိုင်လောက်တဲ့ ကိုယ်စားလှယ်ဦးရေ ၅၀% ကျော်ထက် အများကြီးသာလွန်ပြီး အနိုင်ရထားပါတယ်။

NLD ပါတီက လက်ရှိ “ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီ” အတွင်းရေးမှူး ဒေါက်တာ လှမိုး ကတော့ အရေးကြီးတဲ့ ကိစ္စတွေရှိရင် လွှတ်တော် ခေါ်နိုင်တယ်၊ အရေးမကြီးဘူးဆိုရင်တော့ လာမယ့် ဖေဖော်ဝါရီလ ပထမပတ်ကျမှသာ တတိယအကြိမ် လွှတ်တော်သစ်ကို တစ်ခါတည်း ခေါ်ယူ သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

"ဒီအတိုင်းဆိုရင်တော့ ပြောလို့ရနိုင်တဲ့ အခြေအနေရှိပါတယ်၊ ဘာကြောင့်လဲဆိုတော့ လွှတ်တော်တစ်ခု ခေါ်မယ်ဆိုရင် ၂၁ ရက်ကြိုခေါ်ရတယ် ဒီနေ့ဆိုရင် ဘယ်နှစ်ရက်ရှိသွားပြီလဲ၊ ၂၁ ရက်ကြိုခေါ်မယ်ဆိုရင် ဒီဇင်ဘာလကုန် ဖြစ်ရမှာပေါ့၊ ဒီဇင်ဘာလကုန် ဖြစ်မယ်ဆိုရင်လည်း ရှေ့မှာပြန်ကြည့်လိုက်မယ်ဆိုရင် လွတ်လပ်ရေး ရုံးပိတ်ရက်နဲ့ ဘာနဲ့ဆိုတော့ မဖြစ်နိုင်ပြန်ဘူး၊ အဲဒီနောက်ပိုင်း ပြန်ခေါ်ပြန်မယ်ဆိုရင်လည်း ဟိုဘက် လွှတ်တော်အသစ်နဲ့ တော်တော်ကပ်သွားပြီလေ။"

တည်ဆဲလွှတ်တော်ဥပဒေတွေအရ ရွေးကောက်ပွဲအပြီး ရက်ပေါင်း ၉၀ အတွင်းမှာ လွှတ်တော်သစ်ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို ခေါ်ယူကျင်းပရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး လာမယ့် တတိယအကြိမ် လွှတ်တော်ကို တက်ရောက်ဖို့ ပြင်ဆင်နေတဲ့ တိုင်းရင်းသားပါတီ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ လာမယ့် လွှတ်တော်သစ်မှာ တိုင်းရင်းသား အခွင့်အရေးတွေ ပိုမိုရရှိဖို့ မျှော်လင့်နေကြပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် အနိုင်ရခဲ့တဲ့ ဦးအောင်မြကျော် က NLD ကိုယ်စားလှယ်တွေလွှမ်းမိုးတဲ့ ပြီးခဲ့တဲ့အကြိမ် လွှတ်တော်မှာ တိုင်းရင်းသား အခွင့်အရေး မျှော်မှန်းသလောက် မရခဲ့ဘူးလို့ ပြောပါတယ်။

"ဒီ ငါးနှစ်တာအတောအတွင်းမှာ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး ပြောမယ်ဆိုရင် တော်တော်ကို လက်ခံနိုင်တဲ့အတိုင်းအတာ ပြောမယ်ဆိုရင် မျှော်လင့်ထားတဲ့ အပိုင်းအထိတော့ ရခဲ့တာ ကျနော်တို့ မတွေ့ရဘူး။ ခုတစ်ခေါက်လည်း သူတို့က Landslide ( အများစု) နိုင်ထားတယ်ဆိုတော့ တော်တော်တော့ တိုင်းရင်းသားတွေ အခွင့်အရေး တိုင်းရင်းသားတွေ ရပိုင်ခွင့်ပိုင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးမယ်၊ ပြုမယ်ဆိုရင် အခက်အခဲကတော့ အများကြီးရှိမယ်လို့ မျှော်လင့်ထားပါတယ်။"

ရခိုင်အမျိုးသားပါတီ ANP က ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် ၄ နေရာ၊ ပြည်သူ့လွှတ်တော်မှာ ၄ နေရာ၊ စုစုပေါင်း ၈ နေရာ အနိုင်ရထားပါတယ်။

ကယားပြည်နယ် ရှားတောမြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက် အနိုင်ရခဲ့တဲ့ ကယားပြည်နယ် ဒီမိုကရက် တစ်ပါတီက မော်မိုးမြာ ကလည်း တိုင်းရင်းသားအခွင့်အရေးတွေ ရရှိဖို့ လွှတ်တော်သစ်မှာ တောင်းဆို တင်ပြသွားမယ်လို့ ပြောပါတယ်။

"ကျမရဲ့ ရွေးကောက်ပွဲဝင်ရတဲ့ အဓိက အကြောင်းအရင်းထဲမှာ ကျမတို့ တိုင်းရင်းသားအခွင့်အရးတွေ ပြန်လည်ရရှိရေး ကိစ္စတွေအတွက် ဆောင်ရွက်သွားဖို့ဆိုတာ ပါပါတယ်ပေါ့နော်၊ ကျမတို့ တိုင်းရင်းသား တွေက တရားမမျှတမှုလေးတွေ၊ အခွင့်အရေးဆုံးရှုံးခဲ့တာတွေ နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီးပြီပေါ့နော်၊ အဲဒီမှာ ကျမတို့ ဒေသတွေရဲ့ အခွင့်အရေး ရပိုင်ခွင့်ကိစ္စတွေ၊ မြေယာကိစ္စတွေ၊ ပြီးတော့ ကျမတို့ တိုင်းရင်းသား ရိုးရာဓလေ့၊ တိုင်းရင်းသားဘာသာ သင်ကြားခွင့်ကိစ္စမျိုးတွေ နောက် ပြင်ပမဟုတ်ဘဲ ကျောင်းချိန်အတွင်းမှာ ကျမတို့ ဘာသာ သင်ကြားခွင့်တွေအတွက် တောင်းဆိုသွားမှာဖြစ်ပါတယ်။"

လာမယ့်နှစ် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် လွှတ်တော်သစ်မှာ လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်တာ၊ လွှတ်တော် ကော်မတီတွေ ဖွဲ့စည်းတာတွေအပါအဝင်၊ နိုင်ငံတော် သမ္မတ ရွေးချယ်တင်မြှောက်တဲ့ ကိစ္စ၊ အစိုးရ ဖွဲ့စည်းမယ့် ကိစ္စတွေကို ဆောင်ရွက်သွားမှာဖြစ်ပြီး ၂၀၂၁၊ ဧပြီ ၁ ရက်နေ့မှာ အစိုးရသစ်က တာဝန်စတင် ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org