မြန်မာ့တပ်မတော်နဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ ဆွေးနွေး

မြန်မာ့တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ဘယ်လိုအရေးယူဆောင်ရွက်သင့်လဲဆိုတဲ့အကြောင်း ကုလလုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေဖြစ်တဲ့ ဂျာမဏီ၊ ပီရူးနဲ့ ကူဝိတ်နိုင်ငံတို့ ကမကထပြုလုပ်ပြီး အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်တွေက မြန်မာ့ အရေး ဆောင်ရွက်နေတဲ့ နိုင်ငံတကာ NGO တွေနဲ့အတူ နယူးယောက်က ကုလသမဂ္ဂရုံးချုပ်မှာ မနေ့ နေ့လယ်က ဆွေးနွေးကြပါတယ်။

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂရုံးမှာ ၂ဝ၁၉ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရတဲ့ FFM အဖွဲ့ဝင် ရာဒီကာကုမာရဆွာမိ။ Screen shot: UN Web TV

မြန်မာ့တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ဘယ်လိုအရေး ယူဆောင်ရွက်သင့်လဲ ဆိုတဲ့အကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေဖြစ်တဲ့ ဂျာမဏီ၊ ပီရူးနဲ့ ကူဝိတ်နိုင်ငံတို့ ကမကထပြုလုပ်ပြီး အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်တွေက မြန်မာ့အရေး ဆောင်ရွက်နေတဲ့ နိုင်ငံတကာ NGO တွေနဲ့အတူ နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ မနေ့ နေ့လယ်က ဆွေးနွေးကြပါတယ်။

မြန်မာနိုင်ငံမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ မြန်မာ့တပ်မတော်က အကြမ်းဖက်ထားတာတွေ၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာကျူးလွန်ထားတာတွေ အပါအဝင် အပြည်ပြည်ဆိုင်ရာ ဥပဒေတွေချိုးဖောက်ထား တဲ့ဖြစ်ရပ်တွေကို မြန်မာနိုင်ငံထဲမှာ အရေးယူလို့မရတဲ့ အခြေအနေဖြစ်နေတဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ဘယ်လိုအရေးနိုင်မလဲဆိုတာ အလွတ်သဘောဆွေးနွေးကြတာလို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် FFM အဖွဲ့ဝင် ကုမာရဆွာမိ၊ ပြည်ပရောက် ရိုဟင်ဂျာ တစ်ဦးဖြစ်တဲ့ ဒေါက်တာဝါကာအူဒင်နဲ့ အခြားအရပ်ဖက်က ပုဂ္ဂိုလ်တချို့က မြန်မာနိုင်ငံထဲမှာ တပ်မတော်က ကျူးလွန်ထားတဲ့ဖြစ်ရပ်တွေကို သက်သေအနေနဲ့ ပြောဆိုကြပါတယ်။

တရုတ်နဲ့ ရုရှားနိုင်ငံတို့ရဲ့ ကိုယ်စားလှယ်တွေကတော့ မြန်မာ့တပ်မတော်အနေနဲ့ အမှန်တကယ် ကျူးလွန်တာတွေ ရှိရင် ဥပဒေအရဖြေရှင်းရမှာဖြစ်ပေမယ့် FFM မစ်ရှင်အဖွဲ့ရဲ့အစီရင်ခံစာကို လက်မခံတဲ့အကြောင်း ပြောဆိုတယ်လို့ ဆွေးနွေးပွဲတက်ရောက်သူတစ်ဦးက ပြောပါတယ်။

ဆွေးနွေးပွဲကို မြန်မာအစိုးရကဖွဲ့ထားတဲ့ မစ္စ ရိုဆာရီယိုမယ်နာလို ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အရေးဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းရေးကော်မရှင်ကို ဖိတ်ထားပေမယ့်၊ မရောက်လာသလို၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ် အဖွဲ့ထဲကလည်း တစ်ယောက်မှမတက်ကြဘူးလို့ သိရပါတယ်။

အခုလို မြန်မာ့တပ်မတော်ရဲ့ ကျူးလွန်မှုတွေနဲ့ပတ်သက်လို့ တာဝန်ခံမှု၊ တာဝန်ယူမှု၊ တရားမျှတမှုတွေ ရဖို့အတွက် ဆိုရင် မြန်မာနိုင်ငံထဲမှာ ထိထိရောက်ရောက် အရေးမယူနိုင်တဲ့ အခြေအနေမှာရှိတဲ့အတွက်၊ နိုင်ငံတကာရာဇဝတ် ခုံရုံး ICC အနေနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်အောင် လုံခြုံရေးကောင်စီက လွှဲပေးဖို့ ပိုလန်နိုင်ငံကိုယ်စားလှယ်က ဆွေးနွေးတယ်လို့ သိရပါတယ်။

တကယ်လို့ လုံခြုံရေးကောင်စီက လွှဲမပေးနိုင်ရင်လည်း အထွေထွေညီလာခံရဲ့ လုပ်ပိုင်ခွင့်ကနေ ဆက်လက်အရေး ယူနိုင်မယ့် လုပ်ငန်းစဉ်ပေါ်ပေါက်လာအောင် ဆောင်ရွက်နိုင်မလားဆိုတာကိုလည်း ထည့်သွင်းဆွေးနွေးကြတယ်လို့ သိရပါတယ်။ အဲဒီအပြင် မြန်မာ့တပ်မတော်က အခုလို လုပ်နိုင်နေဖို့အတွက် ထောက်ပံ့ကူညီနေတဲ့ စီးပွားရေး သမားတွေကိုလည်း ဘယ်လိုအရေးယူမလဲဆိုတာ ထောက်ပြဆွေးနွေးကြပါတယ်။ နောက်ပိုင်းမှာလည်း လုံခြုံရေးကောင်စီဝင်နိုင်ငံတွေ ဆက်လက်ဆွေးနွေးကြဖို့ရှိတယ်လို့ သိရပါတယ်ခင်ဗျာ။

(RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြသည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org